စွဲမြဲတန်ဖိုးထားသင့်သော စာဖတ်ခြင်းအလေ့

yyl-21-037.jpg

အခုခေတ်အနေအထား၊ အခြေအနေတွေအရ စာအုပ်စာပေဖတ်ရှုတဲ့အလေ့အထဆိုတာ ပျောက်ကွယ်လုနီးပါးဖြစ်လို့နေပါပြီ။ အားလုံးရဲ့လက်ထဲမှာ ဖုန်းကိုယ်စီရှိနေကြပြီး ဒီဖုန်းနဲ့ပဲအင်တာနက်ချိတ်ဆက်ပြီး ရှာဖွေကြည့်ရှုလိုက်ရုံနဲ့ ကိုယ်ဖတ်ချင်တာတွေ၊ ကိုယ်လေ့လာချင်တာတွေကို အစစအရာရာ အလွယ်တကူရနိုင်တဲ့ အခြေအနေမှာ စာအုပ်တွေရဲ့ နေရာက ပျောက်စပြုလာတယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ခေတ်အခြေအနေအရ အလုပ်မပြတ်လုပ်နိုင်မှ လူတန်းစေ့နိုင်မယ့်အခြေအနေမို့ စာဖတ်ဖို့အချိန်မပေးနိုင်တော့တာကြောင့် လူငယ်၊ လူလတ်ပိုင်းကအစ စာဖတ်အားလျော့နည်းလာကြတာလည်း ဖြစ်ဟန်ရှိပါတယ်။ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးတွေလည်း ပျောက်ကွယ်သွားခဲ့သလို စာဟောင်း၊ စာကောင်းဆိုင်တွေလည်း ရှားပါးပျောက်ဆုံးကုန်ကြပါပြီ။

စာအုပ်စာပေဖတ်ရှုခြင်းဆိုတာ အသိ၊ ဥာဏ်ပညာကိုတိုးတက်စေပြီး ဆင်ခြင်တုံတရားကိုလည်း ကောင်းစွာဖြစ်ပေါ်စေပါတယ်။ အသိပညာ၊ အတတ်ပညာတွေနဲ့ ဗဟုသုတ၊ ရသတွေကို စာအုပ်စာပေတွေကပေးနိုင်ပါတယ်။ စာအုပ်တစ်အုပ်ကို ကိုယ်တိုင် လက်ကကိုင်ပြီး ဖတ်ရတဲ့စိတ်ကျေနပ်မှုကို ဖုန်းစခရင် ဒါမှမဟုတ် ကွန်ပျူတာစခရင်တစ်ခုခုပေါ်မှာ ebook အနေနဲ့ ဖတ်ရှုလိုက်ရတဲ့ စိတ်ကျေနပ်မှုက ဘယ်လိုမှမမှီနိုင်ပါဘူး။ စာအုပ်တွေဖတ်ရင်း ကြီးပြင်းလာခဲ့ကြတဲ့၊ ဖုန်းတွေ ပေါများမလာခင် အင်တာနက်လိုင်းတွေမကောင်းသေးခင်ကာလကို စာအုပ်တွေနဲ့အတူ ဖြတ်သန်းခဲ့ကြတဲ့သူတွေကတော့ စာအုပ်တွေကို ဆက်လက်တန်ဖိုးထား ဖတ်ကောင်းဖတ်နေကြဦးမှာပါ။

