ဂျပန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်

Nabi-Tajima-and-Chiyo-Miyako.jpg

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အသက် ၁၁၇ နှစ်အရွယ် ဂျပန်အမျိုးသမီး နာဘီ တာဂျီမာ (Nabi Tajima) ဟာ ဂျပန်နိုင်ငံ တောင်ပိုင်း ကိကိုင် (Kikai) မြို့မှာ ပြီးခဲ့တဲ့ စနေနေ့(ဧပြီ ၂၁ရက်)က ကွယ်လွန်ခဲ့တယ်လို့ မြို့တာဝန်ရှိသူ ဆူစုမု ယိုရှီယုကိ (Susumu Yoshiyuki) က အတည်ပြု ပြောကြားခဲ့ပါတယ်။ သူဟာ ဇန်နဝါရီလကတည်းက ဆေးရုံတက်နေရခဲ့ရတာလည်း ဖြစ်ပါတယ်။

၁၉၀၀ ဩဂုတ်လ ၄ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ တာဂျီမာ (Tajima) ဟာ လက်ရှိအချိန်မှာ ၁၉ ရာစုအတွင်း အစောဆုံး မွေးဖွားခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ့မှာ မြေး၊ မြစ်၊ တီ၊ တွတ် အပါအဝင် သားစဉ်မြေးဆက် ၁၆၀ ဦး အထိ ရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မြို့ ကိကိုင် (Kikai) ဟာ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းကြီး လေးကျွန်းထဲက တောင်ဘက်မှာရှိတဲ့ ကျူရှုး (Kyushu) ရဲ့ ကာဂိုရှီးမား (Kagoshima) စီရင်စုထဲမှာ တည်ရှိတာဖြစ်ပါတယ်။

သူမဟာ လွန်ခဲ့တဲ့ ခုနှစ်လလောက်က ဂျမေကာနိုင်ငံသူ ဝိုင်အိုလက် ဘရောင်း (Violet Brown) ကွယ်လွန်အပြီး စက်တင်ဘာလလောက်ကတည်းက ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ရုပ်မြင်သံကြားတွေမှာလည်း အခမ်းအနားတစ်ခုမှာ သူ့ရဲ့လက်တွေကို အသုံးပြုပြီး ရိုးရာတူရိယာတစ်ခုကို တီးခတ်ပြခဲ့တဲ့ ဗီဒီယိုကိုလည်း ပြသခဲ့ပါသေးတယ်။

အဆိုပါ အမေရိကန်အခြေစိုက် Gerontology သုတေသနအုပ်စုရဲ့ အဆိုအရ ယခုအခါမှာ အခြား ဂျပန်အမျိုးသမီးတစ်ဦး ဖြစ်တဲ့ ချီယိုမီယာကို (Chiyo Miyako) ဟာ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ သူကတော့ တိုကျိုမြို့ တောင်ပိုင်း ကာနာဂါဝါ (Kanagawa) စီရင်စုမှာ နေထိုင်ပြီး သူမဟာ အသက် ၁၁၇ နှစ်ပြည့်ဖို့ ၁၀ ရက်ပဲ လိုပါတော့တယ်။

ယခုလ အစောပိုင်းကတည်းက ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ အသက် ၁၁၂ နှစ်အရွယ် မာဆာဇို နိုနာကာ (Masazo Nonaka) ကို သတ်မှတ်ခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဂျီမာ (Tajima)ကို အသိအမှတ်ပြုဖို့ စီစဉ်ခဲ့ပါတယ်။

မာဆာဇို နိုနာကာ(Masazo Nonaka) ရဲ့မြေးမလေး ယုကို နိုနာကာ (Yuko Nonaka) က ဂျပန်နဲ့ အနောက်တိုင်း သကြားလုံးတွေကို ကြိုက်နှစ်သက်ကြောင်းကို “အဘိုးက ရွေ့လျားဖို့ ဘီးတပ်ကုလားထိုင် လိုအပ်ပေမဲ့ သူဟာ အခြေအနေ ကောင်းကောင်းမွန်မွန်မှာ ရှိပါတယ်။ ပြီးတော့ အဘိုးဟာ ဂျပန်နဲ့ အနောက်တိုင်း သကြားလုံးတွေကို စားရတာကြိုက်သလို သတင်းစာတွေ နေ့စဉ်ဖတ်ခြင်းနဲ့ မကြာခဏရေပူစမ်း စိမ်လေ့ရှိတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

Ref : https://www.telegraph.co.uk/…/worlds-oldest-person-dies-ja…/

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top