၁၀ နှစ်သက်တမ်း ပြည့်ခဲ့ပြီဖြစ်တဲ့ Twitter Hashtags များ

barcamp.jpg

Twitter မပေါ်ခင်က ကွန်ပျူတာ ပရိုဂရမ်မာတွေကလွဲပြီး တခြားသောသူ အများစုဟာ ကွန်ပျုတာ ကီးဘုတ်ပေါ်က ဟတ်ရှ် ရဲ့အဓိပ္ပါယ်ကို သေချာ မသိခဲ့ကြပါဘူး။ Twitter က ဟတ်ရှ်တဒ်ရဲ့ အသုံးပြုပုံကို ပုံဖော်ပြီး tweet များကို တွဲနိုင်ရန် စတင်အသုံးပြုခဲ့ရာမှ ဟတ်ရှ်တဒ်ဟာ လူအများစုနဲ့ ရင်းနှီးတဲ့အရာ တစ်ခု ဖြစ်လာပါတယ်။ အင်္ဂလန်ငွေကြေးပေါင်ကို ဖော်ပြတဲ့ လက္ခဏာ ဒါမှမဟုတ် hash ကို အရင်ကတည်းက သတင်း အချက်အလက် နည်းပညာပိုင်းမှာ အဓိပ္ပါယ်တစ်ခုကို မီးမောင်းထိုး ဖော်ပြရာမှာ အသုံးပြုခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်က ဘရီယန် ကာနီဂန်(Brian Kernighan) နဲ့  ဒန်းနစ်ရစ်ချီ (Dennis Ritchie) တို့နှစ်ယောက်ဟာ C Programming language မှာ Keywords တွေကို C preprocessor က အရင်ဆုံးတွက်ချက်စေရန် # လက္ခဏာကို အသုံးပြုခဲ့ပါတယ်။

1988 တစ်ဝိုက် မှာတော့ အင်္ဂလန်ငွေကြေး ပေါင်လက္ခဏာတစ်ခုလည်းဖြစ်တဲ့ ဟတ်ရှ် ကို IRC(Internet Relay Chat) လို့ခေါ်တဲ့ အင်တာနက်ပေါ်မှာ အသုံးပြုသူတွေ အချိန်နဲ့တစ်ပြေးညီ စကားပြောနိုင်တဲ့နက်ဝဒ်မှာ အဖွဲ့တွေနဲ့ အကြောင်းရာတွေကို ခွဲခြားရန် စတင်အသုံးပြုခဲ့ပါတယ်။

၂၀၀၇ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ (အခုဆိုရင် ၁၀ နှစ်ပြည့်ခဲ့ပါပြီ) မှာတော့ ခရစ်စ္စတိုဖာ ရိဒ်မက်ဆီနာ လို့ခေါ်တဲ့ အမေရိကန် နည်းပညာသမား တစ်ယောက်ဟာ IRC Network တွေမှာ # လက္ခဏာကို အသုံးပြုတာကို အတုယူပြီး ပထမဆုံး ဟတ်ရှ်တဒ် ကို Twitter မှာ စတင်အသုံးပြု ခဲ့ပါတယ်။

သူတင်ခဲ့တဲ့စာသားကတော့

“ခင်ဗျားတို့အားလုံး အင်္ဂလန်ငွေကြေး ပေါင်လက္ခဏာ # ကို Group တွေမှာ သုံးမယ်ဆိုရင် ဘယ်လိုသဘောရလဲ။ ဥပမာ #barcamp ဆိုတာမျိုး။” ဆိုပြီး တင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဟတ်ရှ်တဒ် အသုံးပြုတဲ့ ပထမဆုံး Tweet တစ်ခုဖြစ်ပြီး ယခု ၁၀ နှစ်ပြည့်သွားတဲ့အခါမှာတော့ # လက္ခဏာကို လူပေါင်း ၁၂၅ သန်းက နေ့စဉ် အသုံးပြုနေကြပါပြီ။

