အပတ်စဉ် နည်းပညာသတင်းတိုများ

အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ နည်းပညာသတင်းတိုကဏ္ဍက ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ အသစ်ထွက်ရှိလာတော့မယ့်ပစ္စည်းတွေ၊ နည်းပညာအသစ်တွေနဲ့ အခြားသော စိတ်ဝင်စားစရာသတင်းတွေ ပါဝင်ပြန်တာမို့ ဆက်ပြီးဖတ်ကြည့်လိုက်ကြရအောင်နော် . . .

၁။ Messenger ရဲ့ သဘောကျစရာ စွမ်းဆောင်မှုအသစ်

Messenger မှာ မှားပို့မိတဲ့စာတွေကို တစ်ဖက်လူ မသိရအောင် ပြန်ဖျက်ပေးတဲ့စနစ်အသစ်ကို သိပ်မကြာခင်မှာ အသုံးပြုနိုင်တော့မယ်ဆိုပြီး ဖေ့စ်ဘုတ်က ပြောကြားခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုကို "unsend" လို့ နာမည်ပေးထားပြီး ပို့ပြီးသားစာတွေကို ၁ဝမိနစ်အတွင်း ပြန်ဖျက်နိုင်မယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်မှုနဲ့ဆို စာတွေ မှားပို့မိလို့ စိတ်ညစ်ရတဲ့ပြဿနာကနေ ရှောင်ရှားနိုင်ပြီပေါ့။

၂။ ဆမ်ဆောင်းရဲ့ သဘောကျဖွယ်ခေါက်ဖုန်းအသစ်

ဆမ်ဆောင်းက ခေါက်ဖုန်းပုံစံအသစ်ကို ၂၀၁၉ခုနှစ်မှာ ထွက်ရှိလာမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီလိုခေါက်ဖုန်းပုံစံရရှိလာဖို့ မျက်နှာပြင်နှစ်မျိုးထည့်သွင်းအသုံးပြုထားတယ်လို့ သိရပါတယ်။ ခေါက်ထားတဲ့အချိန်မှာ အတွင်းပိုင်းမျက်နှာပြင် အရွယ်အစားက ၇.၃ လက်မ ရှိမယ်လို့ သိရပြီး အပြင်မျက်နှာပြင်အရွယ်အစားကတော့ ၄.၅၈ လက်မ ရှိပါတယ်။

 

၃။ ဂူးဂဲလ်က ပြောတဲ့ dark mode ရဲ့ အားသာချက်

ကျွန်တော်တို့ဖုန်းတွေမှာ တစ်ခါတလေ dark mode ခေါ် night mode ကို ပြောင်းလဲအသုံးပြုတတ်ကြပါတယ်။ ဒီ dark mode က Android မှာရော၊ iPhone တွေမှာပါ ဖုန်းအားကုန်နှုန်း သက်သာတဲ့အချက်ကို လွန်ခဲ့တဲ့ရက်ပိုင်းလောက်က Google က အသိအမှတ်ပြုကြေညာခဲ့ပါတယ်။ အဓိက ကတော့ အမည်းရောင်ကို ပြသဖို့အတွက် ဖုန်းက အားသိပ်မသုံးရတာကြောင့်ပါ။

၎။ HTC ရဲ့ VR အသစ်

ဒီနှစ်အစောပိုင်းမှာ HTC ရဲ့ Vice Focus VR headset အသစ်ကို တရုတ်မှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် အခုဆိုရင်တော့ တစ်ကမ္ဘာလုံးကို ဖြန့်ချိတော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၅၉၉ခန့် ကျသင့်မှာဖြစ်ပြီး နိုင်ငံပေါင်း ၃၇နိုင်ငံကို အဓိက ရောင်းချသွားမယ်လို့ သိရပါတယ်။ သိပ်မကြာခင်က ထွက်ရှိလာခဲ့တဲ့ Vice Sync အပ်ပလီကေးရှင်းနဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် အကောင်းဆုံးသော စွမ်းဆောင်မှုကို ရရှိမယ်လို့ သိရပါတယ်။

