“ဂေါ်ရင်ဂျီကျွန်းစုတွေဆီက ဆွတ်ပျံ့ကြည်နူးဖွယ် အပန်းဖြေစခန်း “The Log” (The Lodge of Goryangyi) တည်ထောင်သူ ကိုဇိုဇို (ခေါ်) ကိုသက်မောင်လွင်နှင့် တွေ့ဆုံခြင်း”

image_large-1.jpg

ပီးခဲ့တဲ့ရက်တွေက စာရေးသူ ကျွန်တော်ရယ်၊ သူငယ်ချင်း ၄ ယောက်ရယ်၊ ဂေါ်ရင်ဂျီကျွန်းစုတွေဖက်ဆီကို ခရီးထွက်ခဲ့ကြပါတယ်။ အလုပ်ကိုယ်စီနဲ့ မအားတဲ့ကြားက အစီအစဉ်မရှိဘဲ တက်ညီလက်ညီနဲ့ မဆိုင်းမတွ ရောက်ဖြစ်ခဲ့ကြတယ်။ ဂေါ်ရင်ဂျီကျွန်း၊ ဒလယ်ကျွန်း၊ အုန်းချိုင်၊ လိပ်ချိုင်၊ ကြွေချိုင်၊ သစ်ရောင်း၊ ကျွန်းကြီး၊ ကျွန်းလေး၊ ပန်းကန်ကျွန်း၊ ကြောင်တစ်ရာကျွန်း၊ မြွေပြိတ္တာ (ခ) လည်ဖြတ် ကျွန်းစုတွေ အများကြီးရှိတဲ့အထဲက ကျွန်တော်တို့ စခန်းချခဲ့တာက အုန်းချိုင်ကျွန်းပါ။ အုန်းချိုင်ကျွန်းကိုရောက်ဖို့ ရန်ကုန်ကနေ ငရုတ်ကောင်းမြို့ကို အဝေးပြေးကား ၈ နာရီအကြာလောက် စီးရပါတယ်။ ငရုတ်ကောင်းကနေ ဆိုင်ကယ် ကယ်ရီ ၁၀ မိနစ်ခန့် စီးပြီး ချောင်းဝ လှေဆိပ်ကို ရောက်ပါတယ်။ လှေဆိပ်ကနေ အုန်းချိုင်ကိုရောက်ဖို့ Speed Board နဲ့ နာရီဝက်အကြာ ထပ်ကူးပြီးနောက်မှာတော့ နတ်သမီးပုံပြင်တွေထဲကလို ကျွန်းထိပ်တောင်ကုန်းပေါ်မှာ ချစ်စရာဘန်ဂလိုလေးတွေ နိမ့်ချည်မြင့်ချည် အစီအရီဆောက်ထားတဲ့ အုန်းချိုင်ကျွန်းပေါ်က The Log အပန်းဖြေစခန်းကို ဆိုက်ကပ်ရောက်ရှိပါတော့တယ်။

(ခရီးသွားဆောင်းပါးမဟုတ်ဘဲ အင်တာဗျူးကဏ္ဍဖြစ်နေတဲ့အတွက် ခရီးစဉ်အသေးစိတ်ကို မဖော်ပြတော့ဘဲ The Log အကြောင်းကိုပဲ ဆက်လက်ဖော်ပြပါမယ်။)

ကျွန်တော်တို့ ရောက်ရောက်ခြင်း အူယားဖားလျားပြေးလာကြိုဆိုတာကတော့ The Log တည်ထောင်သူ ကိုဇိုဇို (ခေါ်) ကိုသက်မောင်လွင်ပါ။ လူသူမနီးတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ မြို့ပြစည်းစိမ်နဲ့ အရာအားလုံးကိုစွန့်ခွာပြီး သူ့စိတ်ကူးထဲကအတိုင်း၊ ခံစားချက်တွေအတိုင်း၊ ပုံဖော်အသက်သွင်းခဲ့တဲ့ The Log ဟာ ကိုဇိုဇိုရဲ့ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်သလို၊ ကိုဇိုဇို ပြန်ပြောင်းပြောပြခဲ့တဲ့အကြောင်းအရာတွေကလည်း ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုကို ပိုပိုပြီး တိုးလာစေခဲ့ပါတယ်။ ကျွန်တော်တို့သွားရောက်ခဲ့တဲ့ ၂ ညအိပ် ၃ ရက်ခရီးမှာ ကျွန်တော်တို့နဲ့ ကိုဇိုဇိုနဲ့ ပြောဖြစ်၊ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ရိုးရာလေးပရိတ်သတ်တွေအတွက် မ ျှဝေပေးလိုက်ပါတယ်။

