အောင်မြင်မှုပန်းတိုင်ဆီအရောက်လှမ်းမယ့် Alex Silva ၏ခြေလှမ်းများ

image3.png

Alex Silva သည် ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများထဲမှ တစ်ဦးအဖြစ်ရပ်တည်နိုင်ခြင်းမှာ ၎င်း၏မွေးရာပါ ပါရမီကြောင့်ဟု လူအများကသတ်မှတ်ကြသည်။ စင်စစ်မှာ ဘရာဇီးကစားသမား Alex Silva ကို ၎င်း၏ ပါရမီတစ်မျိုးတည်းကသာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝရောက်အောင် တွန်းပို့ပေးနေသည်မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သူတိုင်း သိထားကြသည်။ သင်သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမားတစ်ဦးဖြစ်စေ ကျောင်းသားကျောင်းသူ (သို့မဟုတ်) စီးပွားရေးပညာရှင် တစ်ဦးဖြစ်နေသည့်တိုင် Alex Silva ၏ အလုပ်အပေါ်တာဝန်ကျေပွန်ပုံကို အတုယူသင့်ပေသည်။

အပြင်းအထန်ကြိုးစားလျှင် ဘာအရာမဆို အောင်မြင်နိုင်တယ်
ONE Championship သို့ Alex Silva ရောက်ရှိမလာခင်ကပင် ၎င်းသည် ဘရာဇီးဂျူဂျစ်ဆု အားကစားတွင် နိုင်ငံတော်အဆင့် ဆုတံဆိပ်ကိုရရှိထားသူဖြစ်သည်။ Alex Silva သည် မြေပြင်ကစားကွက်ကို ကျွမ်းကျင်စွာ ကစားနိုင်သော်လည်း ပြီးခဲ့သော ONE: BATTLE OF HEROES ပြိုင်ပွဲကြီးတွင် ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲအဖြစ် Geje Eustaquio နှင့် ယှဉ်ပြိုင်ခဲ့ရာ ဒိုင်မဲ အနည်းအများဆုံးဖြတ်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သို့သော် စိတ်ပျက်အားလျော့သွားမည့်အစား အားကစားရုံသို့ ပြန်လာကာ ဇွဲနဘဲကြီးစွာဖြင့် ၎င်း ပိုင်နိုင်ကျွမ်းကျင်ရာ မြေပြင်ကစားကွက်ကိုသာမက မတ်တပ်ရပ်ကစားကွက်ကိုပါ တိုးတက်လာစေရန် အားသွန်ခွန်စိုက်ကြိုးစားလေ့ကျင့်ခဲ့သည်။

“နေ့တိုင်း လေ့ကျင့်မှုပုံစံမျိုးစုံနဲ့ လေ့ကျင့်ဖြစ်ပါတယ်။ နပန်းသတ်တာတို့ ခြေကန်ချက်လေ့ကျင့်တာ လက်ဝှေ့ကစားတာတွေကို နေ့စဉ်လေ့ကျင့်ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ Evolve အသင်းရဲ့ လေ့ကျင့်ဖြစ်တဲ့ ပုံစံပါ။” ဟု Alex Silva က onefc.com၏ အင်တာဗျူးတစ်ခုတွင် ပြောပြခဲ့ပါသည်။ အားကစားရုံမှာကြိုးစားလေ့ကျင့်သော အချိန်နာရီတိုင်းသည် Alex Silva၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမားဘဝအတွက် အရာထင်ကျန်ခဲ့စေသည်။ အပြင်းအထန်အချိန်ပေးကြိုးစားပါက ရည်မှန်းချက်တွေ မည်မျှပင် မြင့်မားနေပါစေ အထွဋ်အထိပ်သို့ရောက်ရှိနိုင်ကြောင်း၎င်းက သက်သေပြသွားခဲ့သည်။

ဘယ်တော့မှ နောက်မဆုတ်ပါနဲ့
လူသားတိုင်းသည် ဘဝ၏ အချိုးအကွေ့တစ်နေရာတွင် ခက်ခဲသောစိန်ခေါ်မှုများနှင့် ကြုံတွေ့ရတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။
Alex Silva အတွက်မှာမူ ထိုကဲ့သို့စိန်ခေါ်မှုများကို ငယ်စဉ်ဘဝကပင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ငယ်စဉ်က Alex Silva သည် အတန်းဖော်များထက် ခန္ဓာကိုယ်သေးကွေးသူဖြစ်သောကြောင့် အမြဲလိုလို အနိုင်ကျင့်ခံခဲ့ရသည်။ သို့သော် ၎င်းသည် အနိုင့်ကျင့်မှုများကို ခေါင်းငုံ့ခံမည့်အစား သတ္တိရှိစွာ ရင်ဆိုင်တုံ့ပြန်ခဲ့သည်။

