မူစလင်မဟုတ်သူများနဲ့ လွတ်လပ်စွာ လက်ထပ်ခွင့်ရခဲ့တဲ့ တူနီရှားနိုင်ငံမှ အမျိုးသမီးများ

ap_160647687841-e1505566120187.jpg

အာဖရိကတိုက်မြောက်ပိုင်းရှိ တူနီးရှား (Tunisia) နိုင်ငံဟာ အမျိုးသမီးများကို မူဆလင် မဟုတ်သူများနဲ့ လက်ထပ်ခွင့် တားမြစ်ထားတဲ့ဥပဒေကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီဥပဒေကို ၁၉၇၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့တာဖြစ်ပါတယ်။

တူနီးရှား သမ္မတ ဘီဂျီကိဒ် အက်ဆီဘီစ် ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး တူးနီးရှား အမျိုးသမီး အများစုဟာ အခုဆိုရင် လွတ်လပ်စွာအိမ်ထောင်ကိုရွေးချယ်နိုင်ပြီ ဖြစ်တဲ့အတွက် ဂုဏ်ပြုကြောင်း  ပြောဆိုခဲ့ပါတယ်။

ဥပဒေကို မပယ်ဖျက်မီကဆိုရင် မူဆင်လင် မဟုတ်သူ အမျိုးသားတစ်ယောက်က တူနီးရှား မူဆလင် အမျိုးသမီးတစ်ယောက်ကို လက်ထပ်ချင်တယ်ဆိုရင် အစ္စလာမ်ဘာသာဝင် အဖြစ်ပြောင်းလဲရပြီး ဘာသာဝင်အဖြစ်ပြောင်းလဲကြောင်း သက်သေပြပြီးမှ လက်ထပ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၉၉ ရာခိုင်နှုန်းရှိတဲ့ တူနီးရှားနိုင်ငံဟာ  အမျိုးသမီးရပိုင်ခွင့်များ ခွင့်ပြုပေးတဲ့နေရာမှာ အမြန်ဆုံးနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

သမ္မတ ဘီဂျီကိဒ် အက်ဆီဘီစ် (Beji Caid Essebsi) ရဲ့ ပြီးခဲ့တဲ့လတုန်းက မိန့်ခွန်းတစ်ခုမှာတော့ ဒီဥပဒေဟာ အမျိုးသမီးတွေ အိမ်ထောင်ဖက် လွတ်လွတ်လပ်လပ်ရွေးချယ်ရာမှာ အဟန့်အတားတစ်ခု ဖြစ်နေတယ် လို့ပြောခဲ့ပါတယ်။ တူနီးရှားနိုင်ငံမှာ လူ့အခွင့်အရေး  တက်ကြွလှုပ်ရှားသူတွေကတော့ ဒီဥပဒေ ဖျက်သိမ်းဖို့ကို အစောကြီးကတည်းက တောင်းဆိုနေခဲ့တာဖြစ်ပြီး တူနီးရှားနိုင်ငံသားအများစုကတော့  အမျိုးသမီးများကို လွတ်လပ်စွာ အိမ်ထောင်ဖက်ကို ရွေးချယ်နိုင်ခွင့်ပေးလိုက်တာက တူနီးရှားနိုင်ငံရဲ့ အမျိုးသမီးထုကြီးအတွက်  ဂုဏ်ယူစရာမှတ်တိုင်တစ်ခုလို့ မြင်ကြပါတယ်။

ဒီလိုပယ်ဖျက်လိုက်ခြင်းကြောင့် တူနီးရှားနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကမြောက်ပိုင်းမှာ နိုင်ငံတော် ဘာသာဖြစ်တဲ့ အစ္စလာမ်ဘာသာပြင်ပက လူများနဲ့ လွတ်လပ်စွာ လက်ထပ်ခွင့်ပေးခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ အမျိုးသမီး မူစလင်ဘာသာဝင်များ လိုမဟုတ်ဘဲ မူစလင် အမျိုးသားများကတော့ မူဆလင်ဘာသာဝင် မဟုတ်သူ အမျိုးသမီးများကို  ဘာသာရေးဆိုင်ရာ အသိအမှတ်ပြု ထောက်ခံချက်မလိုဘဲ လက်ထပ်နိုင်ပါတယ်။ အခု ဥပဒေကို ပယ်ဖျက်လိုက်ပေမဲ့ တခြား ဘာသာဝင် အမျိုးသမီးများကတော့ ယဉ်ကျေးမှုနဲ့ ရိုးရာထိပ်တိုက် ရင်ဆိုင်တွေ့နေရဦးမှာ ဖြစ်ပြီး တူနီးယား မူစလင်အမျိုးသမီးများကတော့  ဥပဒေကြောင်းအရကို လွတ်လပ်ခွင့် ရသွားခဲ့ပါတယ်။

ဇူလိုင်လတုန်းကလည်း တူနီးရှားပါလီမန်ဟာ မုဒိမ်းမှု ကျုးလွန်သူတွေကို ကျူးလွန်ခံရသူတွေနဲ့ လက်ထပ်လိုက်ရင် ပြစ်မှုကနေ တရားသေလွှတ်ပေးတဲ့ ဥပဒေကို ပယ်ဖျက်ခဲ့ပါသေးတယ်။ တူနီးရှားနိုင်ငံဟာ ၁၉၅၆ ခုနှစ်လောက်ကတည်းက မယားပြိုင်ယူဓလေ့ ကိုပယ်ဖျက်ခဲ့တာ ဖြစ်ပြီး ဒီလို ပယ်ဖျက်ခဲ့တာဟာ တခြား မူဆလင်နိုင်ငံတွေနဲ့ လုံးဝကွဲထွက်နေခဲ့တာဖြစ်ပါတယ်။

သို့ပေမဲ့ တူနီးရှား အမျိုးသမီးအများစုဟာ ယခုအချိန်အထိ ခွဲခြားဆက်ဆံမှုများ ခံနေရဆဲဖြစ်ပြီး ဥပမာ အမွေဆက်ခံခွင့်ကို သားယောက်ျားလေးများသာ ခံစားခွင့်ရှိတဲ့ ဥပဒေမျိုး ရှိနေပါသေးတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကတော့ ၂၀၁၀ အာရပ်နွေဦးကာလမှစလို့ တူနီးရှားအမျိုးသမီးများရဲ့ လွတ်လပ်ခွင့်ဟာ အနည်းငယ်သာ တိုးတက်လာခဲ့တယ် လို့ဆိုခဲ့ပါတယ်။

Ref : BBC News : Tunisian women free to marry non-Muslims

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top