ဒီဘက်ခေတ်မှာ အရွယ်ရောက်လာတဲ့ လူငယ်တွေအနေနဲ့ စာအုပ်တွေဖတ်ရှုကြသေးရဲ့လားဆိုတာကလည်း စိတ်ဝင်စားစရာ နောက်ပြီး စိတ်ပူပန်စရာကိစ္စတစ်ခုဖြစ်လို့နေပါတယ်။ အရင်တစ်ချိန်တုန်းက စာအုပ်နဲ့ ရုပ်ရှင်၊ နောက်ပြီး သီချင်းတွေကလွဲရင် တခြားဖျော်ဖြေရေးနည်းလမ်းတွေဆိုတာ တော်တော်လေး နည်းပါးခဲ့တာမို့ စာအုပ်ဖတ်ခြင်းကပဲ အဓိကစိတ်အပန်းဖြေစရာနည်းလမ်း ဖြစ်ခဲ့ပါတယ်။ သင်ယူစရာတွေ၊ စိတ်ဖျော်ဖြေမှုပေးနိုင်တဲ့ ခံစားမှုရသတွေဆိုတာကလည်း စာအုပ်တွေကတစ်ဆင့် အများဆုံး ရယူနိုင်ခဲ့ကြတာပါ။ အခုကာလမှာတော့ စာဖတ်ကျင့်ရှိတဲ့လူငယ်ဆိုတာ လက်တစ်ဆုပ်စာလောက်သာ ရှိနေနိုင်ပါတော့တယ်။

အဆိုးထဲကအကောင်း လို့ ဆိုနိုင်တာတစ်ခုက ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးတွင်ကျယ်လာမှုကြောင့်ပဲ စာအုပ်ပွဲတော်တွေအကြောင်း၊ စာပေဆွေးနွေးပွဲတွေအကြောင်း၊ နောက်ပြီး ရွေးချယ်ဖတ်ရှုစရာ စာအုပ်အမျိုးအစားတွေအကြောင်းကို စာဖတ်သူတွေက ပိုပြီး လွယ်လွယ်ကူကူ သိလာနိုင်ကြတာဖြစ်ပါတယ်။ သတင်းအချက်အလက်မြန်ဆန်မှုနောက်မှာ သတင်းအချက်အလက်တွေကသာ လူတွေကို လွှမ်းမိုးသွားပြီး ကိုယ်တိုင် စာအုပ်တွေနဲ့ထိတွေ့ပတ်သက်မှု၊ ရသကိုခံစားနိုင်မှုတွေမှာ အားနည်းလာမှာကိုတော့ စိုးရိမ်မိပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဒီနေ့ခေတ်မှာ ရွေးချယ်ဖတ်ရှုစရာ စာအုပ်စာပေတွေက များပြားလှပြီး စာအုပ်တိုက်ပေါင်းစုံက အမျိုးအစားပေါင်းစုံကို ပိုမိုထုတ်ဝေနေကြတာဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်ဖတ်ရှုချင်တဲ့ စာပေအမျိုးအစားကို လွတ်လပ်စွာ ရွေးချယ်ဖတ်ရှုနိုင်လာပါတယ်။

ရွေးချယ်စရာစာအုပ်စာပေတွေထက် လူတွေရဲ့စိတ်ကို ပိုပြီးဆွဲဆောင်နေတဲ့ ဖုန်းတွေရဲ့လွှမ်းမိုးမှု တစ်နည်းအားဖြင့် ဆိုရှယ်မီဒီယာရဲ့လွှမ်းမိုးမှုအောက်မှာ စာအုပ်ဖတ်ခြင်းဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာ စိတ်အပန်းဖြေမှုအတွက် အဓိကဖြစ်မလာတော့တာကတော့ နှမြောစရာအကောင်းဆုံးကိစ္စတစ်ခု ဖြစ်လို့နေခဲ့ပါပြီ။ စာဖတ်ခြင်းဟာ စိတ်အာဟာရပြုခြင်းလို့ ဆိုနိုင်သလို အသိပညာ၊ ဗဟုသုတတွေပြည့်ဝစေနိုင်တဲ့ရင်းမြစ်တစ်ခုလည်းဖြစ်တာကြောင့် စာဖတ်ခြင်းအလေ့အကျင့်ကို အလေးပေး ဂရုပြုပေးသင့်ပါကြောင်း တိုက်တွန်းအကြံပြုလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top