အခုဒီမှာတော့ ရိုးရာလေးပရိသတ်ကြီးအတွက် Twitter ဟတ်ရှ်တဒ် အသုံးပြုခဲ့တဲ့ အကြီးဆုံးပွဲတွေ၊ ငြင်းခုံဆွေးနွေးပွဲတွေ၊ လှုပ်ရှားမှုတွေထဲကမှ လူအများဆုံး ပါဝင်ခဲ့ကြတဲ့ အကြီးဆုံးအဖြစ်အပျက် ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။

#BlackLivesMatter

ဟတ်ရှ်တဒ် အသုံးပြုခဲ့တဲ့ ပွဲတွေအနက် Black Lives Matter ဟာနိုင်ငံတကာမှ လူပေါင်းစုံ ပါဝင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး Twitter ပေါ်မှာစတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ လူမည်းတွေအတွက် သင့်တင့်မျှတတဲ့ လူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ ဖြစ်ပြီး ယခုအချိန်မှာတော့ Black Lives Matter ဟာ အွန်လိုင်းတွေ့ဆုံတဲ့နေရာနဲ့ ပရဟိတအဖွဲ့ပါ ထူထောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

#EdBallsDay

နိုင်ငံရေးသမားတွေ Twitter သုံးရင် နာမည်ကြီးတာထက် နာမည်ပျက်တာ ပိုများပါတယ်။ အင်္ဂလန်နိုင်ငံ လေဘာပါတီ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ Edward  Samuel Miliband ဟာ၂၀၁၁ ခုနှစ်မှာ Twitter ပေါ်တွင် သူရဲ့နာမည်ကို မှား Tweet ခဲ့ပြီးနောက်မှာ အသုံးပြုသူအများစုက ရယ်မောလှောင်ပြောင်ခဲ့ကြပြီး ဒီ #EdBallsDay ကလည်း ကိုယ်ပိုင် နှစ်ပတ်လည်နေ့တွေပါ ရှိလာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

#TheDress

#TheDress ဟတ်ရှ်တဒ်ကလည်း လူတော်တော်များများ ပါဝင်ခဲ့တဲ့ ဟတ်ရှ်တဒ်တစ်ခုဖြစ်ပြီး အကြောင်းရင်းကတော့ အင်္ကျီတစ်ထည်ရဲ့ အရောင်ကို အပြာရောင်ဖြစ်တယ်၊ အမည်းရောင် ဖြစ်တယ်ဆိုတာ ငြင်းခုံကြရင်း ဖြစ်ခဲ့တာပါ။ ဒီဟတ်ရှ်တဒ် မှာဆိုရင် လူတွေ အရောင် ဘယ်လိုခွဲခြားကြလဲဆိုတဲ့ သိပ္ပံစမ်းသပ်မှုတွေပါ လုပ်ခဲ့ကြတဲ့အထိဂယက်ရိုက်ခဲ့ပါတယ်။

#HeForShe

#HeForSheကတော့ ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးများအဖွဲ့မှ ယောင်္ကျား၊ မိန်းမ တန်းတူ အခွင့်အရေးအတွက် စတင်ခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပြီး အမ်မာဝပ်ဆင် (Emma Watson)နဲ့ ဆိုင်မွန်ပဒ် (Simon Pegg) တို့တောင် ပါဝင်လှုပ်ရှားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

#PutYourBatsOut

#PutYourBatsOut ဟတ်ရှ်တဒ် ကတော့ ၂၀၁၄ ခုနှစ်မှာ ဩစတျေးလျ ခရစ်ကတ် ကစားသမား ဖိလစ်ဟုဂ် (Phillip Hughes)  ရုတ်တရက် သေဆုံးသွားတဲ့အတွက် သူရဲ့ ပရိတ်သတ်ဖြစ်သူ ပေါလ်တေလာက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ခရစ်ကတ် တုတ်တံ (cricket bat)ကို  အိမ်အပြင်မှာ ထုတ်ထားရာမှ စတင်ပြီး ဖြစ်ပေါ်လာတဲ့ ဟတ်ရှ်တဒ် တစ်ခု ဖြစ်ပါတယ်။