ထိုအချိန်တွင် Alex Silva အဖို့ ဘဝစိန်ခေါ်မှုများကြုံတွေ့ရလျှင် ထွက်ပြေးရှောင်တိမ်းခြင်းဖြင့် မိမိအတွက် အကျိုးထူးမည်မဟုတ်ကြောင်း နားလည်ခဲ့ရသည်။ ၎င်းကို အနိုင်ကျင့်သူများနှင့် ရင်ဆိုင်မည်ဟုဆုံးဖြတ်လိုက်ခြင်းသည် ဘရာဇီးဂျူဂျစ်ဆုလောကသို့ ဝင်ရောက်ရန် ပထမခြေလှမ်းဖြစ်စေခဲ့ကာ ထိုမှတစ်ဆင့်
၎င်း၏ဘဝ တဆစ်ချိုးပြောင်းလဲလာခဲ့ရသည်။ ကျွန်တော်တို့အားလုံးမှာ ရင်ဆိုင်ကျော်ဖြတ်ရမယ့် အတားအဆီးတွေရှိတတ်ကြသည်။ ထိုအတားအဆီးများကို အရှုံးမပေးဘဲရင်ဆိုင်မှသာ ကျွန်တော်တို့ စိတ်ဓါတ်ရေးရာရင့်ကျက်လာပြီး သင်ယူနိုင်စွမ်း မြင့်မားလာကာ စွမ်းရည်သစ်များတွေ့ရှိ၍ လုပ်နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်သည်။

အမြဲတစေသင်ယူလေ့လာပါ
သင်ဟာသင့်ရဲ့နယ်ပယ်မှာ ထိပ်တန်းရောက်နေသူဖြစ်သည့်တိုင် တိုးတက်မှုအတွက် ကြိုးစားမှုများလိုအပ်နေသေးသည်။ Alex Silva သည် ဘရာဇီးဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ နှစ်ပေါင်းများစွာ အချိန်ရောလူပါ ရင်းနှီးမြှုပ်နှံခဲ့ရသည်။ ကမ္ဘာ့ချန်ပီယံဆုကြီးကို ပိုင်ဆိုင်ပြီးချိန်တွင် ၎င်းသည် စိတ်လက်အေးစွာ အောင်မြင်မှုဆုလာဒ်ကို ခံစားနိုင်သော်လည်း Alex Silva သည် ဤနေရာတွင် ရပ်တန့်လိုက်သည်နှင့် ၎င်း မည်မျှထွန်းပေါက်နိုင်သေးသည်ကို သိရှိခွင့်ရမည်မဟုတ်ပေ။ ကျွန်တော်တို့သည် ရှေ့ဆက်လျှောက်လှမ်းနေမှသာ တိုးတက်အောင်မြင်နေမည် မဟုတ်ပါလား။

ထို့ကြောင့် ဘရာဇီးဂျူဂျစ်ဆုလောကမှ ၎င်းအလိုရှိသော အောင်မြင်မှုများကို သိမ်းပိုက်ပြီးချိန်တွင် Alex Silvaသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတစ်ယောက်အနေဖြင့် မိမိ၏ အရည်အချင်းကို စမ်းသပ်လိုသောစိတ်များပြင်းပြခဲ့ရသည်။ ထို့ကြောင့် သူပိုင်နိုင်ရာ ဘရာဇီးဂျူဂျစ်ဆု လောကမှ ရုန်းထွက်၍ မွေထိုင်းကဲ့သို့သော စိန်ခေါ်မှုအသစ်များဆီသို့ ခြေဆန့်လာခဲ့သည်။ Alex Silva ၏ စဉ်ဆက်မပြတ် လေ့လာသင်ယူလိုသောစိတ်ထားသည် ၎င်းကျင်လည်ရာ နယ်ပယ်တွင် ထိပ်တန်းအကျော်အမော်အဖြစ် ကြာရှည်စွာရပ်တည်နိုင်စေသော အကြောင်းအရာတစ်ခုပင်ဖြစ်သည်။ ထိုအကြောင်းရင်းသည်ကျွန်တော်တို့အားလုံး လေ့လာသင်ယူသင့်သော အဖိုးမဖြတ်နိုင်သည့် သင်ခန်းစာ တစ်ခုပင် ဖြစ်သည်။