မေး။ ။ အကို ဒီ The Log အပန်းဖြေစခန်းကို တည်ထောင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။
ဖြေ။ ။ တစ်နှစ် ပဲ ရှိပါသေးတယ်။

မေး။ ။ အကို့အနေနဲ့ ဒီလိုမျိုးလုပ်ဖြစ်ဖို့ ဘယ်ကနေ ဘယ်လို စိတ်ကူးရခဲ့တာလဲ။
ဖြေ။ ။ အဓိက ကတော့ မြို့ပြမှာ ရှင်သန်ရပ်တည်ဖို့ စိတ်ခွန်အား မရှိတော့တာ။ နောက်တစ်ခုကတော့ မြို့ပြမှာ ရှင်သန်ရပ်တည်ဖို့ စိတ်ခွန်အားရှိတယ်ဆိုရင်တောင် မြို့ကြီးပြကြီးမှာ ရပ်တည်ဖို့ လုံလောက်တဲ့ပိုက်ဆံ ကျနော့်မှာ မရှိတော့တာပါ။ ကိုယ်တိုင်အသက်ရှင်ရပ်တည်ဖို့ရော၊ သားလေးတွေအတွက် အဖေတစ်ယောက်အနေနဲ့ အနီးကပ် ပြုစုစောင့်ရှောက်ဖို့ ရုန်းကန်ရင်ဆိုင်ရမယ်ဆိုတာကိုရော နားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့် လောဘ ဒေါသ မောဟ တွေ ကင်းနိုင်သမျှကင်းအောင် နေချင်လာပြီဖြစ်တဲ့ ကျွန်တော့်တစ်ကိုယ်ရည်အတ္တကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ အေးချမ်း လှပတဲ့ ဒီအရပ်ဒေသမှာ လာတဲ့သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် စိတ်လည်းချမ်းသာရ ၊ဝမ်းလည်းဝနိုင်မယ်ထင်တဲ့ တည်းခို ဝန်ဆောင်မှု လုပ်ငန်းဟာ ကျွန်တော့်မှာ ရှိတဲ့ လက်ကျန်ရယ် ၊ ကျွန်တော်ရပ်တည်ရှာဖွေချင်တဲ့ ဘဝရယ် ၊ သားလေးတွေအတွက်ရယ် အရာအားလုံးအဆင်ပြေနိုင်မယ်လို့ယူဆပြီး စိတ်ကူး ရခဲ့တာပါ။

မေး။ ။ အကိုတို့ဆီကို ဘယ်လိုလာလို့ရသလဲဆိုတာ လမ်းကြောင်းအခြေအနေလေး ရိုးရာလေးပရိတ်သတ်တွေသိအောင် ပြောပြပေးပါဦး။
ဖြေ။ ။Express နဲ့လာမယ်ဆိုရင် ရန်ကုန် လှိုင်သာယာ၊ ဒဂုံဧရာအဝေးပြေးကွင်းမှာရှိတဲ့ ရန်ုကုန် – ငရုတ်ကောင်း ကံထူးအောင်လိုင်းကို စီးရမှာပါ။ ရန်ကုန်ကနေ ည ၈ နာရီခွဲ ထွက်ပြီး မနက် ၄ နာရီခွဲလောက် ငရုတ်ကောင်းကို ရောက်ပါတယ်။ ကိုယ်ပိုင်ကားနဲ့ လာမယ်ဆိုရင် ရန်ကုန် – ပုသိမ် – မော်တင်စွန်းလမ်းအတိုင်းလာပြီး ငရုတ်ကောင်းတောင်အရောက်မှာ မော်တင်စွန်းလမ်းပေါ်ကနေ ငရုတ်ကောင်းမြို့ကို လမ်းခွဲရမှာပါ။ ရန်ကုန် – ပုသိမ် ၉၈ မိုင်၊ ပုသိမ် – ငရုတ်ကောင်းတောင် ၆၁ မိုင်နဲ့ ငရုတ်ကောင်းတောင်ကနေ ငရုတ်ကောင်း မြို့အထိက ၁၇ မိုင်ပါ။ ငရုတ်ကောင်းတောင် ကနေ ငရုတ်ကောင်းမြို့ အထိက ကျောက်ချောလမ်းပါ။

