ချစ်သူဟောင်းနဲ့ပြန်တွဲတာက ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်

h1.jpg

ကိုယ်အရင်က လက်တွဲခဲ့ဖူးတဲ့ ချစ်သူရည်းစားဟောင်း၊ အဆက်ဟောင်း နဲ့ ခဏခဏပြန်တွဲလိုက်၊ ပြန်ပြတ်လိုက်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ကိုယ့်အတွက်ထိခိုက်စေလို့ အဆက်ဟောင်းနဲ့ အချစ်ရေးနွံထဲက ရုန်းထွက်လာဖို့လိုပြီလို့ လေ့လာစမ်းသပ်ချက်အသစ်တွေကနေ သိရှိရပါတယ်။

အဆက်ဟောင်းနဲ့ပြန်တွဲတဲ့လုပ်ရပ်ဟာ စိတ်ပင်ပန်းမှု၊ စိတ်ဒုက္ခ၊ စိတ်ကျဝေဒနာတွေနဲ့ ဆက်နွယ်တဲ့ကျန်းမာရေးလက္ခဏာဆုတ်ယုတ်မှုတွေ ပြသလာစေနိုင်တယ်လို့ ဒီလေ့လာမှုရဲ့ ပညာရှင်၊ မစ်ဇူရီတက္ကသိုလ်က မိသားစုသိပ္ပံပညာ ပါမောက္ခ ကေးလ်မန့်ခ် (Kale Monk) က ပြောပြသွားခဲ့ပါတယ်။ ချစ်သူနဲ့ပြတ်စဲလို့ အသည်းကွဲရတာဟာ ပုံမှန်အခြေအနေဖြစ်ပြီး အချိန်အားဖြင့်ယာယီသာခံစားရတာဖြစ်တယ်၊ ချစ်သူဟောင်းနဲ့ပြတ်လိုက်၊ ပြန်တွဲလိုက် ဆိုတဲ့သံသရာကတော့ ကျန်းမာရေးကိုပာ ယိုယွင်းထိခိုက်စေတဲ့ အခြေအနေကိုဖြစ်စေနိုင်ပါတယ် လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

တစ်ခါတစ်လေမှာတော့ ချစ်သူတွေပြတ်သွားကြတာက အမြင်သစ်တစ်မျိုးပြောင်းသွားစေပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်တန်ဖိုးထားကြသလဲဆိုတာ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်တွေမှာ သိရှိစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကွဲအက်သွားတဲ့ ဆက်ဆံရေးဟာ ပုံမှန်ပြန်ဖြစ်ဖို့မလွယ်ပါဘူး။ စိတ်ဝမ်းကွဲပြီးမှ နှစ်ဖက်စလုံးက စိတ်အားထက်သန်စွာနဲ့ တက်ညီလက်ညီ ပြန်တည်ဆောက်ချင်တယ်ဆိုရင်တော့ အရင်ဦးဆုံးလုပ်သင့်တာက အရင်ကထက်ပိုပြီး နားလည်မှုကို အပြန်အလှန်ပျိုးထောင်ကြဖို့ပါပဲ။ သို့ပေမယ့် နှစ်ကိုယ့်တစ်စိတ်လိုဖြစ်လာတဲ့အထိ နားလည်မှုကို ပိုပြီးပြန်မတည်ဆောက်နိုင်ပဲနဲ့တော့ ပြတ်စဲသွားခဲ့တဲ့ အဆိပ်သင့်စေတဲ့ ဆက်ဆံရေးဆီ ခြေဦးပြန်မလှည့်ဖို့အတွက် မန့်ခ်က အခုလိုတိုက်တွန်းသွားခဲ့ပါတယ်။

” ကျွန်တော်ကတော့ ကွဲသွားခဲ့တဲ့ ချစ်သူစုံတွဲတွေကိုဒီလိုအကြံပေးချင်ပါတယ်။ ပြန်တွဲမယ်စဉ်းစားတိုင်း ငါတို့ဘာကြောင့်ပြတ်ခဲ့ရသလဲ ဆိုတဲ့အကြောင်းရင်းက အရေးကြီးတယ်ဆိုတာပါပဲ။ ဒီတစ်ကြိမ်မှာရော အရင်တစ်ခေါက်နဲ့မတူပဲ အရာရာခြားနားသွားမှာ တကယ်သေချာရဲ့လား။ ပြန်တွဲမယ်ဆိုရင်တော့ အချင်းချင်း သူတို့ကွဲခဲ့ရတဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းတွေအကြောင်း ပွင့်လင်းတိကျစွာ ပြန်ဆွေးနွေးပေးကြတာ သိပ်ပြီးအကူအညီဖြစ်စေပါလိမ့်မယ်။ ပြုပြင်ရမယ့်အကျင့်ဟောင်း၊ ကိုယ်စီအားနည်းချက်၊ သူ့အကြိုက်ကိုယ့်အကြိုက်၊ သူ့ဒုက္ခ ကိုယ့်ဒုက္ခ စသဖြင့် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားဖို့ လိုအပ်သမျှ အပြန်အလှန်နားလည်မှုတွေကို အရင်ဆုံး ပြန်ပြီးတည်ဆောက်ကြပါ ”

နောက်တစ်ချက်အနေနဲ့ မန့်ခ်က ” ကိုယ့်အတွက် အဆိပ်သင့်စေတဲ့ ချစ်သံယောဇဉ်တစ်ခုမှာ ကိုယ်က အကြမ်းဖက်ခံနေရတယ်၊ နာကျင်ခံစားရတယ်၊ စိတ်ပိုင်းရုပ်ပိုင်း နှိပ်စက်ညှဉ်းပန်းခံရမှုတွေ ကြုံတွေ့ခံစားနေရတယ်ဆိုရင်တော့ ဒီသံယောဇဉ်ကို စွန့်ထားခဲ့ပစ်လိုက်ဖို့ လိုပါတယ်။ ကိုယ့််အတွက် လုံခြုံမှုအရှိဆုံးဖြစ်ဖို့ ဒီစည်းဝိုင်းထဲက ထွက်ခွာလာခဲ့လိုက်ပါ။ လိုအပ်ရင် အသိုင်းအဝိုင်းတွေဆီက အကူအညီအထောက်အပံ့ရယူပေးရမှာပါ”လို့ လက်တွဲထားတဲ့ အချစ်ရေးမှာ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခရောက်နေသူတိုင်းကို သတိပေးအကြံပြုသွားခဲ့ပါတယ်။

အချစ်ဟောင်းကို ပြန်လည်အသက်သွင်းလိုသူတိုင်းအတွက် အရေးကြီးတာက အထက်မှာပြောပြထားသလို အဲဒီလိုစိတ်ဖိစီးနာကျင်မှုတွေကို ကိုယ်တိုင် ကြုံခဲ့ရလားဆိုတာကို ပြန်မတွဲခင်မှာ သတိနဲ့ချိန်ဆဆင်ခြင်ပြီး သေသေချာချာစဉ်းစားပေးရမှာဖြစ်ပါတယ်။

Ref: TIME “Why Getting Back Together With Your Ex May Be Bad for Your Health”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

4 Replies to “ချစ်သူဟောင်းနဲ့ပြန်တွဲတာက ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်”

  1. ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။

    1. ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

scroll to top