ဘာကြောင့် အိမ်ထောင်မပြုသင့်တော့တာလဲ

woman-laughing.jpg

သင်ဟာ အသက်အရွယ်တစ်ခု ရောက်ပြီး ဥပမာ (၂၅) နှစ် နဲ့အထက်ဆိုပြီးထားပါတော့…။ သင်လမ်း သွားရင်း အသိ (သို့) မိတ်ဆွေတွေက မေးဖူးတာခံဖူးပါသလား။ “မင်းဘယ်တော့ အိမ်ထောင်ပြုဖို့ စဥ်းစားမှာလဲ” “လူပျို၊ အပျိုပဲလုပ်တော့မှာလား”၊“မင်း ခွေးကလေးနဲ့ လိုက်သွားမနေနဲ့၊ တစ်ယောက်ယောက်နဲ့ အတူတူတွဲသွားသင့်နေပြီး”၊ “အိမ်ထောင်ပြုဖို့အချိန်တန်ပြီးလေ” စတဲ့ နားထဲမဆန့်နိုင်အောင် လူလွတ်အများစုအနေနဲ့ ခင်မင်ရတဲ့သူတွေ (သို့) အသိတွေ၊ တစ်ခါတစ်လေ သူစိမ်းတွေဆီကတော့ လောင်ပြောင် တဲ့အနေနဲ့ ပြောနေဆိုနေတာတွေကို နေ့စဥ်နဲ့အမျှကြုံတွေ့ကြရမယ်လို့ ထင်မိပါတယ်။

လူတွေက အရမ်းကိုမှ ယင်းတို့ ထင်မြင်သလိုသာပြောကြနေတာပါ။ အိမ်ထောင်ရေးကိစ္စကို ပြောရင်လဲ ဒီအချက်ကအရမ်းကိုမှ မှန်တယ်လို့ပြောလို့ရတယ်။ အရမ်းကိုလူတွေရဲ့ လွှမ်းမိုးမှုရှိနေတယ်။ သုတေသနစစ်တမ်း တွေအရဆိုရင် အိမ်ထောင်ပြုဖို့ လုံး၀ကို မဖြစ်နိုင်တော့ဘူးလို့ ပြောရမလိုဖြစ်နေပါတယ်။ တစ်ခုတော့ရှိပါတယ် ဒီဆောင်းပါးက သင့်ရဲ့ အိမ်ထောင်ပြုဖို့ အိမ်မက်တွေကို ရိုက်ချိုးပစ်လိုက် တယ်လို့တော့မထင်မိစေပါနဲ့၊ ဗဟုသုတအဖြစ်သာ မှတ်ယူပေးဖို့ တောင်းဆိုပါတယ်။

၁။ Living Together ကို ဖြည်းဖြည်းချင်း လက်ခံသလိုရှိလာခြင်း။

ယနေ့ ခေတ်ကာလကိုမြင်ကြည့်လိုက်ရင် လက်ထပ်သေးခြင်းမရှိပဲ စုံတွဲအတော်များများဟာ အတူ တကွနေထိုင်နေကြသည်ကိုတွေ့နိုင်ပါတယ်။ အမေရိကန်အခြေအနေကိုကြည့်ရင် အသက် (၁၈) မှ (၂၄) နှစ်အတွင်းရှိလူငယ်များဟာ လက်မထပ်သေးခင် အတူနေထိုင်မှု ပိုမိုများလာသည်ကိုစစ်တမ်းကောက်ယူရရှိခဲ့သည်။ ဒီနှုန်းထားသည် ၂၀၁၈ ခုနှစ်တွင်ပင် (၉)ရာခိုင်နှုန်းထိရှိလာသည်။ ဆက်လက်ပြီးအသက် (၂၅) နှစ်မှ (၃၄) နှစ်ကြားလူငယ်များကြား၌ ထိုသို့သော အတူတကွ နေထိုင်မှုနှုန်းထားသည် (၁၅) ရာခိုင်နှုန်းရှိလာပြီး ထိုကိန်းဂဏန်းသည် ဆယ်စုနှစ်အတွင်း (၁၂) ရာခိုင်နှုန်းထိမြှင့်တက်လာခြင်း ဖြစ်သည်။ ဆက်လက်ပြီးလက်ထပ်ပြီးစီးသော စုံတွဲများ၌ပင် အတူတကွ နေထိုင်မှုနှုန်းနည်းလာသည်က ခေတ်ရေစီးကြောင်းတစ်ခုလိုဖြစ်လာနေသည်။

ဒီယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ မြန်မာ့ လူမှုအသိုင်းအဝိုင်းမှာလည်း လက်မထပ်ခင် အတူနေခြင်းလုပ်ရပ်ဟာတစ်စိမ့်စိမ့် တိုး၀င် လာနေပြီး လူငယ်တွေကြားထဲမှာ စတင် ဖြစ်ထွန်းလာ နေသည်ကိုလည်းတွေ့ရသည်။ သို့သော် လည်း ထိုအကျိုးဆက်ကိုတော့ ကိုင်တွယ် ဖြေရှင်း မှုအား နည်းနေသေး သည်။ များသောအားဖြင့် အမျိုးသမီးများသည် ထိုလုပ်ရပ်ကြောင့် များစွာထိခိုက်နစ်နာမှုရှိကြောင်း ကိုလည်းတွေ့ရသည်။ တကယ်တော့အမျိုးသမီးများသည်အတင်းအကျပ်ကိုင်ခံရခြင်း၊ မလိုလားအပ်တဲ့ ကိုယ်၀န်များရရှိလာပါကလည်း စိတ်ဖိစီးမှုများနဲ့နေထိုင်ရခြင်း စသည့် အချက်များကို ဆောင်းပါးရှင် ရွှန်းမီမီထက် က Lydia Myanmarတွင်ရေးသားခဲ့ဖူးသည်။ သူမအနေဖြင့် ဆက်လက်ဆိုထား သည့်အချက်မှာ“အမျိုးသမီးတွေအနေနဲ့ လက်မထပ်ဘဲ အတူနေမယ် ဆိုရင် အရေးအကြီးဆုံးကကျန်းမာရေးအသိ ရှိရပါမယ်…နောက်တစ်ခုက ဆင်ခြင်တုံတရား လိုအပ်ပါ တယ်…နောက်ဆက်တွဲဖြစ်လာမယ့် အကောင်းအဆိုးကိုနားလည်သဘောပေါက်ထားဖို့ လိုပါ လိမ့် မယ်…မိမိမိသားစုနဲ့ ဘဝအတွက် အရှက်သိက္ခာမဲ့စေမယ့် ကိစ္စမျိုးကို မိမိဆင်ခြင်ဉာဏ်နဲ့ ကာ ကွယ်နိုင်စွမ်း
ရှိရပါမယ်…”ဟု ရေးသားထားသည်။

၂။ မင်္ဂလာဆောင်အတွက်ငွေကုန်ကြေးကျ များခြင်း

များသောအားဖြင့် တစ်သက်မှာ တစ်ကြိမ်သာ မင်္ဂလာဆောင်ခွင့်ရကြလို့ အမျိုးသမီးများအနေဖြင့် ခမ်းနားထည်ဝါတဲ့ မင်္ဂလာဆောင်မှုကိုသာ လိုလားကြလေ့ရှိပါတယ်။ ဒါဟာလည်း အမျိုးသမီးများကြား ဖြစ်ရမယ်လို့ခံယူထားလေ့ရှိတဲ့အချက်ဖြစ်ပါတယ်။ သို့သော် အောက်ခြေနဲ့အလယ်အလတ် လူတန်းစား များအတွက် မင်္ဂလာစားရိတ်စားခကမလောက်လျှင် အကြွေးဖြင့် ချေးငှားရသေးသည် မဟုတ်လား။ တချို့ဆိုရင် မင်္ဂလာစားရိတ်အကြွေးကိုပင် တစ်ဖန်ပြန်လည်ဆပ်နေရသည်က အပူတစ်ခု အဖြစ် ရှိနေသည်။ အထက်တန်းလူတန်းစား ပိုက်ဆံကြွယ်ဝသောလူတွေကသာလျှင် မိမိတို့ကိုယ်ပိုင်ငွေ ကြေးများဖြင့် ကျင်းပနိုင်ကြပါသည်။