မေး။ ။ ဘန်ဂလိုဘယ်နှလုံးရှိလဲ။
ဖြေ။ ။သုံးလုံးပဲ ရှိပါတယ်။

မေး။ ။အကိုတို့ဆီမှာ ရနိုင်တဲ့ အစားအသောက်နဲ့ တခြား ဝန်ဆောင်မှုတွေအကြောင်း ပြောပေးပါဦး။
ဖြေ။ ။အစားအသောက်ပိုင်းကတော့ ကလေးနှစ်ယောက်ကို သင်ပေးနေဆဲမို့ ကျွန်တော်နဲ့ သူတို့နှစ်ယောက်နဲ့ ချက်ပါတယ်။ နေ့လည်ပိုင်းကို ချက်တာကျွေးပြီး ညပိုင်းကိုတော့ grilled လုပ်ကျွေးပါတယ်။ ရေချိုပုစွန်ထုပ်၊ ဂဏန်း၊ ဂုံး သုံးပြီး တခြားအသားအနေနဲ့ ကြက်သား တစ်မျိုးပဲ သုံးပါတယ်။ အခန်းထဲမှာ ရေခဲသေတ္တာ၊ တီဗွီ၊ မှန်တင်ခုံနဲ့ H.C မွေ့ယာတွေ သုံးထားပေးပါတယ်။ သယ်ယူပို့ဆောင်ရေးအတွက် လောလောဆယ်တော့ speed boat နဲ့ပဲ အကြို-အပို့ လုပ်ပါတယ်။ဆားဗစ်အပိုင်းကတော့ ရှိနေတဲ့ ကလေးတွေကို ကျွန်တော်လက်လှမ်းမီသလောက် ဖြစ်ချင်တဲ့ ဟာတွေ ပြောပြပြီး အကောင်းဆုံးတော့ ပေးဖို့ ကြိုးစားပါတယ်။ ကျွန်တော်ဖြစ်ချင်တာက လာတည်းသူရော၊ ဒီက ကလေးတွေရော အေးအေးဆေးဆေး၊ သက်တောင့်သက်သာနဲ့ အားလုံးနေရထိုင်ရတာ ပေါ့ပါ့ပါးပါးရှိတဲ့ အနေအထားပဲဖြစ်ချင်တာပါ။ ဒါပေးလို့ ဒါပြန်လုပ်ပေးတယ် ဆိုတဲ့ ပုံစံမျိုးမဖြစ်အောင်၊ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ စိတ်ဝင်တစားလည်းရှိ၊ စေတနာလည်းထားတတ်အောင် ပြောပြရင်း အကောင်းဆုံး ဝန်ဆောင်မှုတွေ ဖြစ်လာဖို့ ကြိုးစားနေပါတယ်။

မေး။ ။ရေ၊ မီး အတွက်ရော ဘယ်လိုစီစဉ်ပေးနေလဲ။
ဖြေ။ ။ရေက ကမ်းခြေကထွက်နေတဲ့ ရေချိုတွင်းကနေ ယူပါတယ်။ မီးက ညနေ ၆ နာရီကနေ မနက် ၇ နာရီလောက်ထိပေးပြီး နေ့လည်ပိုင်း ၁ နာရီကနေ ၄ နာရီအထိ သုံးနာရီလောက်ပြန်ဖွင့်ပေးပါတယ်။ အချိန်ပြည့်ပေးချင်ပေမယ့် မီးစက်ရဲ့ ခံနိုင်ရည်ရယ်၊ ဆီဖိုးရယ်ကြောင့်ပါ။

