အောင်မြင်ကျော်ကြား ခေတ်ဟောင်းစာအုပ်များ

FB_IMG_1522669238901.jpg

အပတ်စဉ် ရိုးရာလေးရဲ့ တင်ဆက်နေကျ စာအုပ်အညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်တော့ ကျွန်တော်တို့ ခေတ်နောက်ပြန် ပြန်ဆွဲကြရအောင်.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ၆၀ အတွင်း ကျော်ကြားခဲ့တဲ့ စာအုပ်တွေဘက် သွားကြတာပေါ့။

ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် ၅၀ နားနီးနီးက နာမည်ကြီးခဲ့တဲ့ မဝင်းမြင့်ရဲ့ “ ရေပြာအိုင်မှ ဇာတ်လမ်းများ” စာအုပ်ပါ။ ဒီစာအုပ်ကို နဂိုက လုံးချင်းထုတ်ဖို့ မရည်ရွယ်ခဲ့ဘဲ သွေးသောက်မဂ္ဂဇင်းမှာ အခန်းဆက်အဖြစ် ရေးသားခဲ့တဲ့ ဝတ္ထုတိုတွေကို စုစည်းလို့ နောက်ပိုင်းမှာမှ လုံးချင်းအဖြစ် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ဒီစာအုပ်မှာတော့ ရေပြာအိုင်ရွာလေးကို တာဝန်ကျတဲ့ ဆရာမလေး မခင်ရွှေ၊ သူမတည်းခိုရာအိမ်က အိမ်ရှင်အဘွားကြီး သားအမိနဲ့ ရေပြာအိုင်ရွာလေးရဲ့ ထူးထူးဆန်းဆန်း အဖြစ်လေးတွေကို ဝတ္ထုတိုလေးတွေအနေနဲ့ ဖော်ပြထားတာမို့ ပျင်းလည်း မပျင်းရဘဲ စိတ်ဝင်စားစရာ ဖတ်ရှုရမှာပါ။

ဆရာမလေး မခင်ရွှေက အထူးအဆန်းတွေကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဖြစ်တဲ့အပြင် အိမ်ရှင် အဘွားကလည်း ထူးထူးဆန်းဆန်းတွေကို ကြုံခဲ့သူ၊ နောက် ရေပြာအိုင်ရွာလေးကလည်း အထူးအဆန်းတွေချည့် စုနေတဲ့ ရွာလေးဖြစ်တာမို့ သူမ ကြားနာ မှတ်သားမိသမျှတွေကို မှတ်စုလေးလုပ်ရင်း ရေးရင်း မှတ်ရင်း ပုံစံလေးတွေနဲ့ ဝတ္ထုကို သီကုံးထားတာပါ။

သူမရဲ့ မှတ်စုစာအုပ်ထဲမှာလည်း ဝတ္ထုတွေရဲ့ ခေါင်းစဉ်အတိုင်း “ရေပြာအိုင်မှ မြွေနိုင်သူ” ၊ “ရေပြာအိုင်မှ ဖြစ်ရပ်ဆန်း” စတဲ့ ခေါင်းစဉ်လေးတွေနဲ့ ရေးမှတ်ထားသလို ဂမ္ဘီရဆန်ဆန် အဖြစ်တွေကို သူမလိုက်မှီသလောက် သိပ္ပံနည်းကျ လိုက်တွေးမိတဲ့ အတွေးလေးတွေကိုလည်း ရေးပြထားတာကို တွေ့ရမှာပါ။

ဒီလို ဂမ္ဘီရဇာတ်လမ်းတွေအပြင် သူမကိုယ်တိုင် ကြုံရတဲ့ အချစ်ဇာတ်လမ်းလေးတွေနဲ့လည်း မပျင်းရအောင် ဇာတ်အိမ်ဖွဲ့ထားတာကို တွေ့ရမှာပါ။ မဝင်းမြင့်ရဲ့ အထာမပျက် သူမရဲ့ မျိုးချစ်စိတ်ကိုလည်း သူရဲ့ အရေးအသားတွေထဲမှာ ထင်းနေအောင် မြင်ရဦးမှာပါနော်..

နောက် ဒီစာအုပ်မှာ အဆက်ရှိပါသေးတယ်။ သူ့အဆက်ကတော့ “ရည်ရော်မှန်း အိုင်စမ်းရေပြာ” စာအုပ်ပါ။ ဒီစာအုပ်မှာတော့ မခင်ရွှေပြောင်းရွှေ့သွားပြီး နောက်ပိုင်း အခြားနေရာတွေမှာ သူမ ကြုံကြိုက် တွေ့ဆုံရသမျှတွေကလည်း ရေပြာအိုင်နဲ့ ဆက်စပ်နေတာတွေ၊ ရေပြာအိုင်နဲ့ သူမ ရေစက်မပြတ်တာတွေနဲ့ သူမရဲ့ အချစ်ဇာတ်လမ်းလေး ပုံပေါ်လာခဲ့တဲ့ အကြောင်းတွေ ရေးသားထားတာပါ။

