ပထမဦးဆုံးပွဲဦးထွက်မှာပဲ နှစ်ဂိုးသွင်းပြလိုက်တဲ့ အူစိန်ဘော့

43704623_2148898035174157_2982953738823532544_n.jpg

တာတို အပြေးချန်ပီယံတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ အသက် ၃၂ နှစ်အရွယ် ဂျမေကာနိုင်ငံသား အူစိန်ဘော့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဩစတေးလျကလပ် စင်ထရယ်ကို့စ် မရီနာ (Central Coast Mariners) အသင်းရဲ့ ခြေစမ်းပွဲစဉ်မှာ

သူ့အတွက် ပထမဦးဆုံးပွဲဦးထွက်အဖြစ် ပါဝင်ကစားပြီး အနိုင်ဂိုး ၂ ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

မက်ကာသာ ဆောက်ဝက်စ်ယူနိုက်တက် (Macarthur South West United) အသင်းကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ရာသီအကြို ခြေစမ်းပွဲစဉ်မှာ အူစိန်ဘော့က မရီနာအသင်းအတွက် တတိယအနိုင်ဂိုးနဲ့ စတုတ္ထအနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဂိုးသွင်းယူအပြီးမှာ သူ့ရဲ့ တာတိုပြေးပြိုင်ပွဲတွေမှာ အောင်ပွဲခံလေ့ရှိတဲ့ အမှတ်အသားပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။

ပွဲပြီးဆုံးပြီးနောက်မှာ အူစိန်ဘော့ဟာ သူ့ရဲ့တွစ်တာအကောင့်ပေါ်မှာ “ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အိပ်မက်တွေ အခုတော့ တကယ်ဖြစ်လာပြီ” လို့ ရေးသားထားပါတယ်။ အူစိန်ဟာ အက်စတွန်ဗီလာအသင်းကနေ အငှားလာကစားနေတဲ့ တိုက်စစ်မှူး ရော့စ် မက်ကော့မက် (Ross McCormack) နဲ့ ယှဉ်ပြီး ကစားခဲ့ရတာပါ။

သူ့ရဲ့ အားသာချက်အတိုင်း တစ်ဘက်အသင်းရဲ့ နောက်ဆုံးနောက်ခံလူကို အပြတ်အသတ် ကျော်ဖြတ်ပြီး ပြေးထွက်ခဲ့တာမျိုးတွေ လုပ်ပြနိုင်ခဲ့သလို ဒီပွဲနဲ့ ပတ်သက်ပြီး “ကျွန်တော့်ရဲ့ ပထမဆုံးပွဲမှာတင် ဂိုးနှစ်ဂိုးသွင်းပြနိုင်ခဲ့လို့ အရမ်းကို ပျော်ပါတယ်။ ဒီလို ခံစားချက်က အရမ်းကောင်းပါတယ်။ ဘာလုပ်နိုင်လဲဆိုတာ လူတွေသိအောင် သက်သေပြချင်နေပါပြီ” လို့ ခံစားချက်နဲ့ ပတ်သက်ပြီး အူစိန်ဘော့က ရင်ဖွင့်ခဲ့ပါသေးတယ်။

မရီနာအသင်း ပါဝင်ကစားမယ့် ဩစတေးလျ အေလိဂ် (A League) ဟာ အောက်တိုဘာလ ၂၁ ရက်မှာ ရာသီအသစ် စတင်တော့မှာပါ။ အူစိန်ဘော့ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ အမာခံပရိတ်သတ်တစ်ယောက် ဖြစ်ပါတယ်။

Ref: Daily Mail “Usain Bolt scores the first two goals of his professional football career”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top