Roots of Honor ပြိုင်ပွဲကြီးမှ အကောင်းဆုံးတွဲဆိုင်း (၅) တွဲ

one-roots-of-honor-fight-card-1.jpg

လာမည့် ဧပြီ (၁၂) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ONE: Roots of Honor ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံလုပွဲနှစ်ပွဲအပါအဝင် တွဲဆိုင်းပေါင်း (၁၄) တွဲ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကာ ဖယ်သာဝိတ်တန်း ချန်ပီယံ Martin Nguyen နှင့် စတောဝိတ်တန်း ချန်ပီယံ Yosuke Saruta တို့က ၎င်းတို့၏ ချန်ပီယံခါးပတ်များကို ကာကွယ်ကြရမည် ဖြစ်သည်။ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားကောင်းများ ပေါ်ထွန်းသည့် ဖိလစ်ပိုင်မြေမှ အိမ်ရှင်ကစားသမားအများအပြားလည်း ပါဝင်ကစားကြမည်ဖြစ်ရာ အဆိုပါပွဲစဉ်များထဲမှ စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး တွဲဆိုင်း (၅) ဆိုင်းကို ရွေးချယ်ဖော်ပြလိုက်ရပါသည်။

Martin Nguyen vs Narantungalag Jadambaa (ဝါသမ္ဘာဖြင့် ချန်ပီယံကိုစိန်ခေါ်သူ)

အဓိကတွဲဆိုင်းဖြစ်သည့် ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ Martin Nguyen နှင့် စိန်ခေါ်သူ ချန်ပီယံဟောင်း Narantungalag Jadambaa တို့၏ ပွဲသည် ပြိုင်ပွဲတစ်ခုလုံးတွင် စိတ်ဝင်စားဖွယ် အကောင်းဆုံးတွဲဆိုင်း ဖြစ်လာမည်ကို သံသယ ဖြစ်စရာမရှိပေ။ ချန်ပီယံဟောင်းနှင့် လက်ရှိချန်ပီယံဟုဆိုသော်လည်း ၎င်းတို့နှစ်ဦးကြားထဲတွင် ချန်ပီယံတစ်ယောက်ရှိခဲ့သဖြင့် ယခင်က တစ်ကြိမ်တစ်ခါမှ ထိပ်တိုက်တွေ့ဖူးခြင်း မရှိသေးသူများ ဖြစ်ကြသည်။ မြန်မာကစားသမားများဖြစ်ကြသော အောင်လအန်ဆန်နှင့် တီရဲလ်ထန်တို့ ကစားနေသည့် Hardknocks 365 ကလပ်မှ ကစားသမားတစ်ဦးဖြစ်သည့် Nguyen သည် ဗီယက်နမ်နွယ်ဖွား သြစတြေးလျ နိုင်ငံသား ဖြစ်သည်။

၎င်းသည် ONE Championship ၏ သမိုင်းတွင် ဖယ်သာဝိတ်နှင့် လိုက်ဝိတ်တန်းချန်ပီယံဆုနှစ်ခုကို တစ်ဦးတည်းရရှိဖူးသည့် ပထမဆုံးကစားသမားလည်းဖြစ်ကာ သြစတြေးလျ၏ Brace MMA ဖယ်သာဝိတ်တန်းချန်ပီယံလည်းဖြစ်ဖူးသည်။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် ဘန်တန်ဝိတ်တန်းချန်ပီယံ Bibiano Fernandes ကို အမှတ်ဖြင့်မရှုံးလျှင် ကမ္ဘာ့ပထမဆုံးဝိတ်တန်း (၃) ခု ချန်ပီယံပင် ဖြစ်နိုင်ခဲ့သူ ဖြစ်သည်။

Martin Nguyen ကို စိန်ခေါ်သည့် မွန်ဂိုလီးယား နိုင်ငံသား Jadambaa သည် အသက်အရွယ်အားဖြင့် အကောင်းဆုံးအချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း အတွေ့အကြုံရင့်ကျက်သည့်ကစားသမားကြီးဖြစ်သည်။ ဂျုဒိုနှင့် ကရာတေး ခါးပတ်နက်ရရှိထားသူ Jadambaa အနေဖြင့် ယခုပွဲတွင် ၎င်း၏ ဝါသမ္ဘာအားဖြင့် လက်ရှိချန်ပီယံကိုအနိုင်ယူပြီး ချန်ပီယံ ခါးပတ်ကို ပြန်လည်သိမ်းပိုက်နိုင်မည်လား ဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်သည်။

Yosuke Saruta vs Joshua Pacio (အာရှကျား နှစ်ကောင်၏ မကျေပွဲ)

