ကြိုတင်ပြဌာန်းချက်

exam-at-school-P82Z5E3-e1564546342596.jpg

ကျွန်တော်တို့ လူ့လောက လူ့သဘာဝကို လေ့လာတဲ့အခါ ကြိုတင်ပြဌာန်းချက်ဆိုတဲ့ အကြောင်းလေးကလည်း တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေတတ်ပါတယ်။ ကြိုတင်ပြဌာန်းချက်လို့ ဆိုရတဲ့ အကြောင်းအရင်းက တကယ်တော့ လူတွေအတွက်တင်မဟုတ်ပါဘူး လောကကြီးတစ်ခုလုံးအတွက် ကြိုတင်ပြဌာန်းချက်တွေ ရှိနေကြတာပါ။ နေ့တစ်နေ့အတွက် မနက်ခင်းနေလုံးကြီးဟာ အရှေ့ကထွက်လာပြီး ညနေအနောက်ဘက်ကို နေလုံးကြီး ဝင်ရောက်ပျောက်ကွယ်သွားတာဟာ ကြိုတင်ပြဌာန်းချက်တွေထဲက တစ်ခုပဲဆိုရမှာပေါ့။ ဒီလိုပဲ သက်ရှိတွေ သက်မဲ့တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာတွေဖြစ်မယ်၊ ဘယ်လိုပြောင်းသွားမယ် ဆိုတာမျိုးတွေဟာ တစ်ကယ်တော့ လောကရဲ့ ဖြစ်တည်ခြင်းနဲ့ဆိုင်တဲ့ ကြိုတင်ပြဌာန်းချက်တွေပါပဲ။

ကျွန်တော်တို့ လူတွေမှာလည်း ကြိုတင်ပြဌာန်းချက်တွေဟာ လူသားတစ်ဦးတိုင်းစီအတွက် အသေးစိတ် ပြဌာန်းချက် တွေဟာ မမွေးဖွားခင်ကပင် ပါရှိနေပြီး ဖြစ်မယ်ထင်ပါတယ်။ ဒီပြဌာန်းချက်တွေကိုပဲ ဘာသာရေးအယူအဆအရ “ကံ“ လို့ ပြောရတာပါ။ ဒီပြဌာန်းချက်တွေအတိုင်းပဲ လိုက်ပါစီးဆင်းနေကြရတတ်တာပါပဲ။ ဒီလို စီးဆင်းနေရတာကပဲ ဘဝခရီးလို့ ပြောကြပြန်တာပါ။ ဥပမာတစ်ခုကို ကျွန်တော်သူငယ်ချင်း ကျောင်းဆရာတစ်ယောက်နဲ့ ဆွေးနွေးဖြစ်တယ်။ သူက သူ့အတွေ့အကြုံအရ ပြောပြနေတာက ကျောင်းသားတစ်ယောက်ဟာ မိဘ အလွန်ချမ်းသာလေတော့ အင်မတန်မှ နာမည်ကြီးတဲ့ ဆရာတွေ၊ နည်းပြတွေနဲ့ (၁၀)တန်းအတွက် ငွေကုန်ခံ၊ အချိန်ကုန်ခံပြီး အကောင်းဆုံးဆိုတဲ့ ကျောင်းတွေ ဘော်ဒါဆောင်တွေကို ထားပါသတဲ့၊ ဒီလိုပဲ တောရွာလေးတစ်ခုက ဆင်းရဲတဲ့ တောင်သူမိသားစုက ကျောင်းသားဟာလည်း (၁၀) တန်းအတွက် မိဘအလုပ်ကို တစ်ဘက်က ဝိုင်းကူရင်း ကျောင်းက သင်တာလေးကိုပဲ ကြိုးစားကျက်မှတ်လို့ ချို့တဲ့စွာ နဲ့ စာမေးပွဲဝင်ဖြေကြရပါတယ်တဲ့။ အောင်စာရင်းအထွက်မှာတော့ တောက ကျောင်းသားက (၆)ဘာသာဂုဏ်ထူးထွင်ပြီး သူဌေးသားကတော့ စာမေးပွဲကျပါသတဲ့။ ဆိုလိုတာကတော့ သူတို့အတွက် ကြိုတင်ပြဌာန်းချက်တွေက ပါပြီးသားဖြစ်တယ်( အတိတ်ကံ အကျိုးပေးက ပါလာတာပါဘဲ)

