တောင်တွင်းကြီးမြို့နယ်မှာ ကိုဗစ်လူနာများလာလို့ Stay at Home ထုတ်ပြန်လိုက်ရပြီ

7-11-2020-yyl-017.jpg

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းမှာ ဒေသတွင်းကူးစက်သူ ကိုဗစ်ဓာတ်ခွဲအတည်ပြု လူနာတွေ အချိန်တိုကာလအတွင်း များပြားလာတဲ့အတွက် မြို့နယ်အတွင်းနေထိုင်သူပြည်သူတွေကို မိမိအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဥ◌်မှာအကျုံးဝင်ကြောင်း ကြေညာလိုက်ပါတယ်။

”ဒီဇင်ဘာလအတွင်းမှာ နည်းနည်းများလာတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ကနေတွေ့လိုက်တဲ့ဟာက အခုဆိုရင် ၁၈ ဦးအထိ ရှိနေပါပြီ။ ဒါကြောင့်မို့ Stay at Home ကြေညာလိုက်ရတာဖြစ်ပါတယ်”လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်မာက ရိုးရာလေးကို ပြောပါတယ်။

ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ဖို့အတွက် ထုတ်ပြန်လိုက်ရတာဖြစ်ပြီးတော့ အဲဒီထုတ်ပြန်ချက်အရ မြို့ပေါ်ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်မှာနေထိုင်တဲ့ပြည်သူတွေဟာ ဒီဇင်ဘာ ၈ ရက်ကနေ ၁၄ ရက်အထိ Stay at Home အစီအစဥ◌်မှာ အကျုံးဝင်သွားပြီ ဖြစ်ပါတယ်။

”ကျွန်တော်တို့ကတော့ အခုလိုထုတ်ပြန်တာကို ကြိုဆိုပါတယ်။ ထုတ်ပြန်တာ နောက်ကျတယ်လို့တောင် ပြောလို့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ကတည်းက ထုတ်ပြန်သင့်တာ”လို့ တောင်တွင်းမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်ကျော်က ရိုးရာလေးကို ပြောပါတယ်။

အခုလိုထုတ်ပြန်လိုက်တဲ့အတွက် အဖွဲ့အစည်း၊ ကုမ္ပဏီတွေအနေနဲ့ အိမ်ကနေလုပ်ငန်းဆောင်ရွက်ဖို့၊ မဖြစ် မနေဈေးဝယ်ထွက်ရင်လည်း (၁)ဦးသာသွားရောက်ဖို့၊ ဆေးရုံ၊ ဆေးခန်းကိုလည်း တစ်အိမ်မှာ (၂)ဦးသာ သွားရောက်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ အပြင်ထွက်ရင်လည်း Mask တပ်ဆင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၁၂၇ ဦးအထိ တွေ့ရှိထားတဲ့အနက် ၁၀၆ ဦးက တော့ ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်တဲ့အတွက် လူနာ ၂၁ ဦးသာ ဆက်လက်တက်ရောက်ကုသနေရဆဲဖြစ်တယ်လို့ ဒေါက်တာကြည်ကြည်မာက ဆိုပါတယ်။

လက်ရှိမှာ ကိုဗစ်အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိသူတွေကိုထားရှိဖို့အတွက် Facility Quarantine စင်တာ ၃၀ ကျော် ပြင်ဆင်ထားရှိဆောင်ရွက်နေတာဖြစ်တဲ့အပြင် ရောဂါပြင်းထန်သူတွေအတွက်လည်း ICU ခုတင်(၆)ခုစာ အသင့်ပြင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo – Aung Kyaw Kyaw
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top