လန်ဒန်မြို့ အကျဉ်းထောင်မှာ မင်္ဂလာဆောင်မယ့် WikiLeaks တည်ထောင်သူ ဂျူလီယန်အဆန်

24-2-2022-yyl01.jpg

WikiLeaks တည်ထောင်သူ ဂျူလီယန်အဆန်ဟာ သူ့ရဲ့ဇနီးလောင်း စတယ်လာမိုရစ်နဲ့ လန်ဒန်မြို့ ဘယ်မာ့ရှ်အကျဉ်းထောင်မှာ လက်ထပ်ပွဲ ကျင်းပမယ်လို့ WikiLeaks မီဒီယာအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဂျူလီယန်အဆန်ဟာ စစ်ဘက်ဆိုင်ရာနဲ့ သံတမန်ရေးရာ လျှို့ဝှက်သတင်းအချက်အလက်တွေ ဖွင့်ချမှုကြောင့် အမေရိကန်နိုင်ငံမှာ သူလျှိုလုပ်မှု အက်ဥပဒေနဲ့ စွဲချက်တင်ခံခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ လုံခြုံရေးတင်းကြပ်တဲ့ လန်ဒန်မြို့အကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူပါ။ အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခြင်းမပြုရေးအတွက် ဂျူလီယန်အဆန်က နောက်ဆုံးအယူခံဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ မတ်လ ၁၅ ရက်မှာ ဗြိတိန်အထက်တရားရုံးချုပ်က အယူခံကို ခွင့်မပြုခဲ့ပါဘူး။

ဂျူလီယန်အဆန်နဲ့ စတယ်လာမိုရစ်တို့ရဲ့ လက်ထပ်ပွဲမှာ ဧည့်သည်တော် ၄ ယောက်နဲ့ အသိသက်သေ ၂ ယောက် တက်ရောက်ခွင့်ရမှာဖြစ်ပြီး လုံခြုံရေးအစောင့်အကြပ် ၂ ယောက် ချထားမှာပါ။ မင်္ဂလာပွဲကို ပုံမှန်ဧည့်တွေ့ချိန်မှာ ကျင်းပမှာဖြစ်ပေမဲ့ ဧည့်သည်တော်တွေဟာ အခမ်းအနားပြီးတာနဲ့ ချက်ချင်းပြန်လည်ထွက်ခွာရမှာပါ။

ဂျူလီယန်အဆန်နဲ့ စတယ်လာမိုရစ်တို့ရဲ့ မင်္ဂလာပွဲမှာ သတို့သား၊ သတို့သမီးဝတ်စုံကိုတော့ ဗြိတိန်ရဲ့ ထိပ်တန်းဒီဇိုင်နာ ဗီဗီယန်ဝက်စ်ဝုဒ်က ချုပ်ပေးထားတာပါ။ ဗီဗီယန်ဝက်စ်ဝုဒ်ဟာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတုန်းက ဗြိတိန်ဗဟိုတရားရုံးရှေ့မှာ ဧရာမငှက်လှောင်အိမ်ကြီးထဲ သူ့ကိုယ်သူ ချိတ်ဆွဲပြီး ဂျူလီယန်အဆန်အတွက် ဆန္ဒပြခဲ့ဖူးပါတယ်။

ဂျူလီယန်အဆန်နဲ့ စတယ်လာမိုရစ်တို့က ရင်သွေး ၂ ယောက်ရှိပါတယ်။အကျဉ်းထောင်ထဲမှာ သူတို့မင်္ဂလာပွဲ ကျင်းပနေချိန်အတွင်း ဂျူလီယန်အဆန်ကို အားပေးထောက်ခံသူတွေက အကျဉ်းထောင်ပြင်ပမှာ စုဝေးဖို့ စီစဉ်နေကြတယ်လို့ WikiLeaks မီဒီယာအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref: CNN “Wikileaks founder Julian Assange set to marry in UK prison”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top