မြန်မာပြည်ခရီးစဉ် အကြောင်းကို ဖော်ပြတဲ့နေရာမှာ တစ်ဘက်စောင်းနင်းနိုင်တယ်လို့ အဝေဖန်ခံနေရတဲ့ တွစ်တာ အမှုဆောင်အရာရှိချုပ်

Jack-Dorsey-AFP.jpg

လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း စွပ်စွဲခံနေရတဲ့ မြန်မာနိုင်ငံကို ခရီးသွား လာလည်ပတ်ဖို့ ကောင်းတဲ့နေရာတစ်ခုအဖြစ် ညွှန်းခဲ့တာကြောင့် တွစ်တာရဲ့ အမှုဆောင်အရာရှိချုပ် ဂျက် ဒေါ်ဆေတစ်ယောက် ဝေဖန်မှုတွေ ခံနေရပါပြီ။

မစ္စတာ ဒေါ်ဆေက ” မြန်မာပြည်မြောက်ပိုင်းဘက်ဆီကို စိတ်အပန်းဖြေဖို့ ခရီးထွက်ခဲ့တယ်…အဲဒီမှာရှိတဲ့လူတွေက သိပ်ခင်စရာကောင်းပြီး အစားအသောက်တွေကလည်း တကယ်ကောင်းတယ်လို့ ပြောပြရင်း သူ့အကောင့်က ပရိသတ်လေးသန်းကိုလည်း မြန်မာနိုင်ငံဆီ သွားလည်ပတ်ဖို့ တိုက်တွန်းထားတာပါ။

ဒါပေမဲ့ သူဟာ ဘင်္ဂါလီ (မူရင်းတွင် Rohingya ဟု သုံးထား) မူဆလင်လူမျိုးစုတွေရဲ့ အတိဒုက္ခရောက်နေရမှုတွေကို မျက်ကွယ်ပြုထားတယ် လို့ လူတချို့က ဝိုင်းဝန်း စွပ်စွဲလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဘင်္ဂါလီ စစ်သွေးကြွတွေက မြန်မာ ရဲတပ်ဖွဲ့စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာကြောင့် မြန်မာစစ်တပ်က အပြင်းအထန် ပြန်လည် ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ဒီစစ်ဆင်ရေးအတွင်းမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကာ မြန်မာစစ်တပ်အနေနဲ့ နယ်မြေတွေကို မီးလောင်တိုက်သွင်းခဲ့တဲ့အပြင် သတ်ဖြတ်မှုတွေနဲ့ အဓမ္မမှုတွေကို ထင်တိုင်းကြဲလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြောဆိုခဲ့ပါတယ်။


မစ္စတာ ဒေါ်ဆေရဲ့ ရေးသားခဲ့မှုကို “ဒီအချိန်မှာ သူတို့ကို ဒီလိုကြော်ငြာပေးနေဖို့ မသင့်ပါဘူး” “တစ်ဘက်စောင်းနင်းကြီးဟေ့” “ဘာတာဝန်ခံမှုမှ မရှိတဲ့ ထောက်ခံပေးမှုကြီးပဲ” “ကိုယ်ပိုင်တဲ့ လူမှုကွန်ယက်မှာ လူ စိတ်မဝင်စားတဲ့ သတင်းမျိုးတွေပဲ တင်နေတော့မှာလား” လို့ တွစ်တာ သုံးစွဲသူ တချို့က ဝင်ရောက် ရေးသားခဲ့ကြပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကနေ လွတ်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀၀ ကျော်ဟာ အိုးအိမ်တွေကိုစွန့်ကာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခဲ့ကြရတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပြီး UN အဖွဲ့ကြီးကလည်း လူမျိုးစုလိုက် အပျောက်ရှင်းမှုရဲ့ နမူနာလို့ ဖော်ပြခဲ့ကာ မြန်မာနိုင်ငံက ထိပ်တန်း အရာရှိတွေအနေနဲ့ ဒီလို လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စုံစမ်း စစ်ဆေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂါလီဒုက္ခသည်တွေကို မေးမြန်းစုံစမ်းမှုတွေ လုပ်ခဲ့ဖူးတဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနက မိုဟာမက် ဂျမ်ဂျွန်းကတော့ “ဘာမှတောင် ပြောစရာ မရှိတော့ဘူး” လို့ မစ္စတာဒေါ်ဆေရဲ့ တွိအပေါ် သူ့အမြင်ကို ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရိုဟင်ဂျာ ပဋိပက္ခတွေမှာ လူမှုကွန်ရက်တွေ ပါဝင်ပတ်သက်မှု ရှိနေကြောင်းကိုလည်း အခြားသုံးစွဲသူတွေက ထောက်ပြဝေဖန်ခဲ့ပါသေးတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ ပြီးခဲ့တဲ့လတုန်းက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေခဲ့တဲ့ အကြမ်းဖက်ဖို့ လှုံဆော်နေမှုတွေနဲ့ ပတ်သက်ပြီး တားဆီးဖို့ သူတို့ဘက်က ပျက်ကွက်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

မစ္စတာဒေါ်ဆေရဲ့ တွိအောက်က တုံ့ပြန်ရေးသားမှု တစ်ခုမှာတော့ “လူမှုကွန်​ရက်​​တွေက လူမျိုးတုံး သတ်​ဖြတ်​မှု​တွေ အား​ကောင်းလာ​အောင်​ မီး​လောင်​ရာ​ လေပင့်နေချိန်​မှာ ဂျက်​​ဒေါ်စီက သူ့ရဲ့တိတ်​တဆိတ်​ အပန်းဖြေ ခရီးအကြောင်းကို တွစ်​တာမှာ ဂုဏ်​ယူဝံ့ကြွားပြီး ပြနေတယ်​” လို့ ရေးသားခဲ့ပါတယ်။  “ခင်ဗျားက မြန်မာပြည်မှာ အေးချမ်းနေတယ်ပေါ့။ မြန်​မာအစိုးရနဲ့ အစိုးရအ​ပေါ် ​အားပေး ​​ထောက်​ခံသူ​တွေ ​တွစ်တာ​ မသုံး​အောင်​ ဘယ်​လိုလုပ်​မလဲဆိုတာမျိုးကော ​ပြောခဲ့​သေးလား” ဆိုတဲ့ မေးမြန်းမှုတစ်ခုကိုလည်း တွေ့ခဲ့ရပါသေးတယ်။

မစ္စတာ ဒေါ်ဆေအနေနဲ့ ဒီလို ဝေဖန်ရေးသားမှုတွေကို တစ်စုံတစ်ရာ တုံ့ပြန်တာမျိုး လုံးဝ မလုပ်ခဲ့ဘဲ သူရေးသားခဲ့တာတွေအတွက် ဘာတွေ တာဝန်ယူပေးဖို့လိုနေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ရမယ်လို့ ဆိုခဲ့ပါတယ်။

Ref: BBC “Twitter CEO Jack Dorsey criticised for ‘tone deaf’ Myanmar tweets”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top