ဘာကြောင့် ဓမ္မတာလာချိန်မှာ ဖျားချင် သလိုလို ခံစားရတာလဲ

menstruation01.jpg

လေဒီလေး တော်တော်များများ လစဉ်တိုင်း ရောက်လာမှာကို ကြောက်ကြတဲ့ အချိန်တစ်ခုရှိတယ်။ ဒါကတော့ ဓမ္မတာလာတဲ့အချိန်ပေါ့။ ဒီကာလဆို နေရတာ စိတ်ခံစားမှုက မကောင်းသလို ခန္ဓာကိုယ်ထဲမှာလည်း နေရထိုင်ရ အဆင်မပြေတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါပေမယ့် ဘယ်လိုပဲ မရောက်ချင်ဘူးပြောပြော တစ်လတစ်ခါကတော့ ဒီလို အချိန်ကာလကို ရင်ဆိုင်ဖြတ်သန်းရတာပါပဲ။ ဒီတစ်ခေါက်တော့ ဓမ္မတာလာချိန်မှာ ဖျားချင်သလိုလို ခံစားနေရတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

ဓမ္မတာလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာက

အချို့ လေဒီလေးတွေဆိုရင် ဓမ္မတာမလာခင် အစောပိုင်းကာလတွေမှာကလည်းက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကိုလည်း ခံစားရပါတယ်။

ဒီလိုခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။

ဓမ္မတာလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ အသားအရောင် ညစ်တာ၊ ဗိုက်အောင့်တာတွေတင် ခံစားရတာမဟုတ်ပါဘူး။ အချို့လေဒီလေးတွေဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရပါသေးတယ်။

အချို့ကတော့ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ လေပွတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ နှာစေးသလို ခံစားရတာတွေအထိ ခံစားရတာမျိုး ရှိပါတယ်။

ဒီလက္ခဏာတွေ ခံစားရတဲ့ အဓိက အကြောင်းအရင်းကတော့ ဓမ္မတာလာနေချိန်မှာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ပမာဏ ကျသွားတာကြောင့်ပါ။ အက်စထရိုဂျင် ဟော်မုန်းပမာဏက ရာသီမလာခင် ရက်သတ္တပတ် အနည်းငယ်လောက်ကတည်းက ကျလာတတ်တာပါ။ ဒါကြောင့်လည်း ရာသီအ​ကြို လက္ခဏာကို ခံစားရတာပေါ့။ ဒီလို ဟော်မုန်း ပြောင်းလဲတာက အိပ်စက်မှုအပါအဝင် အခြားသောအရာတွေအပေါ်မှာပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ညီးစီစီဖြစ်တာမျိုး ခံစားရနိုင်တာပါ။

ဓမ္မတာလာချိန်မှာ ဒီလို မအီမသာဖြစ်တာတွေကို ခံစားရစေတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုက Prostaglandins ပါ။ ဒီဓာတုပစ္စည်းက ဗိုက်ရစ်နာတာ၊ ဝမ်းလျှောတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အော့အန်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ကိုက်ခဲတာတွေကို ခံစားရစေပါတယ်။ ခန္ဓာကိုယ်အပူချိန်အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ တုပ်ကွေးဖြစ်နေသလို၊ ချမ်းစိမ့်စိမ့်ဖြစ်နေသလို ခံစားရတာပါ။

ဒီခံစားရမှုတွေကို ဓမ္မတာမလာခင် အကြိုကာလကနေ ဓမ္မတာလာနေစဉ် တလျှောက် ခံစားရပြီး ဓမ္မတာလာရက် ပြီးသွားချိန်မှာ သက်သာသွားနိုင်ပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှု ရယူဖို့ အကြံပြုပါရစေ။

ဒါ​ကြောင့် ဓမ္မတာလာနေစဉ်မှာ အာဟာရပြည့်ဝအောင်စားတာ အချို၊ အငန်ကဲတာတွေကိုလျှော့စားတာမျိုး လုပ်သင့်ပါတယ်။ ရေလည်း ပြည့်ပြည့်ဝဝသောက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ကောင်းစွာ အနားယူပေးပါ။ လိုအပ်ရင် ဆေးသောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ: Dr. Phyo Wai Lynn
ရေးသားသူ: Aye Thi Mon

Ref : hellosayarwon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top