အရုပ်လေးသုံးရုပ်ကပေးတဲ့ သင်ခန်းစာ

43412298_593715521043636_598685661871996928_n.jpg

စာသင်ခန်းထဲမှာ ကျောင်းဆရာတစ်ယောက်ဟာ သူရဲ့ တပည့်တွေကို လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး ဥပမာလေးတစ်ခုပြသကာ သင်ကြားနေပါတယ်။ ဆရာ့စားပွဲပေါ်မှာတော့ အရုပ်လေးသုံးရုပ်ကို တင်ထားပါတယ်။ အရုပ်လေးတွေဟာ အသွင်အပြင်၊ အရွယ်အစား၊ အရောင်အသွေး အားလုံးဆင်တူတွေပဲဖြစ်ပါတယ်။ ဆရာက အရုပ်ကလေးတွေကို ညွှန်ပြရင်း “ကဲ ငါ့တပည့်တို့…ဒီအရုပ်လေးသုံးရုပ်က သာမန်အားဖြင့် ကြည့်လိုက်မယ်ဆိုရင်တော့ အတူတူပါပဲ။ ဒါပေမဲ့ တစ်ရုပ်နဲ့တစ်ရုပ်မတူညီဘဲ ကွဲပြားနေတဲ့အချက်လေးတွေရှိတယ်။ ဘာတွေများမတူညီဘဲ ကွဲပြားနေလဲဆိုတာ ငါ့တပည့်တို့ ကိုယ်တိုင်လာပြီး ရှာဖွေကြည့်ပါဦး” လို့ ဆိုလိုက်ပါတယ်။

အဲဒီအခါ ကျောင်းသားတွေက အရုပ်လေးသုံးရုပ်ကို သေသေချာချာ ကြည့်ရှုပြီးနောက် ” ဘာတွေ ကွဲပြားနေလဲဆိုတာ ကျွန်တော်တို့ရှာတွေ့ပါပြီ။ ပထမအရုပ်လေးက နားတစ်ဘက်တစ်ချက်စီမှာ အပေါက်လေးတစ်ခုစီပါတယ်။ ဒုတိယအရုပ်လေးမှာတော့ နားမှာတစ်ပေါက်ပဲပါပြီး ပါးစပ်မှာတစ်ပေါက်ပါတယ်။ နောက်ဆုံး တတိယအရုပ်လေးကတော့ နားမှာ အပေါက်လေးတစ်ခုပဲပါတယ် ဆရာ” လို့ သူတို့တွေ့ရှိချက်တွေကို ပြန်လည်ဖြေဆိုလိုက်ပါတယ်။

“တော်ပါတယ် တပည့်တို့။ အခု ဆရာဘာဆက်လုပ်မလဲဆိုတာ အာရုံစိုက်ပြီး လိုက်ကြည့်ပါဦး”လို့ ပြောလိုက်ပါတယ်။

အဲ့ဒီနောက် ဆရာဖြစ်သူက ပင်အပ်လေးတစ်ချောင်းကိုယူလိုက်ပြီး ပထမအရုပ်လေးနဲ့ ဘယ်ဘက်နားကနေ ထိုးလိုက်တဲ့အခါ ညာဘက်နားကနေ ပြန်ထွက်လာပါတယ်။ ဒုတိယအရုပ်လေးရဲ့ ဘယ်ဘက်နားကနေ ထိုးထည့်လိုက်တဲ့အခါမှာတော့ အရုပ်လေးရဲ့ ပါးစပ်ပေါက်ကနေ ပင်အပ်လေးက ပြန်ထွက်လာပါတယ်။ နောက်ဆုံးဖြစ်တဲ့ တတိယအရုပ်လေးရဲ့ နားထဲကို ထိုးလိုက်တဲ့အခါမှာတော့ တစ်ဖက်မှာ ဘာအပေါက်မှမရှိတော့တာကြောင့် ပြန်မထွက်ဘဲ အတွင်းမှာပဲပိတ်မိနေပါတယ်။