မေး။ ။ လူအင်အားကရော ဘယ်နှစ်ယောက်လောက် ရှိမလဲ။
ဖြေ။ ။လူအင်အားက ကျွန်တော်အပါအဝင်မှ စုစုပေါင်း ၆ ယောက်၊ ပုသိမ်ဘက်က အဝယ်တော် အစ်ကိုကြီးနဲ့ဆို အားလုံးပေါင်း ၇ ယောက်နဲ့ပဲ လည်ပတ်ပါတယ်။ ကြားထဲက ခရီးသွားဟန်လွှဲ ဝင်ကူတဲ့သူတွေရယ်၊ ပုသိမ် ငရုတ်ကောင်း ကားဆရာ အစ်ကိုတွေရယ် ဆိုင်ကယ်တက္ကစီ ညီလေး တချို့ရယ် ဝိုင်းကူကြပါတယ်။ ဖြစ်ချင်တာကို ဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားပေးကြတဲ့ နယ်ခံ လှေသမားကြီးနဲ့ တစ်ခြားသူတွေကိုလည်း ကျေးဇူးတင်ရပါတယ်။ သေးသေးလေးဆိုပေမယ့် အဓိကဆိုတဲ့ ၇ ယောက်တည်းနဲ့လည်း လည်ပတ်လို့မရပါဘူး။ လူထပ်တိုးဖို့ လူလိုချင်ပေမယ့် အလုပ်မရှိသူများပြီး အလုပ်လုပ်လိုသူနည်းတဲ့ လူမှုပတ်ဝန်းကျင်မှာ သင်ယူလိုမှု၊ နာခံမှု နည်းပါးပြီး အလုပ်ကို အလုပ်လိုသဘောမထားနိုင်တဲ့ ကလေးတွေပဲများလို့ လူတစ်ယောက်ရဖို့ တကယ် မလွယ်ပါဘူး။

မေး။ ။ တည်းခိုနိုင်မဲ့ Package လေးတွေနဲ့ ဈေးနှုန်းလေးတွေရော ပြောပြပေးပါဦး။
ဖြေ။ ။အကြမ်းဖျဉ်း ၁၂၀,၀၀၀ ကျပ်ကနေ ဝန်ဆောင်မှုအလိုက်၊ Package အလိုက် အစားစားရှိပါတယ်။ အသေးစိတ်ကို ကျနော့် The Log Page ထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မေး။ ။ လက်ရှိ The Log မှာပဲ နောက်ထပ် ဘာအစီအစဉ်တွေ ထပ်လုပ်ဖို့ရှိပါသလဲ အကို။
ဖြေ။ ။ ထပ်လုပ်ဖို့ အခွင့်အရေးပေးရင်တော့ နောက်ထပ် သုံးလုံးလောက် ထပ်ဆောက်ပြီး လိုအပ်နေတဲ့ Infrastructure တွေကို ကျွန်တော့်စိတ်ကူးထဲကအတိုင်း ပြုပြင်ချင်တယ်။ အခုလည်းသာသာယာယာဆိုပေမယ့် မပြည့်မစုံနဲ့ ခြောက်ကပ်ကပ်လို ခံစားရတယ်။ လိုပါသေးတယ်။ ဒါပေမယ့် တစ်ယောက်တည်း ရုန်းကန်ခဲ့တဲ့ အိပ်မက်တွေ ဒီလောက်ထိ ဖြစ်လာခဲ့ပြီးပြီဆိုတော့ နောက်ထပ် သိပ်မဝေးတော့ဘူူး ထင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရိုးရာလေးပရိတ်သတ်တွေကို ဘာများပြောချင်သေးလဲ။
ဖြေ။ ။အရိုးသားဆုံးရှာခဲ့ပြီး ရှိတာနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင် ဖန်တီးခဲ့ရတာမို့ မပြည့်စုံတာတွေ ရှိနေနိုင်ပေမယ့် ငြိမ်းချမ်းအေးမြမှုနဲ့ နွေးထွေးလုံခြုံမှုဆိုတာကိုတော့ ရမယ်လို့ ကျွန်တော် အာမခံပါတယ်။
Lodge တွေ အများကြီးတိုးဖို့လည်း စိတ်ကူး မရှိပါဘူး။ စားတာသောက်တာမျိုးကအစ ခန်းမတွေ ပါတီတွေ မင်္ဂလာအခမ်းအနားတွေမှာ လူအများနဲ့ စားရသောက်ရတာမျိုးလို တခမ်းတနားနဲ့ လူမများပေမယ့် အေးအေးလူလူ ပြောဆို စားသောက်နေထိုင်ရတာ ပို သဘောကျပါတယ်။ ကျွန်တော့်ဆီလာတဲ့ လူတွေကိုလည်း ကျွန်တော့်စိတ်နဲ့ ထပ်တူသဘောထားပြီး ခံစားပေးပါတယ်။ ဈေးယူတာကလည်း ဒီနေရာ ဒီဈေးပေါ့ ဆိုတဲ့ စိတ်ထားနဲ့ မဟုတ်ပါဘူး။ ကျွန်တော့် နေရာက သယ်ယူပို့ဆောင်ရေး ခက်တာရယ်၊ ဒီအရပ် ဒီဒေသ ကုန်ဈေးနှှုန်းက တစ်ပတ်ပြီး တစ်ပတ် တက်လာနေတာရယ်ကြောင့်ပါ။ စီးပွားရေးကို စီးပွားရေးလို ပြတ်ပြတ်သားသား မလုပ်ဘဲ စိတ်ခံစားချက်ပါ ထည့်ပြီးလုပ်လို့ ကျွန်တော်လည်း လည်ပတ်ရုံပါပဲ။ဈေးယူရတာကို အားနာပါတယ်။ အားပေးကြတာလည်း ကျေးဇူးတင်ပါတယ်။ အကျိုးအကြောင်းတိုက်ဆိုင်ခဲ့မယ်ဆိုရင် မြို့ပြကနေ ခဏလောက်ထွက်ခဲ့ပြီး လာခဲ့ကြပါ။ အားပေးကြပါ ခင်ဗျာ။

