တစ်ဦးမေတ္တာ၊ တစ်ဦးစေတနာဆိုတဲ့ ဖြစ်ရပ်လေး

20.12.23-yyl-6.jpg

မြန်မာဆိုရိုးစကားတစ်ခုမြန်မာဆိုရိုးစကားတစ်ခု ရှိတယ်။ တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာတဲ့။ ဒီဖြစ်ရပ်က အဲဒီဆိုရိုစကားနဲ့ ကွက်တိပါပဲ။

ခရစ္စတယ်ဟာ ခြေထောက်ကို ရေမြွှာတစ်သျှူးမျှင် ငြိတွယ်ပြီး မွေးဖွားလာတဲ့ အခြေအနေကြောင့် ငယ်ငယ်ကတည်းက မကြာခဏ ဆေးရုံတက်ရသူပါ။ သူ့အဖေကလည်း အလုပ်ချိန် များလွန်းတဲ့ အောက်ခြေဝန်ထမ်းတစ်ယောက်ဖြစ်လို့ မိုင် ၁၇၀ ခရီးနှင်ပြီး ဆေးရုံ လိုက်ပို့ဖို့ မအားလပ်တာကြောင့် သူတို့မိသားစု အခက်ကြုံခဲ့ရပါတယ်။

အဲဒီအချိန်မှာ ပရဟိတယာဥ်မောင်းတစ်ဦးဖြစ်တဲ့ ဒေ့ဗ်ပိုလင်က ခရစ္စတယ်လေးကို ကူညီပေးခဲ့ပြီး စိန့်လူးဝစ်မြို့ဆေးရုံကို လိုက်ပို့ခဲ့ပါတယ်။ ခရစ္စတယ်က အင်ဒီယားနားပြည်နယ်၊ ဆိုမာဗီးလ်မြို့မှာ နေထိုင်သူပါ။ ဆေးရုံနဲ့ အိမ် အသွားအပြန်ခရီးက ၆ နာရီကြာပါတယ်။

ဒေ့ဗ်ပိုလင်က ခရစ္စတယ်ကို ဆေးရုံလိုက်ပို့တာ ၁၀ ခေါက်ကျော် ရှိပြီး သူတို့ကြားရင်းနှီးမှု၊ သံယောဇဥ်ကလည်း ပိုခိုင်မြဲလာခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ ရင်းနှီးလာတာကြောင့် ခရစ္စတယ်ရဲ့ မင်္ဂလာဆောင်မှာလည်း ဒေ့ဗ်က အထူးဧည့်သည်တစ်ယောက်အဖြစ် တက်ရောက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဒေ့ဗ် နာမကျန်းဖြစ်လို့ ဆရာဝန် သွားပြတဲ့အခါ ကျောက်ကပ်ပျက်စီးနေကြောင်း သိခဲ့ရပါတယ်။ ကျောက်ကပ်အစားထိုး ခွဲစိတ်မှုမလုပ်နိုင်ရင် လက်ကျန်ဘဝတစ်လျှောက်လုံး ကျောက်ကပ်ဆေးဖို့ လိုလိမ့်မယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒါပေမဲ့ အစားထိုးခွဲစိတ်ဖို့ တူညီတဲ့ ကျောက်ကပ်ရဖို့ဆိုတာလည်း ၅ နှစ်လောက် စောင့်ရမယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပါတယ်။

တစ်ရက်မှာတော့ ခရစ္စတယ်ရဲ့ အမျိုးသား အသည်းအစားထိုး ခွဲစိတ်မှုလုပ်ရလို့ ဒေ့ဗ်က ခရစ္စတယ်ကို သတင်းလှမ်းမေးရင်း သူလည်း ကျောက်ကပ် အစားထိုး ခွဲစိတ်မှုလုပ်ဖို့ လိုနေတဲ့အကြောင်း ပြောမိခဲ့ပါတယ်။

ဒေ့ဗ်က အဲဒီလို ပြောလိုက်ချိန်မှာပဲ ခရစ္စတယ်က ဒေ့ဗ်အတွက် ကျောက်ကပ်လှူပေးမယ်လို့ မဆိုင်းမတွ ကမ်းလှမ်းခဲ့ပါတယ်။ ဒေ့ဗ်က ငြင်းပေမဲ့ ခရစ္စတယ်က လက်မခံပါဘူး။ သူတို့က သွေးအမျိုးအစား တူညီသူတွေပါ။

တစ်နှစ်ကြာ ကျောက်ကပ်ဆေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ မေလမှာတော့ ဒေ့ဗ်က ခရစ္စတယ်ရဲ့ ကျောက်ကပ်လှူဒါန်းမှုကို လက်ခံခဲ့ပါတယ်။ သူ ငယ်စဥ်ကလေးဘဝမှာ ခြေထောက်မဖြတ်ရအောင် ကူညီပေးခဲ့ဖူးတဲ့ ကျေးဇူးရှင်ကို ခရစ္စတယ်က ကျောက်ကပ်ပြန်လှူပြီး ကျေးဇူးဆပ်ခဲ့တာပါ။ တစ်ဦးမေတ္တာ၊ တစ်ဦးစေတနာဆိုသလိုပါပဲ။

” ကျွန်မ ငယ်ငယ်ကတည်းက ဒေ့ဗ်ကို မေးဖူးတယ်။ လူတွေအပေါ် ဦးက ဘာလို့ ဒီလောက် ကြင်နာတာလဲ။ ကူညီပေးတာလဲဆိုတဲ့အကြောင်းပေါ့။ အခုတော့ ကျွန်မ နားလည်သွားပါပြီ။ ကျွန်မ ခြေထောက်တစ်ချောင်းတည်းနဲ့ မွေးဖွားလာရင်တောင် ဒေ့ဗ်ကို ကျွန်မ ကျောက်ကပ်လှူမှာပါ” လို့ ခရစ္စတယ်က ဆိုပါတယ်။

Ref:Volunteer Hospital Driver Gets Favor Returned Decades After Becoming Friends with a 6-yo–She Gave her Kidney

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top