ဆရာဖြစ်သူက “အခု ပြသလိုက်တဲ့ အရုပ်လေးသုံးရုပ်နဲ့တူတဲ့ လူတွေဟာ ဆရာတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေကြပါတယ်။ ပထမအရုပ်လေးနဲ့တူတဲ့သူတွေက ရှေ့မှာတော့ ဆရာတို့ပြောသမျှ၊ ရင်ဖွင့်သမျှကို အကုန်နားထောင်ပေးတတ်ကြတယ်။ အရုပ်လေးရဲ့ တစ်ဘက်နားကဝင် တစ်ဘက်နားကထွက်သလိုပဲ ပြောသမျှအကြောင်းအရာအကုန်လုံးဟာ ခံစားချက်မရှိဘဲ ဟန်ဆောင်မှုသတ်သတ်နဲ့သာ နားထောင်ပေးနေကြတာပဲဖြစ်တယ်။ အဲဒါကြောင့် ဒီလိုမျိုး အပေါင်းအဖော်တွေကို အရေးတကြီးကိစ္စတွေ တိုင်ပင်ဆွေးနွေးမယ်ဆိုရင်တော့ အပ်ကြောင်းထပ်မကပြောပြရင်တောင်မှ အလေးထားမှတ်မိနိုင်ဖို့ ခက်ခဲတဲ့အပြင် အကူအညီရရှိဖို့လည်း မလွယ်ပါဘူး။

ဒုတိယအရုပ်လေးကတော့ ဆရာတို့ပြောပြသမျှ၊ တိုင်ပင်ဆွေးနွေးသမျှအကုန်ကို လျှို့ဝှက်ထားတာမျိုးလုံးဝမရှိဘဲ ပတ်ဝန်းကျင်ကို အိတ်သွန်ဖာမှောက် ပြန်လည် ပြောပြတတ်တဲ့သူမျိုးပါ။ တစ်နည်းအားဖြင့် စည်းမစောင့်ဘဲ နှုတ်မလုံတဲ့သူတွေပေါ့။ အထူးသဖြင့်ဒီလိုအကျင့်ရှိတဲ့မိတ်ဆွေအပေါင်းအဖော်တွေကို ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့ အရေးကြီးကိစ္စ၊ မိသားစုအတွင်းရေးကိစ္စတွေကို ဆွေးနွေးတိုင်ပင်ခြင်း လုံးဝ မလုပ်သင့်ပါဘူး။

နောက်ဆုံးအရုပ်လေးကတော့ တစ်ဘက်နားက အပ်လေးသွင်းလိုက်တယ်။ တစ်ဘက်နားကလည်း မထွက်လာသလို ပါးစပ်ပေါက်ကလည်း မထွက်လာဘူးနော်။ ငါ့တပည့်တို့ရဲ့ အရေးကြီးကိစ္စအကြောင်းအရာတွေ တိုင်ပင်တဲ့အခါ တတိယအရုပ်လေးလိုမျိုး မိတ်ဆွေကိုသာ ရွေးချယ်တိုင်ပင်သင့်ပါတယ်။ ဆရာတို့ပြောသမျှကို တစ်ဘက်နားကဝင် တစ်ဘက်နားကလည်း မထွက်ဘူး။ ပါးစပ်ကနေလည်း ဆရာတို့ရဲ့ အကျိုးစီးပွားကိုမငဲ့ဘဲ ပတ်ဝန်းကျင်ကို မပျံနှံစေပါဘူး။ ဒီလိုမျိုးမိတ်ဆွေတွေက ဆရာတို့ရဲ့ အကောင်းဆုံး၊ စိတ်အချရဆုံး မိတ်ဆွေတွေပဲဖြစ်ကြပြီး ဆရာတို့ရဲ့ အခက်အခဲတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းပေးတတ်ကြပါတယ်။ အဲဒါကြောင့် ငါ့တပည့်တို့လည်း တတိယအရုပ်လေးလိုမျိုး မိတ်ဆွေတွေကို ရွေးချယ်ပေါင်းသင်းတတ်ဖို့လိုတယ်နော်” လို့ ဆုံးမစကားဆိုလိုက်ပါတယ်။

ကဲ…စာဖတ်ပရိသတ်တွေရဲ့ အနီးနားမှာရော တတိယအရုပ်လေးလို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်တွေရှိနေပြီလား။

Ref: “The Three Types of People”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top