အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေ စတင်ဖို့ သမ္မတဒေါ်နယ်ထရမ့် လက်ခံ

24-11-2020-yyl-014.jpg

သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့တယ်ဆိုတဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်အတွက် အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ဖို့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က လက်ခံလိုက်ပါပြီ။ အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေကို ကြီးကြပ်ကွပ်ကဲရတဲ့ ပြည်ထောင်စုအေဂျင်စီ General Services Administration (GSA) က လုပ်စရာရှိတဲ့အလုပ်တွေ လုပ်ရမယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ ရွေးကောက်ပွဲရှုံးနိမ့်မှုကို ဆက်လက်ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒင်ကို သမ္မတရွေးကောက်ပွဲ အနိုင်ရဖွယ်ရှိသူအဖြစ် အသိအမှတ်ပြုတယ်လို့ GSA က ပြောပါတယ်။

မစ်ချီဂန်ပြည်နယ်မှာ ဂျိုးဘိုင်ဒင်ရဲ့ အနိုင်ရရှိမှုကို တရားဝင် အသိအမှတ်ပြုခဲ့ပြီးနောက်မှာ GSA က အဲဒီလိုပြောခဲ့တာပါ။ GSA ရဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့အညီ၊ အမျိုးသားလုံခြုံရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားတဲ့အတိုင်း ဂျိုးဘိုင်ဒင်ရဲ့အဖွဲ့ကို ပရော်ဖက်ရှင်နယ်ဆန်ဆန်၊ စနစ်တကျ၊ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးသွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ အာဏာလွှဲပြောင်းရေးဝက်ဘ်ဆိုက်ကိုလည်း အမေရိကန်အစိုးရရဲ့ ဒိုမိန်းထဲကို ပြောင်းလဲထည့်သွင်းခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့အဖွဲ့ကတော့ ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရေးကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် စတင်မှုကို ကြိုဆိုခဲ့ပါတယ်။ အစောပိုင်းမှာ ဂျိုးဘိုင်ဒင်က အိုဘားမားအစိုးရလက်ထက်တုန်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့ပါတယ်။ အန်သိုနီဘလင်ကန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်မှာဖြစ်ပြီး ဂျွန်ကယ်ရီကိုတော့ ရာသီဥတုသံတမန်အဖြစ် ခန့်အပ်မှာပါ။ ဂျာနက်ယယ်လင်ကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဘဏ္ဍာရေးဝန်ကြီး ဖြစ်လာဖို့ ထင်ကြေးပေးခံနေရပါတယ်။ ရွေးကောက်ခံသမ္မတအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၆.၃ သန်း တည်ထောင်ထားတယ်လို့ GSA အဖွဲ့ရဲ့ အုပ်ချုပ်ရေးမှူး အမ်မလီမာဖီက ပြောပါတယ်။

” ကျွန်တော်တို့ကိစ္စကို အားသွန်ခွန်စိုက် ဆက်လုပ်ပြီး အကြိတ်အနယ်ရင်ဆိုင်သွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးကို ရှေးရှုပြီး အမ်မလီမာဖီနဲ့ သူ့အသင်းက ကနဦးလုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်စရာရှိတာတွေ လုပ်ဖို့ ကျွန်တော် အကြံပြုပါတယ်။ ကျွန်တော့်အဖွဲ့ကိုလည်း လုပ်စရာရှိတာလုပ်ဖို့ ပြောထားပါတယ်”လို့ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

Ref: BBC ” Trump accepts transition to Biden must begin”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top