သူက ကိုယ့်ကို ဘယ်လိုချစ်တာလဲ

50267725_2292843037600856_8243112607003705344_n.jpg

“ယောက်ျားလေးတွေ တကယ်ချစ်တတ်လာပြီဆိုဘယ်လို” ၊ “မိန်းမတွေက တကယ်ချစ်တယ်ဆို ဘာဖြစ်တယ်” အစရှိတဲ့ ပိုစ့်တွေကိုဖတ်ပြီး ကိုယ့်ချစ်သူ/အိမ်ထောင်ဖက်တွေကို ပြဿနာရှာမိဖူးပါသလား။ ဒါမှမဟုတ် ငါ့သူငယ်ချင်း ရည်းစားကတော့ ဘယ်လိုရိုတာ၊ နင်ကတော့ ဘယ်လိုဆိုပြီး ကိုယ့်ချစ်သူကို အပြစ်တင်မိဖူးပါသလား။ ဒါဆိုရင် အောက်က ပြောမယ့်အကြောင်းလေးတွေကို ဖတ်ကြည့်ဖို့တော့လိုမယ်နော်။ လူတွေဟာ သူတို့ချစ်တဲ့သူကို ချစ်ခင်နှစ်သက်ကြောင်းပြတဲ့အမူအကျင့်တွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင် (၅) မျိုးတိတိ ရှိပါတယ်တဲ့။ ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လိုပုံစံမျိုးနဲ့ချစ်တယ်ဆိုတာသိချင်တယ်ဆို အောက်က (၅) ချက်ကို ဖတ်ကြည့်လိုက်ပါ။

(၁) ချစ်ခင်ကြောင်းပါးစပ်ကနေ ပြောတတ်တာ

ဒီလို အမူအကျင့်မျိုးရှိတဲ့သူတွေအတွက် ချီးကျူးစကားပြောတာလေးတွေ၊ အားပေးစကားပြောတတ်တာလေးတွေ၊ တစ်ဘက်သားကိုအသိအမှတ်ပြုကြောင်း ပါးစပ်နဲ့ပြောဆိုပြီး ချစ်ကြောင်းပြတတ်ပါတယ်။ သူတို့က ”ချစ်တယ်”လို့လည်း ခဏခဏ ပြောတတ်သလို သူတို့ကိုပြောတာလည်း ကြားချင်ကြပါတယ်။ ဒီလိုလူမျိုးတွေအတွက် သူတို့ကို စော်ကားတာ၊ ဝေဖန်တာ၊ ချိုးချိုးဖဲ့ဖဲ့ ပြောတာ၊ နှိမ်ပြောတာဆို အရမ်းနာကျည်းတတ်ပါတယ်။ သူတို့ရဲ့ချစ်ခင်ကြောင်းပြသတာနဲလုံးဝဆန့်ကျင်ဘက်ဖြစ်လို့ပါ။ သင့်ချစ်သူက ဒီလိုလူမျိုးဆိုရင် သူ့ကို ချီးကျူးပေးတာ၊ သူလုပ်တာတွေကိုအသိအမှတ်ပြုကြောင်း ပါးစပ်ကနေ ထုတ်ဖော်ပြောပေးပါ။ သင့်ကိုအချစ်တိုးလာပါလိမ့်မယ်။

(၂) ကိုယ်ထိလက်ရောက်ကူညီပေးတတ်တာ

သင့်ချစ်သူက ဒီလိုလူမျိူးဆိုရင် သင့်ကို သူ ဘာတွေလုပ်ပေးနိုင်လဲ စဉ်းစားပါလိမ့်မယ်။ ဥပမာ ပန်းကန်တွေဆေးပေးတာ၊ တောက်တိုမယ်ရလေးတွေ လုပ်ပေးတာ၊ မီးချောင်းပျက်နေတယ်ဆို ချက်ချင်းထလဲပေးတာတို့လုပ်ပေးပါမယ်။ သူတို့ကို ဒီလို ပြန်လုပ်ပေးမယ်ဆိုရင်လည်း အရမ်းသဘောကျပါတယ်။ သူတို့အလုပ်တွေကိုလုပ်ပေးတာ သူတို့ကို ချစ်တယ်လို့ခံစားရပါတယ်။ သူတို့ကို အလုပ်တွေ အများကြီးပေးတာ၊ အပျင်းကြီးပြီး လုပ်စရာရှိတာမလုပ်တာ၊ ပေးထားတဲ့ ကတိဖျက်တာတို့ဆို စိတ်ဆိုးတတ်ပါတယ်။ကိုယ်ချစ်တဲ့သူက ဒီလိုပုံစံမျိုးဆိုရင် သူသင့်ကို လုပ်ပေးစေချင်မယ်ထင်တဲ့အရာတွေကိုလုပ်ပေးပါ။ သူ့အလုပ်တွေကို ကူညီပေးပါ။

