သင့်အိပ်မက်တွေကို သင်ဖြစ်စေချင်သလို ထိန်းချုပ်နိုင်ပါတယ်

aid78532-v4-728px-Control-Your-Dreams-Step-9-Version-2.jpg

သင့်အိပ်မက်တွေကို သင်ထိန်းချုပ်နိုင်တဲ့အကြောင်းကို သင်သိပါသလား။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အခိုက်မှာ သင်ဟာ စူပါမင်းလို ပျံသန်းနေလို့ရသလို လောင်းကစားဘုရင်ကြီးကိုလည်း အနိုင်ယူလို့ရပါတယ်။ မနက်ဖြန် ပြောရမယ့် မိန့်ခွန်းအတွက် လေ့ကျင့်ချင်သေးလား။ နာကျင်ခဲ့ရတဲ့ အမှတ်တရတွေကို မေ့ပစ်ချင်လား။ ဒီအတွက် လေ့ကျင့်မှုပဲ လိုအပ်တာဖြစ်ပြီး သင့်အနေနဲ့ အိပ်မက်တွေကို ထိန်းချုပ်နိုင်ပါတယ်။

သင့်ရဲ့ အိပ်မက်တွေဟာ အင်မတန် ပြတ်သားနေတာမျိုးကို တစ်ခါတလေ ကြုံဖူးကြပါလိမ့်မယ်။ အိမ်မက်ကို အတိအကျ ပြန်မှတ်မိနိုင်တဲ့ အကြိမ်မျိုးတောင် ရှိပါသေးတယ်။ ဒီလို ဆန်းကြယ်တဲ့အဖြစ်ကို ကျွန်တော်တို့ ဘယ်နေရာမှာ အကျိုးရှိရှိသုံးမလဲဆိုတာကလည်း အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ ဒီကိစ္စဟာ ယုံကြည်ရလောက်တဲ့ ကိစ္စ ဖြစ်သလားဆိုတာကို ဆန်းစစ်ကြည့်ရပါမယ်။ ၂၀၁၇ ခုနှစ်မှာ ဩစတြေးလျနိုင်ငံက လေ့လာမှု တစ်ခုကနေ ဒီလို ပြတ်သားတဲ့ အိမ်မက်တွေကို ထိန်းချုပ်နိုင်မယ့် ဖြစ်နိုင်ချေ ကြီးကြီးမားမားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီလေ့လာမှုအရ လူဦးရေ တစ်ဝက်လောက်ဟာ သူတို့ရဲ့ ဘဝမှာ အနည်းဆုံးတစ်ခါတော့ အင်မတန်ပြတ်သားတဲ့ အိပ်မက်မျိုးကို မက်ဖူးလေ့ရှိပြီး လေးပုံတစ်ပုံလောက်ဟာ တစ်လတစ်ကြိမ်လောက် မက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ၁၉၇၅ ခုနှစ်ကတည်းက စမ်းသပ်မှုတွေမှာ လေ့လာသူတွေက အိပ်မက်တွေဟာ တစ်ခါတစ်ရံမှာ အင်မတန် ပြတ်သားလေ့ရှိကြောင်းကို သိရှိပြီးတဲ့နောက် ဒီလိုမျိုး အိပ်မက်တွေ မက်လို့ရအောင် လူတွေကို အိပ်မက်မက်ခြင်းအားဖြင့် ဘယ်လို အကျိုးရနိုင်မလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ လေ့လာမှုအပြီးမှာ အိပ်မက်တွေကို ထိန်းချူပ်နိုင်ခြင်းဟာ အိပ်မက်ဆိုးတွေ ပျောက်ကွယ်သွားစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေအတွက် အသုံးချနိုင်ခြင်း၊ တိမ်မြုပ် ပျောက်ကွယ်နေတဲ့ မှတ်ဥာဏ်တွေကို ပြန်လည်ဖော်ထုတ်နိုင်ခြင်း စတာတွေကို ပြုလုပ်နိုင်တယ်လို့ သိလာခဲ့ရပါတယ်။

ဒါ့ကြောင့်ပဲ ဩစတျေးလျနိုင်ငံ အက်ဒီလိတ်ဒ် (Adelaide) တက္ကသိုလ်က လေ့လာသူတွေဟာ လူပေါင်း ၁၆၉ ဦးကို ပြတ်သားတဲ့ အိပ်မက်တွေမက်နိုင်မယ့် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လေ့လာမှု ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ အခုလိုပါ။

လက်တွေ့ဖြစ်ရပ်မှန်တွေကို လေ့လာခြင်း

လေ့လာမှုမှာပါဝင်သူတွေဟာ နေ့စဉ်နေ့တိုင်း တစ်နေ့ကို ၁၀ ကြိမ်လောက် ”ငါ အိမ်မက် မက်နေတာလား” ဆိုတဲ့ မေးခွန်ကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးရပါတယ်။ မေးတဲ့အချိန်တိုင်းမှာလည်း ကိုယ့်ရဲ့ ပတ်ဝန်းကျင်က သာမန်ထက် ထူးခြားနေတဲ့ ဖြစ်ရပ်တွေကို လေ့လာ မှတ်သားထားရပါတယ်။