ဒုတိယ အဓိကတွဲဆိုင်းဖြစ်သည့် စတောဝိတ်တန်း ချန်ပီယံ Yosuke
Saruta နှင့် စိန်ခေါ်သူ ချန်ပီယံဟောင်း Joshua Pacio ၏ ပွဲမှာလည်း အကြိတ်အနယ်ရှိမည့် ပွဲကောင်းတစ်ပွဲဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ထိုစဉ်က ချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား Pacio ကို ဂျပန်နိုင်ငံသား Saruta က ဒိုင်အဆုံးအဖြတ် ရမှတ်ဖြင့်အနိုင်ရကာ ချန်ပီယံဘွဲ့ကိုလုယူခဲ့သဖြင့် ယခုပွဲစဉ်သည် မကျေပွဲပြန်နွှဲခြင်းလည်း ဖြစ်သည်။

ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားအဖြစ် ဆယ်နှစ်ကျော် ကျင်လည်ခဲ့သူ Saruta သည် ဂျပန်၏ Shooto ပြိုင်ပွဲတွင်လည်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ အတွေ့အကြုံအပြင် ကစားအားပါ အကောင်းဆုံးအရွယ်ကို ရောက်နေသူ ဖြစ်သဖြင့် ပြိုင်ဘက်ကို ကြိုးဝိုင်းအတွင်း အနိုင်ယူသည့် နည်းလမ်းပေါင်းများစွာကို ကောင်းစွာနားလည်ကျွမ်းကျင်သူ ဖြစ်သည်။

အလားတူ ချန်ပီယံဟောင်း လူငယ်ကစားသမား Pacio ကလည်း ဖိလစ်ပိုင်၏ နာမည်ကျော် Team Lakay မှ မွေးထုတ်ပေးလိုက်သည့်ကစားသမားဖြစ်သည်နှင့်အညီ ကြိုးဝိုင်းအတွင်း နည်းစနစ်စုံလင်စွာဖြင့် သတ်ပုတ်တိုက်ခိုက်တတ်သူ ဖြစ်သည်။ ၎င်းတို့ နှစ်ဦးတွေ့ဆုံသည့် ပွဲတွင် (၅) ချီလုံးလုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးမှ Pacio က အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကာ သူကိုယ်တိုင်လည်း ခံစစ်ကို အလွန်အကျွံကစားခဲ့မိသည်ဟု ဝန်ခံခဲ့သည်။ ယခုပွဲတွင် ရှေ့ပွဲကို သင်ခန်းစာယူပြီး တိုက်စစ်ဆင်ကစားဖွယ်ရှိသည့် Pacio ကို Saruta က မည်သို့ ပြန်လည်တုံ့ပြန်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

Tatsumitsu Wada Vs Gustavo Balart (ဆာမူရိုင်းနှင့် နယ်မြေသစ်ရှာဖွေသူ)

ဂျပန်နိုင်ငံမှ DEEP ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်သူ Tatsumitsu Wada နှင့် အမေရိကန် Titan ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲမှလာသည့် Gustavo Balart တို့၏ ပွဲကလည်း တစ်နည်းတစ်ဖုံ စိတ်ဝင်စားဖွယ် ကောင်းနေပြန်သည်။

The Sweeper ဟု ကြိုးဝိုင်းနာမည်ရရှိထားသည့် Wada သည် ဂျပန်၏နာမည်ကျော် Yoshida Dojo မှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ကာ DEEP ၏ ဖလိုင်းဝိတ်တန်းတွင် ပွဲစဉ်ပေါင်း (၁၂) ပွဲ ကစားရာ (၁၁) ပွဲ နိုင်ခဲ့ပြီး (၁) ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသည်။ ONE Championship ကိုမရောက်မီက (၈) ပွဲဆက်အနိုင်ရလဒ် ရရှိနေခဲ့သော်လည်း ONE Championship တွင် (၃) ပွဲ ကစားထားပြီးနောက် တစ်ပွဲသာ အနိုင်ရထားသူ ဖြစ်သည်။

ရွှေတံဆိပ်ဆုရှင် ဂရိလက်ရွေးစင် နပမ်းသမား Balart မှာလည်း ပရော်ဖက်ရှင်နယ်ဘဝ၌ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား ပွဲပေါင်း (၉) ပွဲ ကစားထားရာတွင် တစ်ပွဲသာ ရှုံးနိမ်ခဲ့ဖူးသည်။ ယခု ပြိုင်ပွဲသည် Balart ၏ ONE ပွဲဦးထွက်ပြိုင်ပွဲ ဖြစ်သဖြင့် နယ်မြေသစ်တွင် အဖွင့်လှရန် အပြင်းအထန်အားထုတ်ဖွယ်ရှိသလို ONE Championship တွင် နိုင်ပွဲလိုအပ်နေသည့် Wada ကလည်း မည်သို့မည်ပုံ ရင်ဆိုင်တုံ့ပြန်သွားမည်ဆိုသည်က ယခုပွဲကို စိတ်ဝင်စားမှု မြင့်တက်လာစေသည်။

Leandro Issa Vs Fu Chang Xin (နိုင်ပွဲဆက်အာရှသားအတွက် မလွယ်ကူသည့်စာမေးပွဲ)

