ဘုရားကျောင်းကခေါင်းလောင်းသံတွေတိတ်ဆိတ်ခဲ့တဲ့ တနင်္ဂနွေ

29.4.2019.jpg

ပုံမှန်အတိုင်းဆိုရင် တနင်္ဂနွေနေ့တိုင်း သီရိလင်္ကာနိုင်ငံတစ်ဝန်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ လူထုဝတ်ပြုပွဲ ကျင်းပလေ့ရှိပေမဲ့ မနေ့တုန်းကတော့ သီရိလင်္ကာနိုင်ငံတစ်ဝန်းက ဘုရားကျောင်းတွေဟာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သီရိလင်္ကာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းအားလုံးမှာ လူထုဝတ်ပြုပွဲတွေကို ဆိုင်းငံ့လိုက်လို့ပါပဲ။

အီစတာပွဲတော်နေ့မှာ သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေ ဗုံးခွဲတိုက်ခိုက်ခံရလို့ အနည်းဆုံး လူ (၂၅၀) သေဆုံးခဲ့ပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူ (၈) ယောက်ဟာ ပညာကောင်းကောင်းသင်ခဲ့ရသူတွေဖြစ်ပြီး ငွေရေးကြေးရေးမပူပင်ရသူတွေပါ။ တစ်ယောက်ဆိုရင် ဗြိတိန်နိုင်ငံကနေဘွဲ့ယူပြီး သြစတြေးလျနိုင်ငံမှာ ဘွဲ့လွန်ထပ်တက်ခဲ့သူပါ။ ပညာတတ်လို့ဆိုနိုင်တဲ့သူတွေက သူတို့နဲ့ ရန်ငြိုးရန်စမရှိတဲ့ အပြစ်မဲ့သူတွေကိုသတ်ဖြတ်ဖို့ ကိုယ့်အသက်ကိုယ်စတေးခဲ့တာ မိုက်မဲလွန်းတယ်လို့ ဆိုရမှာပါ။

ဘာကြောင့် သူတို့မိုက်မဲခဲ့တာလဲလို့အရင်းစစ်ရင် ဘာသာရေးမှိုင်းမိခဲ့တာလို့ တွက်ဆစရာရှိပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူတွေကိုဦးဆောင်ခဲ့တယ်လို့ သံသယရှိသူ ဇာရန်ဟာရှင်းက ဘာသာရေးအစွန်းရောက်သူတစ်ဦးဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓရုပ်တုတွေကို ဖျက်စီးတဲ့အဖွဲ့မှာပါဝင်ခဲ့ပြီး မွတ်စလင်မဟုတ်တဲ့သူတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ Youtube ပေါ်ကနေ တိုက်တွန်းခဲ့သူပါ။ တိုက်ခိုက်မှုမပြုလုပ်ခင် ရက်ပိုင်းအလိုက IS အဖွဲ့ တင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ ဟာရှင်းနဲ့အတူ ဗုံးခွဲသမားတွေလို့ သံသယရှိသူတွေ ပါဝင်နေခဲ့ပါတယ်။

အတန်းပညာတတ်ပေမဲ့ မှန်ကန်တဲ့နှလုံးသွင်းဆင်ခြင်မှုမရှိသူတွေဟာ ဟာရှင်းရဲ့ ဘာသာရေးမှိုင်းမိသွားခဲ့ပုံပေါ်ပါတယ်။ သူတို့အနေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားဆင်ခြင်နိုင်စွမ်းကင်းမဲ့ခဲ့လို့ အခုလိုအဖြစ်ဆိုးကြီး ပေါ်ပေါက်ခဲ့ရတာပါ။ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားဆင်ခြင်နိုင်စွမ်းက အတန်းပညာထက်အရေးကြီးတယ်ဆိုတာကို ဒီဖြစ်ရပ်က သက်သေခံနေပါတယ်။ တစ်ဘက်ပိတ်၊ တစ်ကြောင်းဆွဲ၊ တစ်လမ်းသွား အယူဝါဒတွေကို ဆန့်ကျင်တွန်းလှန်ပြီး ဉာဏ်နဲ့ယှဉ်တဲ့ဆင်ခြင်သုံးသပ်မှုတွေ ထွန်းကားလာအောင်ကြိုးစားကြဖို့ တိုက်တွန်းရင်း ဒီတစ်ပတ်အယ်ဒီတာအာဘော်ကို အဆုံးသတ်လိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

One Reply to “ဘုရားကျောင်းကခေါင်းလောင်းသံတွေတိတ်ဆိတ်ခဲ့တဲ့ တနင်္ဂနွေ”

Leave a Reply

scroll to top