ပြန်လည်အိပ်စက်ရန် နိုးထခြင်း

ပါဝင်သူတွေဟာ စတင်အိပ်စက်ပြီး ၅ နာရီအကြာမှာ နိုးစက်ပေးထားပြီး အိပ်ရာက ထရပါတယ်။ နိုးလာတာနဲ့ တစ်ပြိုင်နက် အိမ်မက်ထဲမှာ သင်ဖြစ်ချင်တဲ့၊ သင်လုပ်ချင်တဲ့အရာတွေ ဖြစ်ရပ်တွေအကြောင်း ချရေးထားတဲ့ စကားလုံးတွေကို (စကားလုံး ၇၀၀ ခန့်) နှုတ်ကနေ ရွတ်ဖတ်ရပါတယ်။ ပြီးတာနဲ့ ပြန်ပြီး အိပ်စက်ရပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ဒီလို ကြည်လင်ပြတ်သားလှတဲ့ အိပ်မက်တွေဟာ REM sleep (Rapid Eye Moment sleep) အတောအတွင်းမှာ ဖြစ်လေ့ရှိတာမို့ပါ။ ပြီးတော့ REM sleep အခြေအနေဟာ သင်အရမ်း အိပ်ချင်စိတ် ဖြစ်နေတဲ့အချိန်မှာ ဖြစ်ပေါ်တတ်တာကြောင့်ပါ။ (၅ နာရီလောက်ပဲအိပ်ပြီး စာတွေ ထဖတ်နေရတယ်ဆိုရင် ဘယ်လောက်အိပ်ချင်နေလိမ့်မလဲ ခန့်မှန်းကြည့်လို့ရပါတယ်)

ပြတ်သားသောအိမ်မက်များဆီသို့

လေ့လာမှုမှာ ပါဝင်သူတွေဟာ အဲဒီလို အိပ်ချင်မူးတူးနဲ့ ပြန်အိပ်ဖို့ လဲလျောင်းလိုက်တဲ့အချိန်မှာ ”အခု အိပ်မက်ကို ငါမှတ်မိရမယ် ငါထိန်းချုပ်နိုင်ရမယ်” ဆိုတဲ့ စကားကို ထပ်ကာ ထပ်ကာ ပြောပေးရပါတယ်။ ဒီလို ပြောနေတဲ့အချိန်မှာလည်း ဒီစကားစုအပေါ်မှာပဲ အပြည့်အဝ အာရုံစူးစိုက်ထားရပါတယ်။ ဒါမှသာ ဒီစကားစုဟာ သူပြန်ပြီး အိပ်မပျော်သေးခင် နောက်ဆုံး မှတ်မိနေတဲ့ အရာဖြစ်မှာမို့လို့ပါ။

လေ့လာသူတွေဟာ ပါဝင်စမ်းသပ်ခံတဲ့သူတွေကို အဖွဲ့ (၃) ဖွဲ့  ခွဲထားခဲ့ပါတယ်။ တစ်ဖွဲ့ကို အဆင့် (၁) ကိုပဲ လုပ်ခိုင်းပြီး နောက်တစ်ဖွဲ့ကိုတော့ (၁) (၂) လုပ်စေခဲ့ကာ နောက်ဆုံးအဖွဲ့ကိုတော့ အဆင့် (၃) ခုစလုံး လုပ်စေခဲ့တာပါ။ ဒါကို တစ်ပတ်ကြာအောင် ပြုလုပ်ပြီးတဲ့နောက်မှာ အဖွဲ့ (၃) ဖွဲ့ဆီကနေ မတူညီတဲ့ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ မျှော်လင့်ထားသလိုပါပဲ။ အဖွဲ့ (၁) ရဲ့ အိပ်မက်တွေ ပြတ်သားမှုဟာ ၁၁%၊ အဖွဲ့ (၂) က ၁၇% နဲ့ အဖွဲ့ (၃) က ၄၆% ဖြစ်ပါတယ်။

ဒါဟာ တစ်ပတ်အကြာမှာပဲ ရှိပါသေးတယ်။ အချိန်ကြာမြင့်စွာ လေ့ကျင့်နိုင်မယ့်လူ တစ်ယောက်ဆိုရင် အဆင့် (၂) မှာပါဝင်တဲ့ ဖြစ်ချင်သမျှ အရာတွေ ရွတ်ဖတ်ခြင်းကို မက်ချင်တဲ့ အိပ်မက်အဖြစ် ပြောင်းလဲရွတ်ဖတ်လိုက်ခြင်းအားဖြင့် အိပ်မက်တွေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။

Ref: Curiosity “You can control your dreams with science”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top