UFC ပြိုင်ပွဲတွင် သွားရောက် အစွမ်းပြခဲ့ဖူးသည့် ဘရာဇီးလ်သား Leandro Issa နှင့် ရှုံးပွဲ (၁) ပွဲ သာ ရှိဖူးသေးသည့် တရုတ်နိုင်ငံသား Fu Chang Xin တို့ ပွဲကလည်း စောင့်ကြည့်ရမည့် ပွဲတစ်ပွဲ ဖြစ်သည်။ ဘရာဇီးလ်ဂျုဂျစ်ဆုအားကစားတွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးသူ Issa ကို ONE Championship က သတိပြုမိပြီး ၂၀၁၁ ခုနှစ်တွင်တွင် စာချုပ်ချုပ်ခေါ်ယူခဲ့သည်။

ONE Championship တွင် ပွဲစဉ် (၄) ပွဲ ထိုးသတ်ပြီးသည့်နောက် ၂၀၁၃ ခုနှစ်တွင် UFC က ၎င်းကို မျက်စိကျပြီး ခေါ်ယူစာချုပ်ခဲ့ရာ သုံးနှစ်ကြာပါဝင်ကစားခဲ့ပြီးမှ ONE Championship သို့ တစ်ကျော့ပြန်လာသူ ဖြစ်သည်။ ၎င်း၏ ONE Championship ကစားသမားဘဝတစ်လျှောက် ပွဲစဉ် (၈) ပွဲ ကစားရာတွင် (၆) ပွဲ နိုင်ခဲ့ပြီး (၂) ပွဲသာ ရှုံးထားသည်။ တရုတ်ကွန်ဖူးချန်ပီယံရှစ် CKF တွင် ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် Fu မှာလည်း လက်ရှိအချိန်တွင် ပြိုင်ပွဲအရပ်ရပ်၌ (၅) ပွဲ ဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ရှုံးပွဲတစ်ပွဲသာရှိဖူးသူ Fu သည် နိုင်ငံခြားသားပြိုင်ဘက်များကို လုံးဝမရှုံးဖူးသေးသည့် စံချိန်ကောင်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အတွေ့အကြုံရင့်ကျက်သည့် ဝါရင့်ကစားသမားကြီး Issa က ကစားအားအကောင်းဆုံး အရွယ် ဖြစ်နေသည့် Fu ၏ နိုင်ပွဲဆက်မှုကို ရပ်တန့်နိုင်မည်လား ဆိုသည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်သည်။

Luis Santos Vs James Nakashima (အတွေ့အကြုံနှင့် နိုင်ပွဲဆာလောင်မှု)

ONE Championship ၏ ကစားသမားများထဲတွင် ပရော်ဖက်ရှင်နယ် ပွဲပေါင်းအများဆုံး ကစားထားသူတစ်ဦးဟုပင် သတ်မှတ်နိုင်သည့် ဘရာဇီးလ်သား Luis Santos နှင့် ရှုံးပွဲမရှိ ပွဲတိုင်းနိုင်ထားသည့် အမေရိကန်သား James Nakashima တို့၏ ပွဲစဉ်မှာလည်း ပရိသတ် စိတ်ဝင်စားနိုင်သည့်ပွဲတစ်ပွဲ ဖြစ်သည်။

Bellator, WEC နှင့် XFC ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီးပရော်ဖက်ရှင်နယ်ပွဲ (၇၇) ပွဲ ကစားထားသူ Santos သည် ဂျူဒိုနှင့် ဘရာဇီးဂျူဂျစ်ဆု ခါးပတ်နက်ရထားသူ ဖြစ်သည်။ (၇၇) ပွဲ ကစားခဲ့ရာ (၆၅) ပွဲ အနိုင်ရပြီး အလဲထိုး နိုင်ပွဲ (၃၇) ပွဲအထိ ရရှိထားသူ Santos သည် အသက်အရွယ်အားဖြင့် အကောင်းဆုံးအနေအထားမရှိတော့သော်လည်း ၎င်း၏ ပွဲအတွေ့အကြုံကိုယှဉ်နိုင်သည့်ကစားသမား မရှိသလောက်ပင် ဖြစ်သည်။

အမေရိကန် RFA နှင့် LFA ပြိုင်ပွဲများတွင် ကစားခဲ့သူ Nakashima မှာမူ ၎င်း၏ ကစားသမား ဘဝတစ်လျှောက် ပွဲတိုင်းအနိုင်ရထားပြီး ယခုပွဲသည် ONE အတွက် ဒုတိယမြောက်ပွဲ ဖြစ်သည်။ ပွဲအတွေ့အကြုံအများဆုံးကစားသမားနှင့် ရှုံးပွဲမရှိသည့်ကစားသမားတို့ ထိပ်တိုက်တွေ့မှုတွင် မည်သူက အသာစီးရသွားမည်ဆိုသည်က စိတ်ဝင်တစား စောင့်ကြည့်သင့်သည့်အချက်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top