ကဲ ကိုဇိုဇိုလည်း မောပြီ။ စာလည်း အတော်ရှည်သွားပြီ။ မြို့ကြီးပြကြီးရဲ့ မွန်းကျပ်မှုတွေကနေ ခဏလောက် ရုန်းထွက်ပြီး လှိုင်းပုတ်သံလေးတွေ နားထောင်ရင်း၊ စိမ်းပြာရောင် တဖြတ်ဖြတ်တောက်နေတဲ့ ပင်လယ်ကြီးကို ကြည့်ရင်း၊ လတ်ဆတ်ပြီး အရသာရှိတဲ့ ပင်လယ်စာတွေကို ဝိုင်ဖြူ ဝိုင်နီတို့နဲ့ တွဲဖက်စားသုံးရင်း၊ Speed boat လေးစီးရင်း၊ Snorkeling လုပ်ရင်း၊ မြို့ပြမှာ မရနိုင်တဲ့ သဘာဝအလှအပတွေကို ခံစားရင်း The Lodge Of Goryangyi (The Log) အကြောင်းနဲ့ The Log ကို တည်ထောင်ခဲ့သူ ကိုဇိုဇိုရဲ့ စိတ်ဝင်စားဖွယ် ဘဝအစိတ်အပိုင်းတစ်ချို့ကို ရိုးရာလေး ပရိသတ်ကြီးကို မ ျှဝေပေးလိုက်ပါတယ်။

အားလပ်ရက်မှာ အပန်းဖြေချင်တဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ https://www.facebook.com/lodgeofgoyangyi/ ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

စာရေးသူရောက်ခဲ့စဉ်က ဓာတ်ပုံတစ်ချို့ကိုလည်း နမူနာ မ ျှဝေပေးလိုက်ပါတယ်။ ကိုဇိုဇိုပြောသလို ပြန်ပြောရရင် အကျိုးအကြောင်းတိုက်ဆိုင်ခဲ့မယ်ဆိုရင် ရောက်ဖြစ်အောင် သွားသင့်တဲ့နေရာလေးတစ်ခုဆိုတာ အသေအချာပါပဲ။

The Log ကို ဆိုက်ကပ်ခါနီးမှာ Speed board ပေါ်ကနေ ဒီလို မြင်ရတယ်။

ကျွန်တော်တို့တည်းခိုခဲ့တဲ့ ဘန်ဂလိုလေးကနေ ကမ်းစပ်ကို ဒီလိုလေး မြင်ရတယ်။

ကျောက်ဆောင်တစ်ခုပေါ်ကနေ ကမ်းစပ်နဲ့Speed boat လေးကို လှမ်းရိုက်ထားတာ။

ကမ်းစပ် … စိမ်းပြာရောင် ကမ်းစပ်

ဒီနေရာမှာ အကြိုက်ဆုံးက ရေရဲ့အရောင်ပဲ
စိမ်းပြာရောင် တောက်ပြီး ကြည်လဲ့နေတာ။

အုန်းပင် ပင်စည်တွေကိုဖြတ်ပြီး ဟန်းမိတ်လုပ်ထားတဲ့ Landscape မီးရောင်လေးတွေနဲ့လှချင်တိုင်း လှနေတဲ့ The Log က ဘန်ဂလိုလေးတွေ။
ညမှာလည်း လှတာပဲ။

Happy Holidays to you all.

RT (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top