ဂျပန်နိုင်ငံနှင်းလျှောစီးအပန်းဖြေစခန်းရဲ့ ရွေ့လျားလူသွားလမ်းမှာ လက်ညှပ်မိပြီး အသက် ၅ နှစ်အရွယ်ကလေးလေး သေဆုံး

snow.jpg

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးက အသက် ၅ နှစ်အရွယ် ကောင်လေးတစ်ဦးဟာ နှင်းလျှောစီးအပန်းခြေစခန်းက ရွေ့လျားလူသွားလမ်းမှာ လက်ညှပ်မိပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်က ဒီဇင်ဘာ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

သေဆုံးသွားခဲ့ရတဲ့ ကလေးလေးနာမည်က ဟီနာတာ ဂိုတိုဖြစ်ပြီး Asarigawa Onsen Ski Resort ကို မိသားစုနဲ့အတူ အပန်းခြေခရီးထွက်လာခဲ့တာပါ။ အခင်းဖြစ်ပွားတော့ မီးသတ်သမားတွေကို နံနက် ၁၀ နာရီမှာ အရေးပေါ်အခြေအနေ အကြောင်းကြားခဲ့တာပါ။ လက်ရန်းမပါတဲ့ ရွေ့လျားလူသွားလမ်းကနေ ဆင်းဖို့ကြိုးစားရင်း ကလေးလေး ပြုတ်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကလေးလေးရဲ့လက်က စက်အတွင်း ညှပ်မိသွားခဲ့ပါတယ်။ မိခင်ဖြစ်သူက အရေးပေါ်ရပ်တန့်ခလုတ်ကို နှိပ်လိုက်တဲ့အချိန်မှ စက်က ရပ်တန့်သွားခဲ့ပါတယ်။

ဝန်ထမ်းတွေကလည်း စက်အတွင်းကနေ ကလေးလေးကို မကယ်ထုတ်နိုင်ခဲ့တဲ့အတွက် အရေးပေါ်အဖွဲ့ကို ခေါ်ယူခဲ့ရပါတယ်။ ကယ်ဆယ်ရေးသမားတွေက ကလေးလေးကို ကယ်ထုတ်ဖို့ မိနစ် ၄၀ အချိန်ယူခဲ့ရပါတယ်။ ကယ်နေစဉ်အတွင်း ကလေးလေးက မေ့မြောနေခဲ့ပါပြီ။ ကလေးလေးကို အားပေးစကားပြောပြီး အော်ဟစ်နေတဲ့အသံတွေကြားခဲ့ရတယ်လို့ အခင်းဖြစ်ပွားရာနေရာမှာရှိတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ကလေးလေးဟာ ဆေးရုံရောက်တော့ သေဆုံးသွားခဲ့ပါတယ်။

ဒီရွေ့လျားလူသွားလမ်းက မတော်တဆမှုတွေကို မကြာခဏဖြစ်ပွားစေပါတယ်။ အရင်က အလားတူဖြစ်ရပ်မျိုးတွေကို စီမံခန့်ခွဲရေးဌာနကို တိုင်ကြားခဲ့ပြီး ဝန်ထမ်းကို စက်ကြီးကြပ်ဖို့ ဆောင်းဆိုခဲ့ပါတယ်။ မတော်တဆဖြစ်ပွားချိန်မှာ စက်ကို ကြီးကြပ်တဲ့ဝန်ထမ်းမရှိခဲ့ပါဘူး။

ရပ်နားရာနေရာနဲ့ နှင်းလျှောစီးတောင်စောင်းကို ဆက်သွယ်ပေးတဲ့ ရွေ့လျားလူသွားလမ်းက အရှည် မီတာ ၃၀ နဲ့ အကျယ် ၆၀ စင်တီမီတာရှိပါတယ်။ ၁ စက္ကန့်ကို ၅၀ စင်တီမီတာလောက်ပဲ ရွေ့လျားပါတယ်။ စက်ရဲ့အဆုံးမှာ နှင်းတွေကို ဖယ်ရှားဖို့ ဘရက်ရှ်ပါတဲ့ အပေါက်တစ်ခုရှိပါတယ်။ အဲ့ဒီနေရမှာ ကလေးလေးက ပြုတ်ကျပြီး လက်ညှပ်သွားခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။

အပန်းဖြေစခန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပါတယ်။ ဒီလိုမျိုးထပ်မဖြစ်ပွားဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အပန်းဖြေစခန်းကို ဖွင့်လှစ်ထားပေမဲ့ တာဝန်ပေါ့လျော့မှုအတွက် ဖြစ်ရပ်ကို ရဲတွေ စုံစမ်းစစ်ဆေးနေတာကြောင့် ရွေ့လျားလူသွားလမ်းကို ပိတ်ထားပါတယ်။

Ref: 5-year-old boy in Japan dies at ski resort after arm gets trapped in travelator

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top