Yosuke Saruta က Joshua Pacio ကို စတုတ္ထအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိမည်ဟု ခန့်မှန်း

Yosuke_Saruta-1200x630-600x315.jpg

ဂျပန်နိုင်ငံဂုဏ်ဆောင်အားကစားသမား Yosuke “Tobirazu” Saruta အတွက် ONE စတောဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်ကြိုးစားနိုင်ရန် အခွင့်အရေးသည် မျှော်လင့်ထားတာထက် မြန်မြန်ရောက်ရှိလာခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ Istora Senayan အားကစားရုံတွင်ကျင်းပမည့် ONE: ETERNAL GLORY ပြိုင်ပွဲကြီး၏ အဓိကပွဲဆိုင်းကြီးတွင် ဂျပန်ရိုးရာကစားသမား Hayato Suzuki က ချန်ပီယံခါးပတ်ပိုင်ရှင်Joshua “The Passion” Pacio ကို စိန်ခေါ်ယှဉ်ပြိုင်ရန်စီစဉ်ထားသော်လည်း Hayato Suzuk သည် မမျှော်လင့်သော ထိခိုက်ဒဏ်ရာရရှိသွားသောကြောင့် ထိုတွဲဆိုင်းကို ပယ်ဖျက်လိုက်ရသည်။

Saruta သည် ၎င်းဝိတ်တန်းရှိ ထိပ်တန်းအားကစားသမာများနှင့် ယှဉ်ပြိုင်နိုင်သည်ကို သက်သေပြရမည့် အခွင့်အရေးကို ရယူရန် အသင့်ဖြစ်နေကာ ချန်ပီယံခါးပတ်ကိုပင် ဂျပန်နိုင်ငံသို့ ပြန်လည်ယူဆောင်သွားနိုင်ချေပါရှိနေပါသည်။

“ကျွန်တော် အံ့ဩသွားခဲ့ပါတယ်” ဟု ONE Championship နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ Sarutaက ပြောပြခဲ့ပါသည်။ “ကျွန်တော်က ကမ္ဘာ့ချန်ပီယံခါးပတ်ပြိုင်ပွဲကို ၂၀၁၉ နှစ်ကုန်လောက်မှ ပြိုင်ရမယ်ထင်ခဲ့တာ။ ဒါပေမယ့် ထင်တာထက် စောပြီး ပြိုင်ဖြစ်သွားပါတယ်။ ဒါက ကျွန်တော့်အတွက် ကမ္ဘာ့စတောဝိတ်မှာ နံပါတ် ၁ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားဖြစ်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဂျပန်ကစားသမား Saruta သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ယှဉ်ပြိုင်ခဲ့သော ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲတွင် ချန်ပီယံဟောင်း Alex “Little Rock” Silva ကို ဒိုင်မဲအနည်းအများဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့ကာ ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံမဟုတ်သောနိုင်ငံရပ်ခြားတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရခြင်းဖြစ်သော်လည်း ၎င်းသည် Silva ကို အသားစီးရယူနိုင်ခဲ့ကာ အနိုင်ရရှိခဲ့သည်။

“မရင်းနှီးတဲ့ရေခြားမြေခြားမှာ အနိုင်ရယူနိုင်ခဲ့တာဖြစ်လို့ ကျွန်တော့်ကို ယုံကြည်မှု ပိုတိုးစေခဲ့ပါတယ်” ဟု ၃၁ နှစ်အရွယ် ဂျပန်နိုင်ငံသား Saruta က ပြောကြားသည်။

Saruta နှင့် ၎င်း၏ အသင်းသားများသည် Pacio ကို အသေးစိတ် လေ့လာခဲ့သည်။ သို့မှသာ ဖိလစ်ပိုင်ကစားသမား Pacio ၏ အားနည်းချက်ကို ရှာဖွေကာ အနိုင်ရနိုင်မည့် ကစားကွက်ဗျူဟာများကို စီစဉ်နိုင်မည်ဖြစ်သည်။

“သူ့ရဲ့အားသာချက်က ထိုးနှက်တိုက်ခိုက်ကစားကွက်တွေပါ။ အထူးသဖြင့် တစ်ပတ်လှည့်ကန်တာကောင်းသလို သူရဲ့ လက်သီးက ပြင်းတယ်။ ဒါကြောင့် ကျွန်တော့်ခံစစ်ကို ပိုပြီးသန်မာအောင် လေ့ကျင့်နေပါတယ်။ သူ့အားနည်းချက်က နပမ်းချုပ်ကွက်တွေပါ။ ကျွန်တော့်နပမ်းစွမ်းရည်က သူ့ထက်သာတဲ့အတွက် ထိုးနှက်ကစားကွက်နဲ့ နပမ်းကစားကွက်တွေကို ပေါင်းပြီး ကစားသွားဖို့ စီစဉ်ထားပါတယ်” ဟု Saruta က ဆိုသည်။ Pacio မှာ ပြိုင်ပွဲ ၁၅ ပွဲသာ ပြိုင်ခဲ့ဖူးကာ Saruta မှာ ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၂၉ ပွဲ ပြိုင်ဆိုင်ခဲ့ဖူးသောကြောင့် အတွေ့အကြုံအရပြောရမည်ဆိုလျှင် Saruta က ပို၍ သာသည်ဟု ဆိုရပေမည်။

“ကျွန်တော့်အားသာချက်ကကြံ့ခိုင်မှုနဲ့ သက်လုံကောင်းတာပါ”ဟု ၎င်းက ပြောသည်။ “ကျွန်တော်ပွဲချိန်တစ်လျှောက်လုံး ရှောင်တိမ်းကစားသွားမှာဖြစ်ပြီး ပြိုင်ဘက်ကစားသမား ပင်ပန်းလာတဲ့အချိန်ကျမှ သူ့ကို အလဲထိုးပါ့မယ်။ ကျွန်တော်သူ့ကို အဘက်ဘက်ကနေ အသာစီးရမယ်ထင်ပါတယ်။ ပြီးတော့ လေးချီမြောက်မှာ အပြီးသတ်အနိုင်ယူသွားမှပါ။” ဟု ၎င်း က ဆိုသည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သော ဝါရင့်ကစားသမား Saruta သည် ဂျပန်နိုင်ငံတွင် နာမည်တစ်လုံးရယူရန် မရေတွက်နိုင်သော အခက်ခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်ဖြစ်ရာ ONE ပြိုင်ပွဲကြီးများတွင် အခွင့်အရေးများကို လက်လွတ်ခံမည်မဟုတ်ကြောင်း မိမိကိုယ်ကို ကတိပေးထားသည်။ သာမန်ပြိုင်ပွဲဖြစ်စေ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်စေ ၎င်းအနေနှင့်
အနိုင်ရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်သည်။

“ကျွန်တော့်ကိုလူတွေက အသန်မာဆုံး ဂျပန်ကစားသမားအဖြစ် သိစေချင်တယ်။ ကျွန်တော် ကမ္ဘာ့ချန်ပီယံ ဖြစ်လာပါလိမ့်မယ်” ဟု Saruta က ကောက်ချက်ချသည်။ “ကျွန်တော့်ဝိတ်တန်းမှာရှိသမျှ ပြိုင်ဘက်တွေအားလုံးကို အနိုင်ယူမှာပါ” ဟု နိဂုံးချုပ်ပြောကြားခဲ့သည်။

Ref: ONE Championship “Yosuke Saruta Predicts a Fourth-Round Stoppage Win over Joshua Pacio”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top