#CupforBen

ပြီးခဲ့တဲ့နှစ်က အင်္ဂလန်နိုင်ငံ ဒီဗွန်ပြည်နယ်မှ ဖခင်တစ်ယောက်ဟာ အထီးကျန် စိတ်ဝေဒနာ ခံစားနေရတဲ့ သူရဲ့သားဖြစ်သူ ဘန် (Ben) အတွက် သူသောက်လေ့ရှိတဲ့ နို့ဗူးတစ်ဗူး အစားထိုးဖို့အတွက် စတင်ခဲ့တဲ့ဟတ်ရှ်တဒ် တစ်ခုဖြစ်ပါတယ်။ ဘန်ဟာ ဥာဏ်ရည်မသန်စွမ်း (Autism) သူတစ်ယောက်ဖြစ်ပြီး သူသောက်လေ့ရှိတဲ့ နို့ဗူးမှလွဲပြီး တခြား နို့ဘူး မသောက်ဘူးလို့ ဖခင်ကို ပူဆာပါတယ်။ ဒါပေမဲ့ ပြဿနာက သူသောက်တဲ့နို့ဗူးဟာ နောက်ပိုင်း မထုတ်လုပ်တော့တဲ့ နို့ဗူး ဖြစ်ပါတယ်။ ဒီ ဟတ်ရှ်တဒ် လှုပ်ရှားမှုကိုအကြိမ် ၁၂၀၀၀ ကျော်လောက် ပြန် Tweet ခဲ့ပြီး နောက်ပိုင်းမှာ နို့ဗူးထုတ်လုပ်တဲ့ စက်ရုံတစ်ရုံက ဘန်အတွက် သူနှစ်သက်တဲ့ နို့ဗူးပုံစံ ၅၀၀ ကို ထုတ်လုပ်ပေးခဲ့တဲ့ အခါမှ ပြီးပြတ်သွားပါတော့တယ်။

#IceBucketChallenge

#IceBucketChallenge ဟတ်ရှ်တဒ်ကလည်း ၂၀၁၄ ခုနှစ်မှာ အင်တာနက်မှာ ထင်ရှားခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပြီး လူအများစုက သူတို့ ခန္ဓာကိုယ်ပေါ် ရေခဲရေများ လောင်းချကြရင်း ဆိုရှယ်မီဒီယာတွေ ပေါ်တင်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

#JoinIn

ဒီတစ်ခုကတော့ ဟာသသရုပ်ဆောင် ဆာရာ မီလီကန် (Sarah Millican) စတင်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ခရစ္စမတ်မှာ တစ်ယောက်တည်း အိမ်မှာနေရတဲ့သူတွေကို စုစည်း တွေဆုံပေးဖို့ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။

#FollowFriday

#FollowFriday ကတော့ Twitter မှာ လူအများကြီး ပါဝင်ခဲ့ကြတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ကာ လူပေါင်း ဘီလီယံ ဝက်လောက်အထိ အသုံးပြုခဲ့ကြတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

#barcamp

ကြားဖူးသလိုလို ဖြစ်နေတယ်မှလား။ ဟုတ်ပါတယ်။ ဒီ ဟတ်ရှ်တဒ်ဟာ အူဘာ နဲ့ Google မှာ Software အင်ဂျင်နီယာလုပ်ခဲ့ဖူးတဲ့ ခရစ်စ္စတိုဖာ ရိဒ်မက်ဆီနာ ပထမဆုံး အသုံးပြုခဲ့တဲ့ ဟတ်ရှ်တဒ် ဖြစ်ပါတယ်။ (အပေါ်မှာ ပထမဆုံး ဖော်ပြထားပါတယ်။)

Ref : BBC Tech : Twitter hashtags are 10 years old – so here are 10 of the most popular

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top