အပတ်စဉ် နည်းပညာသတင်းတိုများ

အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ နည်းပညာသတင်းတိုကဏ္ဍက ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ အသစ်ထွက်ရှိလာတော့မယ့် အပ်ပလီကေးရှင်းတွေ၊ နည်းပညာအသစ်တွေနဲ့ အခြားသော စိတ်ဝင်စားစရာသတင်းတွေ ပါဝင်တာမို့ ဆက်လက်ဖတ်ရှုလိုက်ကြည့်လိုက်ပါဦးနော်. . .။

၁။ ဂူးဂဲလ် Pixel ဖုန်းတိုင်း ရရှိတော့မယ့် Call screening

ဂူးဂဲလ် Pixel 3 မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ call screening feature ကို pixel ဖုန်းအကုန်လုံးမှာ ရရှိတော့မယ်လို့ သိရပါတယ်။ spam ဖုန်းတွေကို ခွဲခြားပေးမယ့်အပြင် မကိုင်ချင်တဲ့ဖုန်းတွေကိုပါ ရှောင်နိုင်မှာမို့ pixel ဖုန်းကိုင်တဲ့သူတွေအတွက် အတော်လေးအဆင်ပြေသွားမှာပါ။

၂။ စကားဝှက်မလိုဘဲ အသုံးပြုနိုင်တော့မယ့် မိုက်ခရိုဆော့ဖ်

မိုက်ခရိုဆော့ဖ်က အသုံးပြုသူတွေကို မိုက်ခရိုဆော့ဖ်အကောင့်ဝင်ရောက်တဲ့အခါမှာ စကားဝှက်ထည့်သွင်းစရာမလိုအောင် ဖန်တီးပေးလိုက်ပြီဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်ကို အသုံးပြုဖို့အတွက် မိုက်ခရိုဆော့ဖ်ရဲ့ ၂၀၁၈ အောက်တိုဘာ update version ကို ထည့်သွင်းထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒီစနစ်က စကားဝှက်အစား လုံခြုံရေးသော့တစ်ခုကို အစားထိုးအသုံးပြုမှာ ဖြစ်ပါတယ်။

၃။ အကောင့်တုတွေကို ရှင်းပစ်တော့မယ့် အင်စတာဂရမ်

 

အင်စတာဂရမ်က အကောင့်တုတွေကို ရှင်းပစ်ဖို့အတွက် ကုမ္ပဏီရဲ့စည်းမျဉ်း အသစ်တစ်ခုကို ဖော်ပြလိုက်ပါပြီ။ ဒီစည်းမျဉ်းမှာတော့ Engagement တက်အောင် Third-party Service တွေသုံးပြီး ပို့စ်တွေကို Like လုပ်တာ၊ Profile တွေကို Follow လုပ်နေတာမျိုးတွေကို Moderation Tool တွေကို အသုံးပြုပြီး ဖယ်ရှားပေးတော့မယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ ကိုယ့်အင်စတာဂရမ်အကောင့်ကို အကောင့်တုတွေရဲ့ အန္တရာယ်ကနေ ရှောင်ရှားနိုင်တော့မှာပါ။

၎။ Samsung theme အသုံးပြုခွင့် ပြောင်းလဲ

Theme တွေ ပြောင်းလဲအသုံးပြုရတာ ကြိုက်နှစ်သက်တဲ့ Samsung အသုံးပြုသူတွေအတွက် စိတ်မကောင်းစရာသတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ Samsung က ဇန်နဝါရီလက ထွက်ရှိခဲ့တဲ့ Android version 9 Pie အမျိုးအစားမှာ အခမဲ့ Theme တွေကို ၁၄ရက်သာ ပေးသုံးတော့မယ်လို့ အသုံးပြုသူတွေဆီ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ "ဒီလိုသတ်မှတ်လိုက်ခြင်းက အသုံးပြုသူတွေကို အရည်အသွေးပိုကောင်းတဲ့ဝန်ဆောင်မှုတွေ ပေးချင်လို့ပါ" ဆိုပြီး Samsung က ဖြေရှင်းခဲ့ပါတယ်။

၅။ US မှာ ပြဿနာတက်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်

နိုဝင်ဘာ၂၀ ရက်နေ့မှာ US က အင်တာနက်အသုံးပြုသူအချို့ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ messenger တွေကို သုံးမရတော့တဲ့အဖြစ်မျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဟာ ဒီလမှာဆို ဒုတိယအကြိမ်မြောက် ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမတစ်ကြိမ်က နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ဖေ့ဘွတ်ခ်ကတော့ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်အောင် လုပ်ပေးပါ့မယ်ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ပါတယ်။

၆။ AT&T က ထွက်ရှိလာတဲ့ အမိုက်စား ထိန်းချုပ်ရေး App

AT&T က နိုဝင်ဘာ ၂၆ရက်နေ့မှာ Secure Family လို့ ခေါ်တဲ့ ထိန်းချုပ်ရေးအပ်ပလီကေးရှင်းတစ်မျိုးကို ထုတ်လုပ်တော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီအပ်ပလီကေးရှင်းက မိဘတွေအတွက် ရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး ကိုယ့်ကလေးကို အကောင်းဆုံးထိန်းချုပ်နိုင်မှာပါ။ အပ်ပလီကေးရှင်းကတစ်ဆင့် ကိုယ့်ကလေး ဘယ်တွေသွားနေတယ်၊ ဘာတွေလုပ်နေလဲ ဆိုတာတွေကို သိနိုင်မယ့်အပြင် အင်တာနက်ကို အချိန်အကြာကြီး မသုံးနိုင်အောင်၊ မကြည့်သင့်တာတွေ မကြည့်မိအောင်ပါ ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။

ရိုးရာလေးပရိသတ်ကြီးရေ နောက်အပတ်မှာလည်း ဘယ်လိုမျိုးထူးခြား ဆန်းသစ်တဲ့နည်းပညာသတင်းတွေနဲ့ ပြန်လာခဲ့မလဲဆိုတာကို စောင့်ကြည့်ပေးကြပါဦး။

Scarlett (ရိုးရာလေး)