ကလေးတွေ ငိုနေတဲ့အခါ မိဘတွေက ငိုခွင့်ပေးလိုက်ပါ

20-11-2020-yyl-002.jpg

ကလေးတွေ ငိုယိုတဲ့အခါ မိဘတွေက နည်းမျိုးစုံသုံးပြီး ကလေးအငိုတိတ်အောင် လုပ်တတ်ကြပါတယ်။ တချို့မိဘတွေဆိုရင် ကလေးက ငိုတာမတိတ်တော့ ဆူငေါက်မိသလို ဖြစ်သွားရပါတယ်။ မိဘတွေက ကလေးမျက်ရည်ကျမှာကို မကြောက်ပါနဲ့တဲ့၊ သူတို့ငိုနေတဲ့အခါ အငိုတိတ်သွားအောင်မလုပ်ဘဲ ငိုခွင့်ပေးလိုက်ပါတဲ့၊ ကလေးတွေ ငိုလိုက်မယ်ဆိုရင် အကျိုးကျေးဇူးတွေလည်းရတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ကလေးတွေငိုတဲ့အခါ မိဘတွေက အငိုတိတ်အောင်မလုပ်ဘဲ ငိုခွင့်ပေးလိုက်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာ စဉ်းစားစရာပါပဲ။ သုတေသီတွေ ဘာကြောင့် အခုလိုပြောရတာလဲဆိုတာ အောက်မှာ ဖတ်ရှုကြည့်လိုက်ပါနော်။

ငိုကြွေးခြင်းက ချုပ်တည်းထားရတဲ့၊ မကောင်းတဲ့ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ပါတယ်
ငိုကြွေးတာက ကလေးတွေရဲ့စိတ်ဖိစီးမှုနဲ့ မကောင်းတဲ့ခံစားချက်တွေကို လျော့ချပေးတာပါပဲ။ ကလေးတွေမှာလည်း စိတ်ဖိစီးလာတဲ့အခါ၊ အလိုမကျတဲ့အခါ ခန္ဓာကိုယ်က ကော်တီဇုန်ဟော်မုန်းဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။ ငိုကြွေးတဲ့အခါ ကျလာတဲ့မျက်ရည်က ကော်တီဇုန်ဟော်မုန်းပမာဏကို လျော့ချပေးပြီး ကလေးတွေ ခံစားချက်ကောင်းအောင် သဘာဝနည်းလမ်းနဲ့လုပ်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။ ကလေးငိုတာကို ရပ်တန့်ပစ်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် ပြဿနာဖြေရှင်းဖို့အတွက်အရေးကြီးတဲ့ ဦးနှောက်ကို ဟန့်တားလိုက်သလိုဖြစ်စေပါတယ်။

ကလေးတွေကို အလိုက်သင့်နေတတ်အောင် ကူညီပေးတယ်

ကလေးတွေ မကြိုက်နှစ်သက်တဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက်တွေ များစွာရှိပါတယ်။ ကလေးတွေက ခွေးစာကို သူတို့မစားနိုင်တာ၊ သစ်ပင်ပေါ်အိပ်လို့မရတာတွေကြောင့်၊သူတို့လုပ်ချင်တာတွေမလုပ်ရတာကြောင့် ကလေးတွေ အလိုမကျတဲ့အခိုက်အတန့်တွေက မိဘတွေ ကြုံတွေ့ဖူးမှာပါ။ အဲဒီလိုဖြစ်တဲ့အခါမှာ သူတို့ငိုကြွေးလိုက်တာက မဖြစ်နိုင်တဲ့အရာကို လုပ်လို့မရဘူးဆိုတာ နားလည်သွားစေလိုက်တဲ့အပြင် အလိုက်တသင့်နေတတ်အောင်လည်း ကူညီပေးပါတယ်။ ဒေါသကို မျက်ရည်အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ငိုကြွေးလိုက်တာက ကလေးအတွက် ကောင်းပါတယ်။

မျက်ရည်က လူမှုဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာဖွံ့ဖြိုးမှုကို မြှင့်တင်ပေးတယ်

ကလေးတွေကို သူတို့ရဲ့ခံစားချက်ထုတ်ပြနိုင်ဖို့အတွက် ခွင့်ပြုပေးဖို့လိုအပ်ပါတယ်။ မိဘတွေရဲ့တာဝန်က သူတို့ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်မလုပ်ဘဲ၊ အခြားသူတွေကိုလည်း နာကျင်အောင်မလုပ်လဲ၊ သူတို့အနီးနားကပစ္စည်းတွေကိုလည်း ထိခိုက်အောင်မလုပ်ဘဲ ကန့်သတ်ချက်အတွင်း သူတို့ရဲ့ခံစားချက်တွေကို ထုတ်ပြတတ်ဖို့ လုပ်ပေးရမှာပါ။ ကလေးတွေရဲ့ခံစားချက်တွေကို မျက်ရည်နဲ့အတူ ထုတ်ပြခွင့်ပေးလိုက်တဲ့အခါ သူတို့ရဲ့လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားချက်ကို ခွဲခြားသိမြင်နိုင်စွမ်းတွေ တိုးလာစေမှာဖြစ်ပါတယ်။

နာကျင်မှုကို ပြေပျောက်သွားစေတယ်

ငိုကြွေးတာက ကလေးတွေကို စိတ်ခံစားချက်ကောင်းသွားစေတဲ့၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှုကို လျော့ချပေးတဲ့ အောက်ဆီတိုဆင်နဲ့ အန်ဒိုဖင်ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ်ပေးတယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ဒါကြောင့် နောက်တစ်ခါ ကလေးတစ်ယောက် စက်ဘီးပေါ်က ပြုတ်ကျလို့ မြင်ရင် သူတို့ရဲ့ခံစားချက်ကောင်းသွားအောင် လုပ်ပေးလို့ရပေမဲ့ ငိုတာကိုတော့ မဟန့်တားလိုက်ပါနဲ့။

ကလေးတွေရဲ့အပြုအမူတွေ တိုးတက်လာမယ်

မိဘတွေက ကလေးငိုနေတာကို ကြမ်းကြမ်းတမ်းတမ်းပြုမှုပြီး အငိုတိတ်ခိုင်းမယ်ဆိုရင် ကလေးတွေရဲ့မကောင်းတဲ့အပြုအမူတွေနဲ့ ဒေါသထိန်းချုပ်နိုင်မယ့်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ ကလေးတွေရဲ့အပြုအမူတွေ မရိုင်းသွားစေဖို့အတွက် ကလေးတွေငိုကြွေးတဲ့အခါ ငိုခွင့်ပေးလိုက်တာအကောင်းဆုံးပါပဲ။ ငိုကြွေးတာကလည်း သူတို့ရဲ့ချုပ်တည်းထားတဲ့ခံစားချက်တွေကို ဖွင့်ထုတ်လိုက်တာပဲဖြစ်ပါတယ်။

Ref: Why Letting Your Child to Have a Good Cry Is Necessary

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top