ONE ၏ ဖယ်သာဝိတ်တန်း Kick Boxing World Grand Prix တွဲဆိုင်းများကိုသုံးသပ်ကြည့်ခြင်း

FW_Kickboxing_World_Grand_Prix-2019.jpg

လာမည့် မေ (၁၇) ရက်တွင်ONE: Enter the Dragon ပြိုင်ပွဲကြီးကို စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၊ လိုက်ဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲ၊ လိုက်ဝိတ်တန်း World Grand Prix ဆီမီးဖိုင်နယ်ပွဲစဉ်များအပြင် ဖယ်သာဝိတ်တန်း Kick Boxing World Grand Prix ကွာတားဖိုင်နယ်ပွဲစဉ်များကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ နိုင်ငံတကာမှ Kick Boxing အကျော်အမော်ကစားသမားများပါဝင်ယှဉ်ပြိုင်မည့် အဆိုပါ Kick Boxing World Grand Prix ကွာတားဖိုင်နယ်တွဲဆိုင်းများကို တစ်ပွဲချင်းသုံးသပ်တင်ပြလိုက်ရပါသည်။

Petchmorakot Petchyindee Academy နှင့် Giorgio Petrosyan

ဝိတ်တန်းနှစ်ခုတွင် Lumpinee အားကစားကွင်း၏ ချန်ပီယံ ဖြစ်ခဲ့ဖူးသလို WMC မွေထိုင်းကမ္ဘာ့ ချန်ပီယံလည်းဖြစ်ခဲ့ဖူးသည့် ထိုင်းနိုင်ငံသား Petchmorakot Petchyindee Academy (၁၅၈ နိုင် – ၃၄ ရှုံး- ၂ သရေ) သည် K-1 World Max ချန်ပီယံနှစ်ကြိမ် ဖြစ်ဖူးသည့် အီတလီ နိုင်ငံသား Giorgio
“The Doctor” Petrosyan (၉၈ နိုင် – ၂ ရှုံး – ၂ သရေ – ၁ မပြိုင်) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ Petchmorakot သည် ထိုင်းနိုင်ငံ၏ အကောင်းဆုံးမွေထိုင်းကစားသမားတစ်ဦးအဖြစ်ရော ထိပ်တန်း Kick Boxing အားကစားသမားတစ်ဦးအဖြစ်ပါ အသိအမှတ်ပြုခံထားရသူဖြစ်သည်။

အသက် (၂၅) နှစ်သာရှိသေးသော်လည်း ထိုင်း၏ ထိပ်တန်းလက်ဝှေ့အကျော်အမော်အများအပြားကို အနိုင်ယူခဲ့ဖူးသူလည်း ဖြစ်သည်။ Petrosyan မှာမူ နည်းစနစ်၊ စိတ်ဓာတ်နှင့် ခံစစ်ပိုင်း ထူးချွန်စွာ ကစားနိုင်သူဖြစ်ပြီး မိမိကိုမထိခိုက်အောင်ကစားရင်း ပြိုင်ဘက်များကိုအနိုင်ယူတတ်သဖြင့် “The Doctor” ဟူသော ကြိုးဝိုင်းနာမည်ရရှိခဲ့ခြင်းဖြစ်သည်။ Kick Boxing သမားများကိုအဆင့်သတ်မှတ်သည့် Combat Press အဖွဲ့အစည်းက ၂ဝ၁၈ နိုဝင်ဘာတွင် Petrosyan ကို လိုက်ဝိတ်တန်းကမ္ဘာ့အဆင့် (၂) ဟု သတ်မှတ်ထားသည်။ တိုက်စစ် ထူးချွန်သူနှင့် ခံစစ်ကျွမ်းကျင်သူတို့ ထိပ်တိုက်တွေ့သည့် ပွဲစဉ်တစ်ခုကို ကြည့်ရှုကြရဖွယ်ရှိနေသည်။

Yodsanklai IWE Fairtex နှင့် Samy Sana

Lion Fight မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲတွင် ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်ခဲ့ဖူးသည့် ထိုင်းနိုင်ငံသား “The Hero” Yodsanklai IWE Fairtex (၂ဝ၂ နိုင် – ၇၁ ရှုံး- ၄ သရေ) သည် WBC နှင့် A1 မွေထိုင်း ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ဖူးသည့် ပြင်သစ်နိုင်ငံသား Samy “AK47” Sana (၁၃၃ နိုင် – ၉ ရှုံး – ၁သရေ) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ပွဲပေါင်း (၂ဝဝ) ကျော် ထိုးသတ်ထားသည့် Yod သည် ဦးနှောက်ဖြင့် တွက်ချက်စဉ်းစားပြီးမှ ဟာကွက်မရှိအောင်ထိုးသတ်တတ်သူဖြစ်သဖြင့် “လက်ဝှေ့ကွန်ပြူတာ”ဟု တင်စားခေါ်ဝေါ်ခြင်း ခံထားရသူဖြစ်သည်။ ၎င်းသည် လက်ရှိတွင် ရှုံးပွဲမရှိစံချိန်ကို ကာလရှည်ကြာထိန်းသိမ်း ထားသူလည်းဖြစ်ပြီး ယခုပွဲသည် ၎င်း၏စံချိန်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည်။ အရပ်အမောင်း၊ ခြေဆံလက်ဆံကောင်းပြီး ပြိုင်ဘက်ကို စက်သေနတ်ပစ်သလို လက်သီးချက်များဖြင့်တိုက်စစ်ဆင်တတ်သဖြင့် Ak47 ဟုခေါ်ကြသည့် Sana သည်လည်း အလဲထိုးနိုင်ပွဲပညာရှင်ဟု သတ်မှတ်ခံထားရသူဖြစ်သည်။ ထိတ်ထိတ်ကြဲထိုင်းလက်ဝှေ့အကျော်အမော်များကို အလဲထိုးနိုင်ပွဲများရယူထားသည့် Sana အတွက် ယခုပွဲသည် ခက်ခဲသည့်စိန်ခေါ်မှုဖြစ်လာမည် ဖြစ်သည်။

