လူမှုကွန်ရက်ပေါ်မှာ စောင့်ထိန်းစရာ

1.jpg

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းကတော့ ပရင့်မီဒီယာတွေ အားကောင်းခဲ့ပြီး မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာခေတ် တစ်ခေတ် ဖြစ်ခဲ့ပါတယ်၊၊ အဲဒီခေတ်အခါမှာ ဖတ်ရှုကြရတဲ့ သတင်း၊ ဆောင်းပါး၊ ဝတ္ထုနဲ့ ကဗျာ စတာတွေကို ရေးသားသူတွေက သတင်းတင်ဆက်ခြင်း၊ စာရေးခြင်း အလုပ်နဲ့ပဲ အသက်မွေးကြတဲ့ သတင်းသမား၊ စာရေးဆရာ စစ်စစ်တွေချည်းပါပဲ။ အခုခေတ် နည်းပညာတွေ ထွန်းကားကျယ်ပြန့်လာပြီး လူတိုင်းနီးပါး ဖုန်းအသုံးပြုနိုင်၊ လူမှုကွန်ရက်တွေမှာ ဝင်ဆန့်နိုင်လာချိန်မှာကတော့ လူတိုင်းက ကိုယ်ပိုင်အကောင့်တွေကနေ သတင်းတွေ တင်ဆက်လာနိုင်ကြ၊ စာရေးနိုင်လာကြမို့ လူတိုင်းနီးပါးက ဘလော့ဂါဖြစ်နိုင်လာကြပါတယ်။ ဒီလို ရေးသားတင်ဆက်ကြတဲ့အခါမှာ ကျင့်ဝတ် စံနှုန်းမဲ့မှု တချို့ကိုလည်း တွေ့လာရပါတယ်။

တလောလေးက ခရီးသွားဆောင်းပါးရေးသူ တစ်ယောက်ရေးထားတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်ကို အားလုံးနီးပါး ကူးယူပြီး ကိုယ်တိုင်ရေးသားထားဟန်နဲ့ ပြန်ဖော်ပြထားတဲ့ ကိစ္စတစ်ခုအကြောင်း ကြားရပါသေးတယ်။ မူရင်းရေးသားသူက ဒီလို မကူးယူသင့်ကြောင်း သွားအသိပေးတဲ့အခါမှာလည်း တွင်တွင်ငြင်းဆိုပြီး မူရင်းရေးသားသူက သူ့ကို တမင် သိက္ခာကျစေတဲ့ သဘောဆောင်တဲ့ တုံ့ပြန်ရေးသားမှုမျိုးကိုတောင် ကူးယူသူက ပြန်လုပ်ခဲ့ပါသေးတယ်။

နောက်ထပ် အတွေ့ရများတာကတော့ သတင်းမှားတွေကို ပြန်မျှဝေနေတာမျိုး၊ ညစ်ညမ်းဗီဒီယို လင့်ခ်တွေကို ပြန်မျှဝေတာမျိုးပါ။ ကိုယ်ဖတ်မိတဲ့ သတင်းရင်းမြစ်၊ ကြည့်လိုက်တဲ့ ရုပ်သံဖိုင်ဟာ ဘယ်ကနေလာလဲ၊ ခိုင်လုံတိကျသလား၊ သင့်လျော်ရဲ့လား ဆိုတာ မစိစစ် မဆင်ခြင်ဘဲ ပြန်မျှဝေလိုက်တာမျိုးပါ။ ဒီလိုအပြုအမူမျိုးဟာ လူမှုကွန်ရက်က ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေကို စိတ်အနှောက်အယှက် ဖြစ်ရစေသလို ကိုယ့်ရဲ့ အသိပညာ အားနည်းမှုကို ကိုယ့်ဘာသာ ဖော်ပြလိုက်ရာလည်း ရောက်သွားနိုင်ပါတယ်။

