Facebookက ဖျက်လိုက်တဲ့ ဗီဒီယိုလည်း သိမ်းထားတာပဲလား

အရင်ကဆို video chat က သိပ်အသုံးမပြုကြပေမယ့် ခုနောက်ပိုင်းမှာ အသုံးများလာကြတာကို သိကြမယ်ထင်ပါတယ်။ ဖေ့စ်ဘုတ်ကနေ liveတွေ လွှင့်ကြတယ်၊ ဗီဒီယိုတွေ တင်ကြတယ် အစရှိသဖြင့် သုံးလာကြတာနဲ့အတူ

ဘေးထွက်ဆိုးကျိုးကလည်း ရှိနေပြန်ပါတယ်။

ဖေ့စ်ဘုတ် အပ်ပလီကေးရှင်းကို အသုံးပြုပြီး ဗီဒီယိုတစ်ခုရိုက်တင်ဖို့ ပြင်ဆင်တယ်ဆိုပါစို့။ တစ်ကြိမ်တည်း နဲ့ သဘောကျသွားပြီး uploadလိုက်တာမျိုး ရှိသလို အဆင်မပြေလို့ ထပ်ခါထပ်ခါ ရိုက်ရတာမျိုးတွေလည်း ရှိကြတာပါပဲ။ အဲဒီမှာ ပြဿနာက ကြည့်လို့ အဆင်မပြေလို့၊ ဒါမှမဟုတ် မတင်ချင်တော့လို့ အစရှိသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ မတင်ဘဲ ပြန်ဖျက်ပစ်လိုက်ပေမယ့် ဖေ့စ်ဘုတ်က သိမ်းထားတာပါပဲ။

ဟိုတစ်လောကလည်း ဖေ့စ်ဘုတ်က အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါက်ကြားမှုနဲ့ ပတ်သက်လို့ အကြီးအကျယ် ပြဿနာတက်ခဲ့တာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ခုလည်း ဖျက်ပစ်လိုက်တဲ့ဗီဒီယိုကအစ လိုက်သိမ်းထားတာက အသုံးပြုသူတွေကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

ဒီကိစ္စကို New York Magရဲ့ Select Allက ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ ဖေ့စ်ဘုတ်အသုံးပြုမှု မှတ်တမ်းကို ထုတ်ကြည့်လို့ရတာ သိကြမယ်ထင်ပါတယ်။(နည်းလမ်းအသေးစိတ်ကို အရင်က ဖော်ပြပေးခဲ့ပြီးပြီမို့ ထပ်မပြောတော့ပါဘူး။) ဒီလို ထုတ်ကြည့်လိုက်တဲ့အချိန် မှာ uploadမလုပ်ဘဲ ဖျက်ပစ်ခဲ့တဲ့ ဗီဒီယိုအဟောင်းတွေကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်လိုက်ခြင်းဖြင့် ဖျက်ပစ်လိုက်တဲ့ဗီဒီယိုတွေရဲ့ copyကို ဖေ့စ်ဘုတ်က သိမ်းထားတာကို သိနိုင်ပါတယ်။

သိမ်းထားတဲ့ဗီဒီယိုရဲ့ formatတွေက.FLV တွေဖြစ်ပြီး video playerအတော်များများနဲ့ ဖွင့်မကြည့်နိုင်ဘူးဆိုပေမယ့် VLC playerလိုမျိုး အခမဲ့အသုံးပြုနိုင်တဲ့ playerနဲ့ ကြည့်ရှုလို့ရပါတယ်။

New York Mag က ဒီပြဿနာကို ဖော်ထုတ်ပြီး တစ်ပတ်လောက်အကြာမှာတော့ ဖေ့စ်ဘုတ်က ပြန်လည်ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ ဖေ့စ်ဘုတ်က "ကျွန်တော်တို့တွေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါဟာ bug တစ်ခုဖြစ်ပြီး အမြန်ဆုံး ပြန်လည်ဖြေရှင်းနေပြီဖြစ်ပါတယ်။ သိမ်းထားတဲ့ ဗီဒီယိုတွေကိုလည်း ဖျက်ပစ်နေပါပြီ။ အဆင်မပြေမှုတွေ ဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်။ New York Magကိုလည်း ဒီလိုထုတ်ဖော်နိုင်မှုအတွက် အသိအမှတ်ပြုပါတယ်"ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေကို သတိထားပြီး အသုံးပြုကြစေလိုကြောင်း ဆန္ဒပြုရင်း . . .

 

Ref: NewsRepublic "What? Facebook Keeps Videos That You Never Posted"

Scarlett (ရိုးရာလေး)