စစ်တမ်းတွေအရဆိုရင် ငွေကြေးပြည့်စုံသော ချစ်သူစုံတွဲများကသာလျှင် မပြည့်စုံသော ၀င်ငွေရနည်းသော စုံတွဲများထက် အိမ်ထောင်ပြုနှုန်းထားပိုများသည်ကိုတွေ့နိုင်သည်။ ဒီအချက်က ငွေကြေးမတတ်နိုင်တဲ့စုံတွဲများတွေအတွက် လက်မထပ်ကြတော့ပဲ အတူပေါင်းသင်း နေထိုင်မှုကိုဖြစ်စေပါတော့တယ်။ ဒါ့အပြင် လက်ထပ်ဖို့အတွက် (တစ်ရက်ကုန်ကျငွေအတွက်) ကုန်ကြမယ့်ငွေကြေးတွေကို စီးပွား အဖြစ်အသွင်ပြောင်းပြီး (သို့) အိမ်၀ယ် ယာ၀ယ်ကြသူတွေလည်း ရှိနေပါတယ်။ သင်ဆိုရင်ကော ဘယ်လိုရွေးချယ်မိမှာလဲ။

၃။ အိမ်ထောင်မပြုသော အမျိုးသမီးများဟာ ပိုမိုပျော်ရွှင်ကြတာကိုလေ့လာတွေ့ရှိထား။

Landon School of Economics မှ လူ့အကျင့်စာရိတ္တဆိုင်ရာသိပ္ပံကိုလေ့လာတဲ့ပရော်ဖက်ဆာ Paul Dolan ရဲ့ Happy Ever After စာအုပ်မှာ ပြောထားတဲ့အတိုင်းဆိုရင် သင့်အနေနဲ့ အမျိုးသားဆိုရင်တော့ အိမ်ထောင်ပြုသင့်တယ်၊ အမျိုးသမီးဆိုရင်တော့ အိမ်ထောင်ပြုဖို့ အကြောင်းကိုတော့ မစဥ်းစားပါ တော့နဲ့ တဲ့။ ဒီအချက်က ဘယ်ကမြစ်ဖျားခံလာရသလဲဆိုတော့ American Time Use Survey က ရရှိထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးများ (အိမ်ထောင်သည်၊ တစ်ခုလပ်၊ အိမ်ထောင်မပြု) ကိုပျော်ရွှင်မှုစစ်တမ်းကောက်ယူရာတွင် ကလေးမရှိ အိမ်ထောင်မပြုရသေး သောအမျိုးသမီးများတွင် ပျော်ရွှင်မှု ပိုမိုရရှိကြောင်းတွေ့ခဲ့ရသည်။

ဆက်လက်ပြီး သူတို့ဟာ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ကြောင့်တွေ့ရှိခဲ့သည်။ အမျိုးသားများအနေဖြင့် အိမ်ထောင်ပြုလိုက်ပါက အတည်တကျနေထိုင်မှု၊ “တည်ငြိမ်” မှု၊ စွန့်စားမှု နည်း ပြီး အလုပ်မှာလည်း ၀င်ငွေပိုရမှုကြောင့် ကျန်းမာပျော်ရွှင်စေမှုပိုတိုးလာကြောင်းတွေ့ရသည်။ တစ်ဖက်တွင်လည်း အမျိုးသမီးများဟာ အိမ်ထောင်ရေးမှာ မသာယာမှုတွေကြောင့် ပိုမိုစိတ်ဖိစီးမှုများလာခြင်းဖြစ်ပြီး ဘ၀ကို တိုးတောင်းစွာနဲ့ နေထိုင်မှုတွေ့ရှိရကြောင်းဆိုသည်။

