တနင်္လာနေ့ညပိုင်းက ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ပြင်းအား ၇.၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ အနည်းဆုံး လူ ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူထောင်ပေါင်းများစွာ နေအိမ်ကနေ စွန့်ခွာခဲ့ရပါတယ်။
ဒီငလျင်က ည ၂၃ နာရီ ၁၅ မိနစ်အချိန် အာအိုမိုရီဒေသကမ်းရိုးကနေ မိုင် ၈၀ အကွာ မြေအောက်အနက် ၅၀ ကီလိုမီတာမှာ လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုက စက္ကန့် ၃၀ ကြာမြင့်ခဲ့ပြီး ၇၀ စင်တီမီတာလှိုင်းလုံးတွေကိုလည်း မြင်တွေ့ခဲ့ရတဲ့အတွက် ဆူနာမီသတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။
ရထားဝန်ဆောင်မှုတချို့ကို ရပ်ဆိုင်းထားပြီး အိမ်ထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်လျက်ရှိပါတယ်။ အာဏာပိုင်တွေကလည်း လာမယ့်ရက်တွေအတွင်း ပိုမိုပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုတစ်ခုဖြစ်ပွားနိုင်ကြောင်း သတိပေးထားပြီးသားဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်မှုအပြီးမှာ ဂျပန်လျှပ်စစ်ကုမ္ပဏီ Tohoku Electric Power က ငလျင်ကြောင့် Higashidori နဲ့ Onagawa နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ မူမမှန်မှုတွေမရှိကြောင်း ပြောကြားခဲ့ပါတယ်။
ပိတ်ထားတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံနေရာမှာလည်း ဘယ်အရာမျှ မတွေ့ရှိခဲ့ကြောင်း ဂျပန်အာဏာပိုင်တွေက နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီကို ပြောကြားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံရဲ့အရှေ့ဘက်ကမ်းရိုးတန်းမှာ ပြင်းအား ၉.၀ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့စဉ်က ဖူကူရှီးမားမြို့ ပျက်စီးသွားခဲ့ဖူးပါတယ်။
Ref: Dozens injured after magnitude 7.5 quake strikes northern Japan
WL (ရိုးရာလေး)