၅။ ဖေ့စ်ဘွတ်ခ်ရဲ့ Dating လုပ်ဆောင်ချက်ကို စမ်းသပ်နေပြီဖြစ်တဲ့ နိုင်ငံတွေ

လွန်ခဲ့တဲ့စက်တင်ဘာလကမှ ကိုလံဘီယာမှာ စတင်မိတ်ဆက်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ Dating လုပ်ဆောင်ချက်အသစ်ကို ကနေဒါနဲ့ ထိုင်းနိုင်ငံတို့မှာ ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ပြောကြားချက်အရ ၎င်းတို့သတ်မှတ်ထားတဲ့ အသုံးပြုသူဦးရေ မရှိသေးဘဲ ဘယ်သူမှ အသုံးပြုနိုင်မှာ မဟုတ်ကြောင်းနဲ့ အသုံးပြုချင်သူတွေအနေနဲ့ လူဦးရေ ပြည့်အောင် စောင့်ပေးရမယ်ဆိုတဲ့အကြောင်း သိရပါတယ်။

၆။ Lenovo ရဲ့ ဝန်ထမ်းမလိုတော့မယ့် ငွေရှင်းကောင်တာ

Lenovo က ပေကျင်းမှာ စတိုးဆိုင်တွေ ဖွင့်လှစ်ခဲ့ပြီး ၎င်းဆိုင်တွေရဲ့ ငွေရှင်းကောင်တာမှာ ဝန်ထမ်းတွေ မလိုဘူးလို့ သိရပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ကင်မရာမှာ မျက်နှာပြမယ်၊အကောင့်ကို ဝင်ရောက်မယ်၊ လိုချင်တာတွေ ရွေးယူရုံပါပဲ။ ကျသင့်ငွေကိုတော့ အကောင့်ထဲက အလိုလိုဖြတ်သွားမှာ ဖြစ်ပါတယ်။ Amazon Go တို့၊ Alibaba Hema store တို့နဲ့ ဆင်နေတာကို တွေ့ရပါတယ်။ Lenovo က သူ့ဆိုင်တွေမှာ လတ်တလောက ကြားသိထားရတဲ့ pilot program ကို သုံးထားတယ်ဆိုပြီး ပြောကြားထားပါတယ်။

၇။ MacBook Air အသစ်ရဲ့ အကြိတ်အနယ်ပြိုင်ဆိုင်မှု

Apple က MacBook Air အသစ်ကို ထုတ်လုပ်လိုက်ပြီး သိပ်မကြာခင်မှာပဲ Surface Laptop 2 ကို မိတ်ဆက်လိုက်တာမို့ နည်းပညာနယ်ပယ်မှာ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။ အမျိုးမျိုးသော နှိုင်းယှဉ်မှုတွေနဲ့အတူ အသုံးပြုသူတွေကလည်း ရွေးရခက်နေတယ်လို့ သိရပါတယ်။ Apple ရဲ့ Hardware ပိုင်းကတော့ တခြားသူတွေထက် စိတ်ချရပြီး အသစ်ပါဝင်လာတဲ့ အရည်အသွေးမြင့် မျက်နှာပြင်ကလည်း အသုံးပြုသူတွေကို မျက်စိကျစေလောက်တဲ့အနေအထားဖြစ်နေပါတယ်။ Microsoft ရဲ့ Surface Laptop 2 ကလည်း ယှဉ်ပြိုင်မယ်ဆို မရှုံးတဲ့အနေအထားဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီတစ်ပတ်ရဲ့ နည်းပညာသတင်းကိုတော့ ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါတယ်။ ရိုးရာလေးပရိသတ်ကြီးရေ...နောက်တစ်ပတ်မှာလည်း ဘယ်လိုမျိုးထူးခြား ဆန်းသစ်တဲ့နည်းပညာသတင်းတွေ ဖော်ပြပေးမလဲဆိုတာကို စောင့်ကြည့်ပေးကြပါဦး။

Scarlett (ရိုးရာလေး)