၄။ အိမ်ထောင်ပြုခြင်းသည် တရား၀င်ပုံစံလို မလိုအပ်တော့ခြင်း။

အချို့သော စုံတွဲတွေအနေနဲ့ အချစ်ဆိုပြီး ကောင်းစဥ်တပ်နေသော်လည်း တကယ်တမ်းတော့ တရား၀င် နဲ့ အကျိုးအမြတ်ရရှိမှုရှိအောင် လက်ထပ်ကြလေ့ရှိသည်။ သို့သော် ယနေ့ကာလအနေအထားအရ ထိုကဲ့သို့သောတရား၀င်လက်ထပ်ပြီး (ကတိသစ္စာပြုပြီးမှ) အတူနေနေတဲ့ ခေတ်က တစ်ဖြည်းဖြည်း နည်းလာပြီးလို့ယူဆနိုင်တယ်။ အရွယ်ရောက်ပြီးရင် တစ်နည်းတစ်ဖုံ ချစ်သူရည်းစားရပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေဖြင့် အတူနေထိုင်နေတာကိုလည်း အချို့သော ပတ်၀န်းကျင်မှာ မြင်တွေ့လာ နေရပါတယ်။ ဖွံ့ဖြိုးသောနိုင်ငံများတွင် လက်မထပ်ပဲ အတူနေခြင်း Domestic Partnership လို့ခေါ်​ဝေါ်ကြပါတယ်။ ဆိုလိုသည်မှာ လက်မထပ်ယုံမှအပ ကျန်တဲ့အရာအားလုံးအတူတကွ လုပ်ဆောင်ကြတာ ကိုခေါ်ဆိုခြင်း ဖြစ်သည်။ တကယ်တော့ Domestic Partnership ဆိုသည်မှာ (လက်ထပ်ရန်အဆင်မပြေနိုင်သော)လိင်တူစုံတွဲများကို အချို့သော အစိုးရများက (တရား၀င် သောနည်းလမ်းသဖွယ်) စတင် ကျင့်သုံးစေ သောနည်းဖြစ်ပေမယ့် လက်ရှိမှာတော့ လိင်တူ လိင်ကွဲစုံ တွဲများ လည်းထိုခေါင်းစဥ်အောက်တွင် ရောက်ရှိနေကြသည်။ ထိုအချက်က လက်ထပ်ထိမ်းမြားခြင်းမရှိပဲ လက်ထပ်ထိမ်မြားထားသော လူများရဲ့ ခံစားခွင့်ကိုရရှိစေ (သို့) အပြည့်အ၀မရရှိ တဲ့အချက်ဖြစ်ပါတယ်။

၅။ အိမ်ထောင်ပြိုကွဲသွားမှာကို ကြောက်ရွံ့နေခြင်း

များစွာသောလူတွေအနေဖြင့် အိမ်ထောင်ပြုပြီးရင် အေးတူပူအမျှနဲ့ ရာသက်ပန် ပေါင်းသင်း နေထိုင်ချင်ကြတာအမှန်ပါပဲ။ ဒီအချက်က အားလုံးအတွက် မှန်ကန်မှုမရှိပါဘူး။ အချို့သော ဘ၀မှာမမျှော်လင့်ထား တဲ့အရာတွေက မျှော်မှန်းထားသလိုမဖြစ်လာနိုင်လို့ပါ။ ဘယ်အချိန်မှာ အိမ်ထောင်က စပြီး အဖုအထစ်တွေဖြစ်လာမလဲ၊ ဘယ်သူဘယ်၀ါကြောင့် မဖြစ်သင့်ပဲဖြစ်သွား တာတွေ ကို သတိပြုရမှာဖြစ်တယ်။

စစ်တမ်းတွေအရ အိမ်ထောင်ပြိုကွဲနှုန်းကျလာတာကို မြင်ရပေမယ့် ဒီကျဆင်းတာသည် အကောင်းမဟုတ်ပဲ လူတွေအနေနဲ့ အိမ်ထောင်ပြုဖို့ကို လက်တွန့်သွား တာမျိုး ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်တွင် အိမ်ထောင်ပြိုကွဲမှု ပထမ အများဆုံးနိုင်ငံကတော့ မော်လဒိုက် ဖြစ်ပါတယ်။ ထိမ်းမြားမှု (၁၀၀၀) မှာ ၎င်းအနေနဲ့ (၁၀) ယောက်ကျော် ကွာရှင်းပြတ်စဲကြလို့ဖြစ်တယ်။ ကွာရှင်းမှု အနည်းဆုံးရှိတဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ UNFPA ၂၀၁၆ စာရင်းတွေအရ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးများအနေနဲ့ ကွာရှင်းပြတ်စဲမှု (၃) ရာခိုင်နှုန်းနဲ့ အမျိုးသားများအတွင်း ကွာရှင်းပြတ်စဲနှုန်း (၂) ရာခိုင်နှုန်းအထိရှိသည်။ မည်သို့ဆိုစေ အိမ်ထောင်ပြုဖို့ တွန့်ဆုတ်နေကြသူ တွေအများစုကတော့ လက်ထပ်ပြီး ကွာရှင်းပြတ်စဲမည့် အခြေအနေကို မကြုံဆုံချင်လို့ဖြစ်တယ်။