ပြောကြကြေးဆို ကျွန်တော်ကတော့ ပထမစာအုပ်ဖြစ်တဲ့ “ရေပြာအိုင်မှ ဇာတ်လမ်းများ” စာအုပ်ကို ပိုပြီး သဘောကျပါတယ်။ ဒုတိယစာအုပ်ကတော့ ဇာတ်လမ်းနည်းနည်းစုံပေမဲ့လို့ ကျွန်တော့်အတွက် နည်းနည်း ပျင်းစရာကောင်းတယ်လို့ ထင်ရပါတယ်။

ရန်ကုန်ဘဆွေရဲ့ “မင်းလိုလူစား အများကြီးဟေ့”

ဒုတိယမြောက် မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ ရန်ကုန်ဘဆွေရဲ့ “မင်းလိုလူစား အများကြီးဟေ့” စာအုပ်ပါ။ ဒီစာအုပ်မှာတော့ လူ့သဘောသဘာဝကို ထင်းနေအောင် လှစ်ဟပြထားတာကို မြင်တွေ့ရမှာပါ။

ဒီစာအုပ်မှာတော့ ရန်ကုန်ဘဆွေ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေ၊ နောက် သူကိုယ်တိုင် ရေးသားခဲ့တဲ့ ပြဇာတ်တွေအကြောင်းကို ဖော်ပြထားခဲ့တာပါ။ ဒါပေမဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေလို ပျင်းစရာမကောင်းဘဲ စစ်သားပီပီ ပြတ်ပြတ်သားသားနဲ့ လိုရင်းကို ထင်းနေအောင် ရေးတတ်တဲ့ သွက်သွက်လက်လက် ရန်ကုန်ဘဆွေရဲ့ အရေးအသားတွေကို မြင်တွေ့ရမှာပါ။

“ကိုပေါ” ဇာတ်လမ်းအစပြုလာတဲ့ ရန်ကုန် ဘဆွေရဲ့ ကိုပေါပြဇာတ်၊ စစ်ပြန် ပြဇာတ်တွေနဲ့ လူတွေရဲ့ ငါမရှိရင် မဖြစ်ပါဘူးဆိုတဲ့ သဘောထားတွေ၊ မင်းသား၊ မင်းသမီးတွေ ပျော့ပျော့ညံ့ညံ့ ဇာတ်ဆရာအပေါ် ပညာပြမှုတွေ၊ မစားရတဲ့အမဲ သဲနဲ့ ပက်တတ်တဲ့ သဘာဝတွေ၊ တစ်ခေတ်မှာ တစ်ယောက်လို ထူးချွန်ခဲ့တဲ့ ဂီတနက်သန် ကိုစောငြိမ်း နဲ့ ဂီတလုလင် မောင်ကိုကိုရဲ့ အတီးစွမ်းရည်တွေ၊ ပါရမီတွေကိုပါ ရေးဖွဲ့ခဲ့တာကို ချစ်စရာ၊ သနားစရာ မြင်တွေ့ရမှာပါ။

ကျွန်တော် သဘောအကျဆုံးကတော့ ရန်ကုန်ဘဆွေရဲ့ မဖြစ်ရင် မရှိရှိတာနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ သဘောထားနဲ့ တစ်ယောက်ယောက်ကို မှီခိုအားကိုးမနေတတ်တဲ့ စိတ်ဓာတ်ကို အထင်ရှားဆုံး မြင်နေရတာကိုပါ။

ဇာတ်ရဲ့ အဓိကလူတွေလို့ ပြောလို့ရတဲ့ မင်းသားနဲ့ မင်းသမီးတွေ ပညာပြတဲ့အခါမှာ “ရတယ်။ နင်တို့တွေပဲ ရှိတာမဟုတ်ဘူး။ ရှိတဲ့လူတွေနဲ့ ငါဖြစ်အောင်လုပ်ပြမယ်” ဆိုပြီး ယိမ်းသမလေးနဲ့ လူရွှင်တော်ကို သေချာ လေ့ကျင့်၊ အနောက်တိုင်းက မိတ်ကပ်စာအုပ်တွေကိုကြည့်လို့ ကိုယ်တိုင် သေချာလိမ်းခြယ်ပေးခဲ့တဲ့ စနစ်ကျမှုတွေ၊ အမှားတစ်ခုကို ကျူးလွန်မိတာနဲ့ တောက်လျှောက်အမှားကြီးလို့ သဘောမထားဘဲ အမှားက လူတိုင်း ကျူးလွန်တတ်တာပဲ၊ နောက်မမှားစေနဲ့ဆိုတဲ့ တစ်ခွန်းနဲ့ ခွင့်လွှတ်တတ်တဲ့ သဘောထားကြီးမှု၊ ဖန်တီးနိုင်စွမ်းရည်၊ ပေါက်အောင် ဘယ်လိုကြော်ငြာရမလဲဆိုတဲ့ မာကက်တင်း သဘောတရားတွေ အားလုံးကို အနုစိတ် ခြယ်မှုန်းပြသခဲ့တာကို တွေ့ရမှာပါ။

ဒီလောက်ဆိုရင်တော့ ပိတ်ရက်အတွက် လုံလောက်ပြီထင်ပါတယ်နော်.. နောက်တစ်ပတ်မှာလည်း ဘယ်လို စာအုပ်လေးတွေ ညွှန်းပေးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးလို့

Angelic Demon ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top