အဝတ်လျှော်စက်နဲ့ အဝတ်လျှော်တော့မယ်ဆိုရင်

yyl-014.jpg

ဒီတစ်ခါတော့ အိမ်ရှင်မတွေအတွက် အဝတ်လျှော်စက်နဲ့ အဝတ်လျှော်တော့မယ်ဆို

ရင် သတိထားရမယ့် အချက်လေးတွေကို စုစည်းဖော်ပြပေးလိုက်တယ်နော်။

စွန်းထင်းညစ်ပတ်နေတဲ့ အဝတ်အထည်တွေကို သီးသန့်လျှော်ပါ။အစွန်းအထင်းများ၊ရွှံ့များနဲ့ ညစ်ပေနေတဲ့အဝတ်အထည်တွေကို တခြားအဝတ်အထည်တွေနဲ့ ရောပြီးမလျှော်ပါနဲ့။ ရောပြီးလျှော်လိုက်မယ်ဆိုရင် အညစ်အကြေးတွေက အခြားအဝတ်အထည်များကိုပါ စွန်းထင်းနိုင်တဲ့အတွက် အကောင်းဆုံးကတော့ သီးသန့်သာလျှော်ပါ။

အဝတ်လျှော်စက်ထဲကို ဆပ်ပြာမှုန့်အရင်မထည့်ပါနဲ့

အကယ်၍ သင်ဟာ အဝတ်လျှော်စက်အသုံးပြုပြီး အဝတ်လျှော်မယ်ဆိုရင် လျှော်မယ့် အဝတ်အစားတွေကို အရင်ထည့်ပါ။ ပြီးရင် ရေထည့်ပါ။နောက်ဆုံးမှသာ ဆပ်ပြာမှုန့်/ဆပ်ပြာရည်ထည့်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဆပ်ပြာနောက်ဆုံးမှထည့်ခြင်းကဆပ်ပြာနဲ့အဝတ်အထည်များ တိုက်ရိုက်ထိတွေ့ခြင်းမရှိစေတဲ့အတွက်ကြောင့် အဝတ်အထည်များ အလျင်အမြန် ဆွေးမြေ့ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အခြောက်ခံစက်အသုံးပြုခြင်းကို ရှောင်ပါ

တကယ်လို့ လျှော်ပြီးသားအဝတ်တွေကို အခြောက်ခံဖို့ အချိန်ရတယ်ဆိုရင် အခြောက်ခံစက်အသုံးမပြုဘဲ သဘာဝအတိုင်းပဲ အခြောက်ခံပါ။ အခြောက်ခံစက်တွေဟာ အဝတ်အထည်တွေ မြန်မြန်ခြောက်သွေ့စေနိုင်တယ်ဆိုပေမယ့် အဝတ်အထည်များရဲ့ အရွယ်အစားကိုအရင်ကထက် ပိုကျယ်ပြန့်ပြီး ပိုရှည်ထွက်လာစေပါတယ်။ မဖြစ်မနေ အခြောက်ခံစက်အသုံးပြုရတော့မယ်ဆိုရင် အရှိန်လျော့ပြီးအသုံးပြုပါ။ အခြောက်ခံပြီးသား အဝတ်အထည်တွေကို ချက်ချင်း အဝတ်လှန်းချိတ်များနဲ့ ချိတ်လှန်းပေးပါ။

ခြေအိတ်တွေကိုရောပြီးမလျှော်ပါနဲ့

တစ်ကိုယ်ရည်သုံး ပစ္စည်းများဖြစ်တဲ့ ခြေအိတ်များနဲ့ အတွင်းခံ အဝတ်အထည်များကို တခြားအဝတ်အထည်များနဲ့ အတူရောပြီး မလျှော်သင့်ပါဘူး။ သီးသန့်လျှော်သင့်ပါတယ်။

ဇစ်များ(Zips)များကို ဂရုပြုပါ

အဝတ်လျှော်စက် အသုံးပြုပြီး အဝတ်လျှော်တော့မယ်ဆိုရင် အဝတ်အထည်များမှာ ပါရှိတဲ့ ဇစ်များ(Zip)များကို အထူးဂရုပြုသင့်ပါတယ်။ ဇစ်(zips)များ ကို အဆုံးထိသတိထားပြီးဆွဲထားပြီးပြီဆိုမှသာ အဝတ်အထည်တွေကို စက်ထဲထည့်သင့်ပါတယ်။ တကယ်လို့ဇစ်ကိုအဆုံးထိမဆွဲမိဘဲ လျော့တိလျော့ရဲဖြစ်နေပါက အဝတ်လျှော်စက်ရဲ့အတွင်းနံရံတွေကို ခြစ်ရာပွန်းရာများဖြစ်စေနိုင်ပြီး အခြားအဝတ်အထည်များကိုပါ ထိခိုက်ပျက်စီးစေပါတယ်။

အရောင်ကျွတ်/မကျွတ် သတိထားပါ

လျှော်မယ့် အဝတ်တွေထဲမှာ အရောင်ကျွတ်နိုင်မယ့် အဝတ်အထည်များပါ/မပါကိုသတိထားပါ။ စက်နှင့်လျှော်ခြင်းဟာ အဝတ်အရောင်ကျွတ်/မကျွတ်ကို အလွယ်တကူမသိရှိနိုင်တာကြောင့် မလျှော်မီ အသေအချာ စစ်ဆေးသင့်ပါတယ်။အကယ်၍ ပါပါက အခြားအဝတ်များနဲ့ရောမလျှော်ဘဲ သီးသန့်လျှော်ပါ။

ဇကာ(Filter)များကိုပုံမှန်သန့်ရှင်းပေးပါ

အဝတ်လျှော်စက် အသုံးပြုပြီးတဲ့အခါတိုင်း ပုံမှန် စက်အတွင်းမှာပါရှိတဲ့ အညစ်အကြေးစစ်ဇကာ (Filter)လေးများကို ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။ အဝတ်လျှော်စက်အသုံးပြုပြီးတိုင်း ဇကာ(Filter)ကို သွားတိုက်တံအနုလေးနဲ့ သန့်ရှင်းရေးလုပ်ကာ ခြောက်သွေ့အောင်ပြုလုပ်ပြီးမှသာ ပြန်လည်တပ်ဆင်သင့်ပါတယ်။ ရေဆင်းတဲ့ပိုက်ထဲမှာ ရေကျန်နေမှုမရှိအောင်လည်း အထူးသတိပြုသင့်ပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top