(၃) လက်ဆောင်တွေလိုချင်တာ၊ ပေးချင်တာ

ခေါင်းစဉ်ကြည့်ပြီး စပွန်ဆာပေးတဲ့ သူဌေးနဲ့ပစ္စည်းမက်တဲ့ မိန်းကလေးတွေကို မမြင်သွားစေချင်ပါဘူး။ ပစ္စည်းကို ကိုယ့်လုပ်အားခနဲ့ကိုယ်မဝယ်ပဲ ရှိသမျှ ပစ္စည်းအရောင်းပိုစ့်အောက်မှာ ရည်းစားကို မန်ရှင်းခေါ်ပြီး ဝယ်ပေးပါ တဆာဆာ ပူဆာနေတဲ့ လူမျိုးတွေနဲ့လည်း ဒါကမသက်ဆိုင်ပါဘူး။ ဒီလို အချစ်အမူအရာရှိတဲ့သူတွေဟာ အဓိပ္ပာယ်ရှိတဲ့လက်ဆောင်လေးတွေပေးရတာကို နှစ်သက်ပါတယ်။ ဥပမာ ပထမဆုံးနှစ်ယောက်သား တွေ့ခဲ့တဲ့ စတိုးဆိုင်လေးက ကီးချိန်းလေးဝယ်လာပေးတာ၊ ဓာတ်ပုံတွေထုတ်၊ ကိုယ်တိုင်လက်ရေးနဲ့ရေးထားတဲ့ စာအုပ်လေးပေးရတာတွေကို သူတို့ကြိုက်ပါတယ်။ သူတို့ကို ဒီလိုလေး အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်လေးတွေ ပြန်ပေးမယ်ဆိုလည်း အရမ်းပျော်ပါတယ်။ဒီလိုလူမျိုးအတွက် မွေးနေ့တွေ၊ မင်္ဂလာနှစ်ပတ်လည်တွေမေ့တာ၊ လက်ဆောင်ပစ္စည်းကို ပြီးပြီးရော တွေ့ကရာ ပေးတာတို့သွားလုပ်မယ်ဆိုရင်တော့ မိုးမီးလောင်မယ်သာမှတ်ထားပါ။ သင်ချစ်တဲ့သူက ဒီလိုလူမျိုးဆိုရင် စာအုပ်လေး ဆောင်ထားပါ။ သူက ပစ္စည်း/စားစရာတစ်ခုကို ကြိုက်တယ်လို့ပြောမိလိုက်တာနဲ့ စာအုပ်ထဲသာ ရေးမှတ်ထားပါ။

(၄) အချိန်ပေးတာကိုကြိုက်တယ်

ဒီလိုလူမျိုးတွေဆိုရင်တော့ သူတို့ကို အချိန်ပြည့်ပြည့်ဝဝပေးတာ နှစ်သက်ပါတယ်။ သင်ကိုလည်း သူချစ်တာသိအောင် သူနဲ့နှစ်ယောက်တည်း ရှိတဲ့အချိန် သင်တစ်ယောက်တည်းကိုပဲ ဂရုစိုက်ပါလိမ့်မယ်။ ဖုန်းမသုံးဘူး။ TV ကြည့်မနေဘူး။ သင်စကားပြောနေတာ၊ သင်လုပ်နေတာတွေကိုပဲ အာရုံစ်ိုက်ပေးခြင်းနဲ့ သူချစ်ကြောင်းပြပါလိမ့်မယ်။ သင့်ဆီကလည်း သူ့ကို ဒီလို ပြည့်ပြည့်ဝဝ အချိန်ပေးအာရုံစိုက်တာကို သူလိုချင်ပါတယ်။ အဲဒီတော့ သူနဲ့ရှိနေတုန်း အာရုံမရတာ၊ ပြောနေတာကို ဂရုစိုက်နားမထောင်ပေးတာ၊ တွေ့မယ့်ရက်မှာ မတွေ့နိုင်တာ တို့ဆိုရင် သူ တို့စိတ်ဆိုးစိတ်ပျက်တတ်ပါတယ်။ သင့်ချစ်သူက ဒီလိုလူမျိုးဆိုရင် သူဘာလုပ်ချင်လဲ မေးပါ။ ပြီးရင် သူလုပ်ချင်တာကို အပြည့်အဝ အချိန်ပေးအာရုံစိုက်ပေးပါ။

(၅) ဖက်တာ၊ ပွတ်သီးပွတ်သပ်နေရတာကို နှစ်သက်တာ

ဒီလိုလူမျိုးတွေဟာ စကားပြောရင် ခေါင်းလေးမှီထားရတာ၊ ဘေးနားကပ်ထိုင်ပြီး ပေါင်ပေါ်လက်လေးတင်ထားတာတို့လုပ်တတ်တဲ့သူတွေပါ။ သူတို့ဟာ ပွတ်သီးပွတ်သပ်နေရတာ ကြိုက်သလို သူတို့ကို ခေါင်းလေးပွတ်ပေးတာ၊ ပခုံးပေါ် လက်လာတင်တာကအစ ကျေနပ်နေသူတွေပါ။ ဒီလိုလူမျိုးတွေက သူတို့ချစ်ခင်လို့ပွတ်သီးပွတ်သပ်နေတာကို ပုတ်ထုတ်တာ၊ တွန်းဖယ်ဖြစ်တာ၊ သူတို့ကို ကိုယ်ထိလက်ရောက် ရိုက်မောင်းပုတ်မောင်းလုပ်တာဆို သူတို့အတွက် စိတ်အဆိုးဆုံးအရာဖြစ်တတ်ပါတယ်။ ဒီလိုချစ်သူလေးမျိုးရှိရင် စကားပြောတဲ့အခါ ပေါင်ပေါ်လက်တင်ထားတာမျိုး၊ သူ့ကို ခဏခဏပွေ့ဖက်ပေးတာမျိုး လုပ်ပေးပါ။ ဒါဆိုရင်တော့ သူက ကိုယ်မှကိုယ်ပဲ ဖြစ်နေတော့မှာနော်။

စာဖတ်သူကကော ကိုယ်ကချစ်ကြောင်းကို ဘယ်လိုပြတတ်လဲ။ ကိုယ့်ချစ်သူကကော သူချစ်တာကို ဘယ်လိုပြတတ်လဲ။ ကိုယ်ချစ်တာတွေ သူသိအောင် ဒီပိုစ့်အောက်မှာ mention ခေါ်ပြီးပြလိုက်ပါဦး။

Ref: Youtube “The five love languages”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top