နောက်ထပ်ပြောစရာက အရင်ကတည်းကနေ အခုထိ အများဆုံးတွေ့နေကြရတာကတော့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှု (Personal Attacking) ပါ။ ကိုယ်သဘောမတွေ့၊ မုန်းတီးနေတဲ့လူ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဦးတည်ပြီး သိက္ခာကျအောင် ပုတ်ခတ် ဝေဖန်တာမျိုး ဖြစ်ပါတယ်။ တချို့ဆိုရင် အကောင့်နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြင် ဓာတ်ပုံတွေနဲ့ပါ မဟုတ်မမှန် စာရေးသားဖော်ပြပြီး လုပ်ကြံ တိုက်ခိုက်တတ်ကြပါတယ်။ အမျိုးသမီးတွေရဲ့ပုံကို ညစ်ညမ်းဂရု (ပ်) တွေမှာ မလျော်ကန်တဲ့စာတွေနဲ့ အတူတင်ပြီး အရှက်ရအောင် ပြုလုပ်တာမျိုးကိုလည်း တွေ့ရပါတယ်။ ဒီလို ပြဿနာတွေကို ဖေ့စ်ဘွတ်ခ်က အရေးယူ ဖြေရှင်းနေပေမဲ့လို့ အခုထိတော့ ဖြစ်နေဆဲ၊ တွေ့နေရဆဲပါ။

တစ်ခါတလေမှာတော့ လူမှုကွန်ရက်ပေါ်ကို တစ်စုံတရာနဲ့ ပတ်သက်လို့ ကိုယ်ရေးတင်လိုက်တဲ့ အမြင်၊ မှတ်ချက်တွေက တချို့တဝက် မှန်ကောင်းမှန်နေနိုင်ပါတယ်။ ဒါပေမဲ့ မှားနေခဲ့ရင်တော့ တစ်ဘက်သားအဖို့ အဖတ်ဆယ်မရတဲ့အထိ သိက္ခာကျရတတ်၊ စိတ်ဒဏ်ရာရစရာ ဖြစ်သွားတတ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် ခံစားရမှုကို ဘယ်သူကမှ ဝင်ခံစားပေးမှာ မဟုတ်သလို အလျော်ပေးပြီး ကျေကောင်းတဲ့အရာလည်း မဟုတ်ပြန်ပါဘူး။

ဆရာလူထုစိန်ဝင်းက သူ့ဆောင်းပါးတစ်ပုဒ်မှာ စာနယ်ဇင်းကျင့်ဝတ်တစ်ခုကို ရေးပြထားတာ ဖတ်ရဖူးပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ကာမကို လိမ်လည်ရယူထားသူကို သတင်းထဲမှာ မုဒိမ်းကောင်လို့ ရေးသားတာမျိုးကို ဆရာက ကန့်ကွက်ထားတာပါ။ ရဲက စွဲချက် တင်ထားသည့်တိုင် တရားရုံးက အပြစ်ရှိ၊ မရှိကို မဆုံးဖြတ်ရသေးခင် ဒီလို ရေးလိုက်တဲ့အခါ စာနယ်ဇင်းက ဆုံးဖြတ်ချက် ပေးလိုက်သလို ဖြစ်သွားတတ်တာကြောင့် မကောင်းဘူးလို့ သူက ဆိုထားပါတယ်။

လူတိုင်းမှာ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ရေးသားဖော်ပြပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ တစ်ဘက်သားကို တိုက်ခိုက်၊ နှိပ်ကွပ်လိုစိတ်နဲ့ ရေးသားတာမျိုးတော့ မဖြစ်သင့်တဲ့အရာပါ။ တစ်ခါတလေမှာ အမှန်တရားဘက်တော်သား ဖြစ်ရတယ်ဆိုတာက ကောင်းပေမဲ့ သတင်းတစ်ခု အကြောင်းတခုခုအပေါ် မှန်၏၊ မမှန်၏ မစိစစ်ဘဲ၊ မသေချာဘဲ ဆွမ်းကြီးလောင်းလိုက်ချင်တဲ့ အကျင့်က အများစုမှာ ကိန်းအောင်းနေတတ်တာမျိုးပါ။

ကျွန်တော်တို့အနေနဲ့ လူမှုကွန်ရက်ပေါ်မှာ အပြင်လောကမှာလို ကျင့်ဝတ်နဲ့ နေထိုင်ကြသင့်ပါတယ်။ နှုန်းစံတွေ ပြိုလဲနေတဲ့ လူမှုကွန်ရက်တွေပေါ်မှာ ကိုယ့်နှုန်းစံ၊ ကိုယ့်ကျင့်ဝတ်လေးနဲ့ အန္တရာယ်ကင်းအောင် နေထိုင်ပြုမူသင့်ပါကြောင်း ရိုးရာလေးက တိုက်တွန်း အကြံပြုလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top