Smokin’ Jo Nattawut နှင့် Andy Souwer

Lion Fight မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲတွင် ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်ခဲ့ဖူးသည့် ထိုင်းနိုင်ငံသား Smokin’ Jo Nattawut (၆၉ နိုင် – ၇၁ ရှုံး- ၄ သရေ) သည် K-1 World Max ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ် ဖြစ်ဖူးသည့် နယ်သာလန်နိုင်ငံသား Andy Souwer (၁၇၉ နိုင် – ၂ဝ ရှုံး – ၁ သရေ) နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ပွဲစ ခေါင်းလောင်းတီးကတည်းက ပြိုင်ဘက်ကို တရကြမ်းတိုက်စစ်ဆင်သည့် ကစားပုံကြောင့် နာမည်ကျော်သည့် Nattawut သည် ထိုင်းနိုင်ငံတွင်သာမက အမေရိကန် နိုင်ငံတွင်ပါ သွားရောက်အခြေချပြီး လက်စွမ်းပြခဲ့သူ ဖြစ်သည်။ ၎င်းသည် အမေရိကန်နှင့် ဥရောပမှ Kick Boxing ပြိုင်ပွဲများတွင် ချန်ပီယံခါးပတ်များ လှည့်လည်သိမ်းပိုက်ပြီးနောက် မွေးရပ်မြေသို့ တစ်ကျော့ပြန်လာပြီး လက်စွမ်းပြနေသူလည်းဖြစ်သည်။ ဝါရင့်ကိုယ်ခံပညာကစားသမားကြီး Souwer မှာလည်း အာရှနှင့် ဥရောပတစ်လွှားမှ Kick Boxing ပြိုင်ပွဲများတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီး ချန်ပီယံအကြိမ်အလီလီဖြစ်ခဲ့သူ ဖြစ်သည်။ သို့သော် ONE Championship ၏ ကစားသမား ဘဝတွင် နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး နိုင်ပွဲမရသေးသဖြင့် ယခုပွဲစဉ်တွင် သူ၏ မီးကုန်ယမ်းကုန် ပေါက်ကွဲပုံကို မြင်တွေ့ခွင့်ရဖွယ်ရှိနေသည်။

Dzhabar Askerov နှင့် Enriko Kehl

မွေထိုင်းကမ္ဘာ့ချန်ပီယံ (၇) ကြိမ်ဖြစ်ခဲ့ဖူးသည့် ရုရှားနိုင်ငံသား Dzhabar Askerov (၁ဝ၇ နိုင် – ၃၅ ရှုံး- ၂ သရေ) သည် K1 ကမ္ဘာ့ချန်ပီယံ ဂျာမနီနိုင်ငံသား Enriko “The Hurricane” Kehl (၄၈ နိုင် – ၁၄ ရှုံး – ၂ သရေ) နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင်အခြေစိုက်ကာ မွေထိုင်းနှင့် Kick Boxing ကို လေ့ကျင့်ခဲ့သူ Askerov သည် ရုရှားနှင့် ဥရောပတစ်လွှားတွင် အောင်မြင်မှုအများအပြား သိမ်းပိုက်ရရှိခဲ့သူဖြစ်သည်။

ယခုပြိုင်ပွဲသည် ၎င်း၏ ONE Championship ပွဲဦးထွက်ပြိုင်ပွဲဖြစ်သလို ၎င်းနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံပြီး အနိုင်ရခဲ့ဖူးသည့်ပြိုင်ဘက်ဟောင်းနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ နောက်ဆုံး ကစားထားသည့် (၃) ပွဲဆက်တိုက်အနိုင်ရထားသူ Kehl မှာလည်း လတ်တလော စိတ်ဓာတ်တက်ကြွ နေသူဖြစ်သဖြင့် ယခင်က Askerov အပေါ် ရှုံးကြွေးများကို အတိုးနှင့် ပေါင်းဆပ်နိုင်ရန် မျှော်မှန်းနေသူ ဖြစ်သည်။ အသက်အရွယ်အားဖြင့်လည်း အကောင်းဆုံးအရွယ်ရောက်နေသည့် Kehl ကို Askerov က ဝါသမ္ဘာဖြင့် ထိန်းကစားနိုင်ခြင်း ရှိ မရှိ ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

2 Replies to “ONE ၏ ဖယ်သာဝိတ်တန်း Kick Boxing World Grand Prix တွဲဆိုင်းများကိုသုံးသပ်ကြည့်ခြင်း”

    1. ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

scroll to top