မာန်မာနကင်း၍ သူတစ်ပါးကို လေးစားတတ်အောင် လေ့ကျင့်ပါ
Alex Silva သည် ငယ်စဉ်ကပင် မာန်မာနကင်းသော စိတ်ထားရှိသူဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတစ်ယောက်အနေဖြင့် ရရှိထားသော အောင်မြင်မှုက ၎င်း၏စိတ်ဓါတ်ကို ပြောင်းလဲအောင် မလုပ်နိုင်ချေ။ ၎င်းသည်ဘရာဇီးဂျူဂျစ်ဆုကို စတင်လေ့ကျင့်ခဲ့စဉ်ကပင် မာန်မာနကင်းခြင်း၏ အရေးပါပုံကို သိရှိနားလည်ခဲ့ခြင်းဖြစ်သည်။ Alex Silva သည် ၎င်းထက် ခန္ဓာကိုယ်သေးငယ်သော ပြိုင်ဖက်များအပေါ်တွင်လည်း အင်အားသုံးရာတွင် ညင်သာပုံကိုတွေ့ရှိရသည်။

လူငယ်ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမားဖြစ်သော ၎င်းအနေနှင့် တစ်ဖက်သားအား ရိုသေလေးစားတတ်စေရန်နှင့် မာန်မာနကင်းအောင် နေထိုင်တတ်ရန် အတွေ့အကြုံများကပင် သင်ကြားပေးခဲ့သည်။ ထိုသို့သော စိတ်ဓါတ်ရေးရာ မကောင်းသောသူသည် တိုးတက်မှုများမရှိလာနိုင်သကဲ့သို့ တစ်ပါးသူကို မလေးစားတတ်ဘဲ
မာန်မာနထောင်လွှားသူသည် မိမိထက် ပညာဝါရင့်သောသူတစ်ဦးထံမှ စိတ်ရှည်သည်းခံခြင်းနှင့် စည်းစနစ်ရှိခြင်းစသော အရည်ချင်းကောင်းများကို သင်ယူတတ်မြောက်လိမ့်မည်လည်းမဟုတ်ပေ။

“ချန်ပီယံတစ်ယောက်တောင် မဖြစ်သေးတဲ့ ကစားသမားတစ်ယောက်မှာ ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စာရိတ္တကောင်းတွေရှိထားဖို့အရေးကြီးပါတယ်။ မာန်မာနထောင်လွှားခြင်း ကင်းဖို့လည်းလိုပါတယ်။”

“ချန်ပီယံတစ်ယောက်မဖြစ်သေးခင် ထိုအားကစားသမားဟာ စိတ်ထားပြည့်ဝခြင်းနှင့် ကောင်းမွန်သောစာရိတ္တရှိခြင်း စတဲ့အရည်အသွေးတို့ကို လိုအပ်ပါတယ်။ ထောင်လွှားတတ်ခြင်းမရှိဘဲ မိမိကိုယ်ကိုနှိမ့်ချတတ်ဖို့လဲလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အမြဲတမ်း မအားလပ်တဲ့နေ့စဉ်ဘဝမှာ သိတဲ့လူတွေကိုရော မသိတဲ့လူတွေကိုပါ ဆက်ဆံရမှာလေ။” ဟု Silva ကဆိုသည်။

အကယ်၍ သင်သည် ပတ်ဝန်းကျင်ရှိလူတိုင်းကို လေးလေးစားစားနှင့် မာနကင်းစွာ ဆက်ဆံတတ်လျှင် ထိုသူသည် အကျင့်စရိုက်ကောင်းများရှိသောသူဖြစ်ရုံသာမက ၎င်း၏ပတ်ဝန်းကျင်ရှိသူများအတွက် ကောင်းမွန်သော အလေ့အကျင့်ကောင်းများ ကူးစက်စေသည်။ Silva မျှဝေသော သင်ခန်းစာ ၄ မျိုးသည် အတုယူတတ်သူတို့အဖို့
ပိုမိုတိုးတက်သောဘဝကိုရရှိစေပြီး မိမိတို့တစ်ကိုယ်ရည်ဘဝတွင် အောင်မြင်သူများဖြစ်လာနိုင်သည်အထိ တန်ဖိုးရှိစေသော အကြံဥာဏ်များပင်ဖြစ်တော့သည်။

Ref: ONE Championship “Take a Quick Look at Alex Silva’s Plan For Success”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top