VK ဆိုတာ ဘာလဲ

screenshot-vk.com-2019.05.19-13-52-41-e1558250921624.png

ဒီနေ့ခေတ်မှာ အင်တာနက်လူမှုကွန်ယက် မီဒီယာတွေ အများအပြား ရှိနေပြီး ဒီအထဲကမှ လတ်တလော မြန်မာပြည်မှာ ခေတ်စားလာနေတဲ့ VK ဆိုတဲ့ လူမှုကွန်ယက် အကြောင်းကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။

VK ဆိုတာက ဖေ့စ်ဘွတ်ခ် (Facebook) လို လူမှုကွန်ယက် (Social Media Platform) တစ်ခုပဲ ဖြစ်ပါတယ်။ VK ရဲ့ နာမည် အရှည်ကတော့ ဗီကွန်တာတဲ (Vkontakte) ဖြစ်ပြီး အဓိပ္ပာယ်ကတော့ ဆက်သွယ်မှုလို့ ဆိုပါတယ်။ ရုရှားနိုင်ငံ အခြေစိုက် လူမှုကွန်ယက် တစ်ခုဖြစ်ကာ လတ်တလောအထိ ဘာသာစကား ၈၆ မျိုးနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ VK ကို ရုရှားနိုင်ငံမှာသာ အများဆုံး အသုံးပြုနေကြတာဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ တော်တော်လေး နည်းသေးပြီး ဖေ့စ်ဘွတ်ခ် (Facebook) နဲ့ တွစ်တာ (Twitter) အသုံးပြုသူဦးရေက ပိုများနေဆဲ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၀၁၈ အထိ VK အကောင့်ပေါင်း သန်း ၅၀၀ လောက် ရှိတယ်လို့ ဖော်ပြထားပြီး VK ကို အဓိက အသုံးပြုနေတဲ့ နိုင်ငံတွေကတော့ ရုရှား၊ ဘီလာရုဇ်နဲ့ ကာဇက်စတန်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ VK လူမှုကွန်ယက်ကို ၂၀၀၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့်တော့ ၁၂ နှစ် နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

VK ဟာ Facebook ကို အတုယူပြီး ဖန်တီးထားတာကြောင့် Facebook နဲ့ အတော်လေးဆင်တူပြီး မြန်မာနိုင်ငံသားတွေအတွက် အသုံးပြုရတာ အစိမ်းသက်သက် မဖြစ်နေပါဘူး။ ရုရှားနိုင်ငံမှာတော့ VK ကို ဖေ့စ်ဘွတ်ခ် (Facebook) ထက်ပိုပြီး အသုံးပြုနေကြပါတယ်။ VK ကို တည်ထောင်ခဲ့သူက ပါဗယ် ဒူရဗ် (Pavel Durov) ဖြစ်ပြီး သူဟာ VK ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းလည်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဘာသာရေး ပရိပက္ခတွေ လူမျိုးရေး ပရိပက္ခတွေ ဖြစ်ပေါ်အောင် ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် အမုန်းစကားတွေ သတင်းအမှားတွေ ဖြန့်ဝေမှုတွေ ရှိနေတာကြောင့် နိုင်ငံတကာနဲ့ မြန်မာအစိုးရအပြင် ဖေ့စ်ဘွတ်ခ် တာဝန်ရှိသူတွေကပါ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဩဂုတ်လကုန်ပိုင်းမှာ မြန်မာစစ်တပ် အရာရှိတွေရဲ့ အကောင့်တွေနဲ့ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေ တော်တော်များများကို ဖေ့စ်ဘွတ်ခ်က ပိတ်ပစ်ခဲ့ပါတယ်။ ဒါကို ကျေနပ်မှုမရှိကြတဲ့သူတွေက VK ကို ပြောင်းသုံးလာကြတာ တွေ့ရပါတယ်။

VK ဟာ စည်းမျဉ်းစည်းကမ်း (Community Standard) နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းသိမ်းတဲ့ (Privacy) ပိုင်းမှာ အတော်လေး အားနည်းလှပါတယ်။ မူပိုင်ခွင့်ကိုလည်း သိပ်ပြီး အလေးမထားပါဘူး။ ဖေ့စ်ဘွတ်ခ်လို သီချင်းတွေ မူပိုင်ခွင့်နဲ့ ငြိနေလို့ ဖျက်ချတာမျိုးတွေ မရှိသလို အပြာကားတွေ ညစ်ညမ်းဓာတ်ပုံတွေကိုလည်း ပိတ်ပင်တာမျိုးတွေ မရှိဘဲ ဒိလိုအကြောင်းအရာတွေနဲ့ အရမ်းဖောင်းပွနေတယ်လို့ နာမည်ဆိုးနဲ့ သတင်းကြီးနေတာပါ။ ဒါကြောင့် လူငယ်တွေအတွက် ဆိုးကျိုးရှိနိုင်သလို ကိုယ့်ရဲ့သီချင်းတွေ ဓာတ်ပုံတွေကိုလည်း အသုံးပြုခွင့် မတောင်းခံဘဲ ခိုးယူ သုံးစွဲခံရနိုင်ပါတယ်။

ဒါတွေကြောင့်ပဲ ၂၀၁၃ ခုနှစ်လောက်က အီတလီနိုင်ငံမှာ VK အသုံးပြုခွင့်ကို ပိတ်ပစ်ခဲ့ဖူးသလို ၂၀၁၆ ခုနှစ်မှာလည်း တရုတ်နိုင်ငံကလည်း ပိတ်ပင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ် မေလထဲမှာ ယူကရိန်း အစိုးရဟာ ရုရှား သမ္မတပူတင်ရဲ့ အချက်အလက်တွေ ရယူသုံးစွဲနေမှုကို သံသယရှိတာကြောင့် ယူကရိန်းနိုင်ငံအတွင်းမှာ VK ကို အသုံးပြုမှု ပိတ်ပစ်ခဲ့ပါတယ်။

VK ကို တည်ထောင်သူလည်းဖြစ်သလို VK ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းလည်းဖြစ်တဲ့ ပါဗယ်က VK ကနေ သူထွက်ခွာလာခဲ့ရတာဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က VK အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတင်းအကြပ် ဖိအားပေး တောင်းခံခဲ့တာကြောင့်လို့ ထုတ်ဖော်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ VK အသုံးပြုသူ သန်းပေါင်းများစွာရဲ့ အချက်အလက်တွေ ခိုးယူခြင်း ခံခဲ့ရပြီး မှောင်ခိုဈေးကွက်မှာ ရောင်းချတာ ခံခဲ့ရဖူးပါတယ်။

VK ဟာ စည်းမျဉ်း စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် အသုံးပြုရတာ အတော်လေး လွတ်လပ်ပြီး ဖေ့စ်ဘွတ်ခ်လို ကြော်ငြာတွေ တက်လာတာမျိူးလည်း မရှိပေမဲ့ ကိုယ့်ရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စိတ်ချယုံကြည်လို့ မရနိုင်ပါဘူး။

VK ကို စမ်းသပ် အသုံးပြုချင်သူတွေအတွက် App ကို Download ပြုလုပ်နိုင်မယ့် link တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Google Play Service (Android) : https://play.google.com/store/apps/details?id=com.vkontakte.android&hl=en_US

Apple (IOS) : https://itunes.apple.com/us/app/vk/id564177498?mt=8

Ref : Wikipedia

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top