၆။ အိမ်ထောင်ပြု (လက်ထပ်ခြင်း) ကို အယုံအကြည်မရှိခြင်း။

စုံတွဲအတော်များများအတွက် အိမ်ထောင်မပြု (လက်ထပ်ခြင်း) မရှိရသည့်အကြောင်းအရင်းကတော့ ဘာသာရေး၊ ယဥ်ကျေးမှု၊ ယုံကြည်မှု၊ နောက်ခံသမိုင်း၊ စီးပွားရေး၊ လူမှုရေး ရတဲ့ စံချိန်စံနှုန်း တွေအောက်မှာ လိုက်လျှောညီထွေမှု မရှိကြလို့ပဲဖြစ်ပါတယ်။ လူအများအတွက် ဒီလိုအိမ် ထောင်ပြုဖို့ မလွယ်လှတဲ့အချိန် အချို့အတွက်ကတော့ အိမ်ထောင်ပြုဖို့ နဲ့ အေးတူပူအမျှပေါင်း သင်းနိုင်မယ့် အချက်ကို မျှော်မှန်းပြီးတော့ လက်ထပ်ဖို့ စိတ်အားထက် သန်နေကြသည်ကိုလည်းတွေ့နိုင်တယ်။

နိဂုံးချုပ်အနေဖြင့် ဘာသာတရားအဆုံးအမ အောက်က မကြည့်ပဲနဲ့ပြောရလျှင် လက်ထပ်ထိမ်းမြားခြင်း (သို့) အိမ်ထောင်ပြုခြင်းဟာ ဘ၀၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဘ၀တစ်ခုလုံး မဟုတ်ဘူး ဆိုတာကို ကွင်းကွက်စွာမြင်တတ်ဖို့လိုသည်။ လူတိုင်း မိမိတို့ ယုံကြည်ချက်၊ မျှော်မှန်းချက်များ ကိုယ်စီရှိကြသည်။ ဒါကြောင့် လူအားလုံး လုပ်ကိုလုပ်ရမယ့် အချက် ဟုတ်ချင်မှဟုတ်မည်။ အားလုံးလွတ်လပ်စွာ ဘ၀မှာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ မည်သူ၏ တိုက်တွန်းမှု၊ အားပေးမှုအောက်မှာ မနေသင့်ပဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာဖြစ်သင့်သည်။

အဘယ်ကြောင့်ဆိုသော် မိမိရဲ့ဘ၀မှာ မိမိသာ ဦးတည်ရွက်လွင့်ရ တာဖြစ်လို့ မိမိဆုံးဖြတ်ချက်ဖြင့်သာ ဖြစ်သင့်သည်။ သင့်အနေနဲ့ အချုပ်အနှောင်ကင်းမှု နဲ့ လွတ်လပ်မှု တို့ ရှိရာ ဘ၀ကိုပိုင်ဆိုင်ပြီး မိမိကြိုက်နှစ်သက်တာကို လုပ်ရင်း မိတ်ဆွေ၊ အပေါင်းသင်း၊ ဆွေမျိုးသား ချင်းများနဲ့ ပျော်ရွှင်စွာဖြတ်သန်းခွင့်ရှိသည့် အချက်ကို တော့ စွဲမှတ်ထားစေခြင်ပါတယ်။ မည်သို့ဆိုစေ မိမိအနေဖြင့် ဘ၀မှာမဖြစ်ဖြစ်အောင် အိမ်ထောင်ပြုဖို့ဆန္ဒရှိရင်တော့ ဒီအချက်တွေကိုခေါင်းထဲ ထည့်သွင်း ထားရမယ့်အချက်ဖြစ်ပါတယ်။

Ref: Yahoo Life, The Good Men Project, Lydia Myanmar

Tharhtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top