အွန်လိုင်းပြစ်မှုတွေက ကာကွယ်နိုင်မယ့် နည်းလမ်း ခြောက်သွယ်

hacker-with-hoodie-working-with-a-computer-V2Q7A84.jpg

ဒီနေ့ခေတ်မှာ ကျွန်တော်တို့တွေဟာ ကိုယ်နဲ့ ပတ်သက်တာမှန်သမျှကို ဆိုရှယ်မီဒီယာတွေပေါ်မှာ မျှဝေချင်ကြပါတယ်။ အင်တာနက် အသုံးပြုပြီး ဆိုရှယ်မီဒီယာတွေကို ဝင်ရောက်ကြတယ်။ ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ စီးပွားရေး ကိစ္စတွေ၊ အားလပ်ရက်အတွက် အစီအစဉ်ဆွဲတာတွေ အပြင် နောက်ဆုံးရ သတင်းများကို သိနိုင်စေဖို့ လုပ်ဆောင်ကြလေ့ရှိပါတယ်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက လုံခြုံတယ်လို့ ယုံကြည်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မျှဝေမိတတ်ပါတယ်။ ပုံမှန်အရတော့ ကျွန်တော်တို့တွေဟာ ဖရှ်ရှင်း (ဝက်ဘ်ဆိုဒ်နှင့် အီးမေးလ် လိပ်စာ အတုလုပ်၍ အချက်အလက် ခိုးယူခြင်း) နှင့် ဆိုက်ဘာပြစ်မှု ကျူးလွန်သူတွေ အန္တရာယ်ကနေ ကာကွယ်ပေးမှုတွေကို လျစ်လျူရှုထားတတ်ကြပါတယ်။ ဆိုက်ဘာပြစ်မှု ကျူးလွန်ခြင်းတွေ အန္တရာယ်မှ ရှောင်ကြည်နိုင်ဖို့ နည်းလမ်း ခြောက်သွယ်ကို အသိပေးလိုပါတယ်။

လျို့ဝှက်နံပါတ်တွေကို မကြာခဏ ပြောင်းလဲပေးပါ

တစ်လမှာ အနည်းဆုံး တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် ပြောင်းလဲပေးခြင်းက ဆိုက်ဘာပြစ်မှုတွေရဲ့ ပစ်မှတ်ထားခံရနိုင်ချေ လျော့နည်းစေပါတယ်။

လုံခြုံမှုအပြည့်ရှိတဲ့ ကွန်ပျူတာက ဆိုက်ဘာပြစ်မှု ကျူးလွန်သူတွေကို သိနိုင်ပါတယ်

ဒါကြောင့် သင့်ကွန်ပျူတာရဲ့ firewall စနစ်ကို အမြဲတမ်း ဖွင့်ထားရပါမယ်။ ထို့အပြင် ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲနှင့် စပိုင်ဝဲလ် အန္တရာယ်က ကာကွယ်မယ့် ဆော့ဝဲတွေကို ထည့်သွင်းထားရပါမယ်။ အဲဒီလို ထည့်သွင်းခြင်းဖြင့် သင်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေကို နည်းလမ်းအမျိုးမျိုးဖြင့် ရယူခြင်းကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကို လိမ္မာပါးနပ်စွာ အသုံးပြုတတ်ပါစေ

သင်ရဲ့ ဆိုရှယ်ကွန်ရက် ပရိုဖိုင်တွေ (ဥပမာ – ဖေ့စ်ဘုတ်၊ တွစ်တာ၊ ယူကျု) ကို ကိုယ်ပိုင်အဖြစ် သတ်မှတ်ထားပါ။ လုံခြုံရေးစနစ်တွေကို စစ်ဆေးပါ။ အွန်လိုင်းပေါ်မှာ ဘယ်လို သတင်းအချက်အလက်မျိုးတွေ တင်မိလဲဆိုတာ သတိထားပါ။ တစ်ကြိမ် တင်မိသွားပြီဆိုရင် ပြန်ဖျက်ပစ်ဖို့က သိပ်ကို ခက်ခဲလှပါတယ်။

မိုဘိုင်းပစ္စည်းတွေကို လုံခြုံအောင်ထားပါ

ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ် တို့လို မိုဘိုင်းပစ္စည်းတွေကို လော့ခ် ပြုလုပ်ထားသင့်ပါတယ်။ မိုဘိုင်းပစ္စည်းတွေမှာ လျို့ဝှက်နံပါတ်တွေ၊ ပင်နံပါတ်တွေ၊ အိမ်လိပ်စာတွေ ကို ရေးမှတ်ထားခြင်းမျိုး လုံးဝ မလုပ်သင့်ပါဘူး။

သင်ရဲ့အချက်အလက်တွေကို ကာကွယ်ပါ

ငွေကြေးမှတ်တမ်းလိုမျိုး သူများ မသိစေချင်တဲ့ အချက်အလက်တွေကို ပို့ဆောင်ရာမှာ အန်ခရစ်ပ်ရှင်းနည်းလမ်း (အချက်အလက်တွေကို ကုဒ်အဖြစ် ပြောင်းလဲပြီး သက်ဆိုင်သူသာ ဖတ်နိုင်သောနည်းလမ်း) ကို အသုံးပြုခြင်း၊ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို မိတ္တူပွားထားပြီး မတူညီတဲ့နေရာတွေမှာ သိမ်းဆည်းထားခြင်းမျိုး ပြုလုပ်သင့်ပါတယ်။

အများသုံး ဝိုင်ဖိုင်တွေကို အသုံးပြုတဲ့အခါ သတိထားပါ

လွယ်လွယ်ချိတ်ဆက်ပြီး သုံးနိုင်တဲ့အလျောက် လုံခြုံမှုဆိုတာလည်း အလွန်လျော့ရဲပါတယ်။ အဲဒီနက်ဝက်တွေ ကို အသုံးပြုပြီး ငွေကြေး လွှဲပြောင်းမှုမျိုးတွေ၊ အရေးကြီးတဲ့ သတင်းအချက်အလက် ပို့ဆောင်ခြင်းမျိုးတွေ ကို လုံးဝ ရှောင်ကြည်သင့်ပါတယ်။

Ref: “6 Ways To Protect Yourself Against Cybercrime”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top