အခုတစ်ပတ်မှာတော့ လူအများစုအတွက် ရောထွေးနေဆဲဖြစ်တယ်လို့ ယူဆရတဲ့ “မီ” နဲ့ “ မှီ” ကွာခြားချက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
“ မီ “ ဆိုတာက “မိ” ဆိုတဲ့ စကားလုံးနဲ့ အနက်ရင်း တူပါတယ်။ တစ်စုံတစ်ရာကို (ဆုပ်ကိုင်)မိ လိုက်တယ်၊ ထိထိမိမိ ရှိတယ် (မပိုမလျော့ဘူး) ဆိုတဲ့ သဘောမျိုးတွေအတွက် “မီ” ကို သုံးပါတယ်။
အဲဒါကြောင့် “အချိန်မီ” ဆိုတဲ့ စကားလုံးတွေ၊ “ကျောင်းကို မီအောင် သွားရမည် “ ဆိုတဲ့ နေရာတွေမှာ “ မီ “ ကို သုံးရမှာ ဖြစ်ပါတယ်။ “ခေတ်မီ”၊ “စံချိန်မီ” ဆိုတဲ့ စကားလုံးတွေမှာလည်း “ ခေတ်ကို မီအောင်၊ ခေတ်နဲ့ ထိစပ်ယှဉ်တွဲအောင်လိုက်နိုင်တယ်“၊ “စံချိန်နဲ့ မပိုမလျော့ ဖြစ်တယ် “ ဆိုတဲ့ အဓိပ္ပာယ်နဲ့ “မီ” ကို သုံးရပါတယ်။
နောက်ထပ် “မီ” ကို သုံးတဲ့ နေရာတစ်နေရာကတော့ “မ” နဲ့ ဆက်စပ်ပြီး သုံးတာ ဖြစ်ပါတယ်။ “ခင်” ဆိုတဲ့ စကားလုံးနေရာမှာ “မီ” ကို အစားထိုးပြီးသုံးတာမျိုးပါ။
ဥပမာ ပြရရင် မကြာခင်၊ မသွားခင်၊ အစာမစားခင် ဆိုတဲ့ စကားလုံးတွေနေရာမှာ မကြာမီ၊ မသွားမီ၊ အစာမစားမီ ဆိုပြီး သုံးတာပါ။
“မှီ” ဆိုတဲ့ စကားလုံးကတော့ တစ်ခုခုကိုယှဉ်ကပ်အားပြုတာ၊ အားကိုးအားထားပြုတာကို ဆိုလိုပါတယ်။ “မှီခိုတာ၊ မှီတင်းတာ၊ မှီဝဲတာ “ စတဲ့ စကားလုံးတွေမှာ သုံးပါတယ်။ မေ့သွားရင်တော့ “ ကြီးရင်မှီ၊ ငယ်ရင်ချီ “ ဆိုတဲ့ စကားပုံကို သတိရလိုက်ရုံပါပဲ။
ကိုးကား ။ ။ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် “မြန်မာစာ မြန်မာစကား”
Team (ရိုးရာလေး)