ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာဆိုရင်ပေါ့။ လူငယ်လေးတွေဟာ ပြောကြတယ်။ ကျွန်တော် ဒီဟာကို ဝါသနာ မပါဘူး။ မလုပ်ချင်ဘူး။ အဲ့တော့ ဘာဝါသနာပါလဲလို့ မေးလိုက်ပြန်တော့လည်း မသိဘူးလို့ပဲ ဖြေတယ်။ ကိုယ်ဟာ ဘာကို ဝါသနာပါလို့ပါမှန်း မသိအောင် လမ်းပျောက်နေသူတွေ အများကြီးပါ။ ယနေ့ လုပ်ငန်းခွင် ဝင်နေသူတွေထဲမှာလည်း ငါလုပ်သာ လုပ်နေရတာ မပျော်ဘူး မလုပ်ချင်ဘူးဆိုတာကလည်း ရှိပါသေးတယ်။
“What I am good at” ဆိုတဲ့ စကားလုံး အဓိပ္ပာယ်ဟာ မိမိကောင်းကောင်း လုပ်နိုင်တဲ့ အရာကို ဆိုလိုပါတယ်။ ဘယ်သူမဆို လူသားတိုင်းမှာ မိမိဟာ အထစ်အငေါ့ ပြဿနာ မရှိဘဲ ကောင်းကောင်း လုပ်နိုင်တဲ့ အရာတွေ ရှိပါတယ်။ ဒါဟာ အထုံဝါသနာ မဟုတ်ပေမယ့် လုပ်လိုက်တဲ့အခါ ထက်ထက်မြင်မြက်နဲ့ ကောင်းနေတာမျိုး ဖြစ်ပါတယ်။ သူငယ်ချင်း တစ်ယောက်ဟာ နိုင်ငံခြားမှာ ဆေးပညာ သင်လာပါတယ်။ အဲ့ဒီကျောင်းမှာလည်း အဆင့်တစ်၊ နံပါတ်တစ်၊ အမှတ်အများဆုံးနဲ့ အောင်လာပါတယ်။ မြန်မာပြည် ပြန်လာတော့ သူဟာ အကယ်၍ အစိုးရစစ်တဲ့ စာမေးပွဲလေးတစ်ခု ဝင်ဖြေလိုက်ရုံနဲ့ မြန်မာနိုင်ငံ အသိအမှတ်ပြု ဆရာဝန်ကတ် ရပါတယ်။ သူနဲ့အတူ ပြန်လာသူတိုင်း လုပ်ပေမယ့် သူမလုပ်ပါဘူး။ ဘာလို့လဲဆို ဝါသနာမပါလို့တဲ့။ ဒီတော့ ဘာလုပ်လဲဆို အသေးစား လက်မှုလုပ်ငန်းလေးကို တစ်ပိုင်တစ်နိုင်လုပ်ပြီး စားဝင်သောက်ဝင် ရှိလာတယ်။ နိုင်ငံခြားသားလည်း စိတ်ဝင်စားလို့ သူ့ဆီမှာ ရင်းနှီးမြုပ်နှံမှုအတွက် ကမ်းလှမ်းနေကြတယ်။ ကျွန်တော်ကတော့ ယနေ့အချိန်အထိ ဖျားနာတာပဲဖြစ်ဖြစ် တစ်ခုခု ကျန်းမာရေးအရ သိချင်တာပဲဖြစ်ဖြစ် သူ့ကိုမေးတယ်။ သူဟာ အားလုံး ဖြေပေးနိုင်ပါတယ်။ သူဖြေတာတွေဟာလည်း မှန်ကန်သလို ဆေးလမ်းညွန်တာမျိုးလည်း ကောင်းကောင်းလုပ်ပေးနိုင်ပါတယ်။
မင်းဒီလောက ဆေးအကြောင်း၊ ကုသမှုအကြောင်း တော်တော်သိရဲ့သားနဲ့ ဘာလို့ ဆရာဝန်မလုပ်သလဲ မေးတော့ ငါဝါသနာ မပါလို့တဲ့။ ဒါပေမယ့် ဆေးကုတာနဲ့ ဆေးပညာဟာ သူ့ရဲ့ ကြိုးစား အားထုတ်မှုကြောင့် “What I’m good at” ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဝင်သွားပါပြီ။ သူက “What I’m good at” ကို မရွေးဘဲ “What I want to do” ကို ရွေးလိုက်တာပါ။ ဒါပေမယ့် အဲ့ဒီဟာလည်း အောင်မြင်ပါတယ်။ ဒါပေမယ့် ဒါမျိုးဟာ တစ်ရာ တစ်ယောက်ပါ။ လက်ရှိ အသက် ၁၈၊ ၁၉ လေးတွေ၊ အသက် ၂၂ အောက်လေးတွေအနေနဲ့ “What I want to do” နောက်ကို လိုက်သွားရင် ဒိလိုဖြစ်လာဖို့ အခွင့်အလမ်းက ၁၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။ ဘာကြောင့်လဲ။ ပြည့်စုံတဲ့ ဗဟုသုတ မရှိဘူး။ ကိုယ် အကောင်းဆုံးလုပ်နိုင်တဲ့ဟာဆိုတာ ဘာဆိုတာလဲကို မသိသေးဘူး။
ဒါကြောင့်မို့ လူငယ်တွေအနေနဲ့ အလုပ်တွေ၊ ပညာတွေ ရွေးရတာ ဇဝေဇဝါ မသေမချာ ဖြစ်နေရင် တစ်ခုခုကို ရွေးချယ်ပြီးတော့ လုပ်လိုက်ဖို့ အင်မတန် လိုအပ်ပါတယ်။ ရွေးပြီးရင် “ဝက်ဖြစ်မှ ချီးမကြောက်ရ” ဆိုသလိုပဲ ရွေးထားတဲ့ အရာကို အကောင်းဆုံး လုပ်ရမှာပါ။ ဝါသနာပါမှလုပ်မယ်ဆိုပြီးတော့ ဟိုမရောက် ဒီမရောက်တွေ ဖြစ်ရင် မိမိလည်း ဆန်ကုန်မြေလေး ဖြစ်သလို ဘဝလမ်းတွေ ပျောက်သွားပါလိမ့်မယ်။ ကြိုးစားဖို့ အချိန်ဆိုတာ အများကြီး ရှိနေသေးတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကြိုးစားနေသူတွေအတွက် အချိန်ဆိုတာ မရှိတော့ ပါဘူး။
ဇီးကွက် (ရိုးရာလေး)