လူတိုင်းလူတိုင်းအတွက် တစ်ယောက်ချင်းစီအတွက် ကံဆိုတဲ့ ပြဌာန်းချက် မရှိခဲ့ဘူးဆိုရင် လူသားတိုင်း အတူတူဖြစ်နေမှာပေါ့။ နိုင်ငံတစ်ခုအတွက် သမ္မတဆိုတဲ့ ရာထူးအတွက် တစ်ယောက်ပဲ ဖြစ်ရမှာပါ။ တစ်ချိန်တည်း ၂ ယောက်တောင်ဖြစ်လို့ မရပါဘူး။ ဒီလိုပါပဲ။ အားလုံး ဆရာဝန်ဖြစ်နေပြီး လူနာမရှိလို့ မဖြစ်ပါဘူး။ ရဲတွေ၊ ဥပဒေဘက်တော်သား တရားသူကြီးတွေပဲ အားလုံးဖြစ်ကုန်ပြီး ဒုစရိက်သမားတွေ မရှိ ဖြစ်ကုန်မှာပါ။ အားလုံး ရဟန်းတွေ၊ သီလရှင်တွေဖြစ်ပြီး သားသတ်သူ မရှိဖြစ် ကုန်မှာပေါ့။ ဒါပေမယ့် လူတိုင်းဟာ ကံအကျိုးပေး မတူတဲ့အခါ သူနေရာနဲ့သူ အံဝင်ဂွင်ကျ လေးဖြစ်သွားတာပါဘဲ။ ဒါကြောင့်လူတိုင်းမှာ ကြိုတင်ပြဌာန်းချက်တွေ ပါလာပြီးသားဖြစ်တယ်။

ကြိုတင်ပြဌာန်းချက် (ကံ) တွေဟာ တစ်ခါတစ်လေတော့လည်း အလွန်ဆန်းကြယ်တယ်။ မြန်မာစကားပုံမှာ “လှံထမ်းလာတာ မြင်ရပေမယ့် ကံထမ်းလာတာ မမြင်ရဘူး” ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ဒါကြောင့် ကိုယ်ဘဝ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးရဲ့ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် အမြဲအားပေးနေသင့်တာပေါ့။ ဥပမာပြရရင် နယူတန်၊အယ်ဒီဆင် တို့လို့ သိပ္ပံပညာရှင်ကြီးတွေဟာ သူတို့ငယ်ဘဝမှာ ဘာမှဖြစ်လာတော့မယ့် လူတွေမဟုတ်ဘူးလို့တောင် ပြောခံခဲ့ရတဲ့သူတွေပါပဲ။ သစ်ရွက်ခြောက်တွေကို မီးပုံထဲထည့်ပြီး စာဖတ်နေရတဲ့ လူငယ်ဟာ နောင်တစ်ချိန် အမေရီကန်နိုင်ငံမှာ ရုပ်ထုထားဂုဏ်ပြုရတဲ့ သမ္မတကြီးလင်ကွန်း ဖြစ်လာမယ်ဆိုတာ အဲဒီသစ်ရွက် ခြောက်တွေနဲ့ စာဖတ်နေတုံးက ဘယ်သူ အာမခံပြောနိုင်သလည်း။ ဒါဟာသူ့ရဲ့ ပြဌာန်းချက်ပါပဲ။ ဇွဲ၊ လုံ့လ တော့ရှိရမှာပေါ့ ဒီလို့ ဇွဲ၊ လုံ့လ ရှိဖို့ဆိုတာကလည်း ဇွဲ၊ လုံ့လ ရှိတဲ့သူဖြစ်ဖို့ ပြဌာန်းချက်လေးကလည်း လိုသေးတယ် ထင်ပါတယ်။

ဒီရက်ပိုင်းမှာ မိဘတွေက စာမေးပွဲမှာ အဆင်မပြေလို့၊ အမှတ်နည်းလို့ဆိုပြီး ဆိုဆုံးမကြရာကနေ ဘဝကို အရှုံးပေးသွားကြတဲ့ ကလေးတွေ၊ နောက် ဘော်ဒါဆောင်တွေက တင်းကြပ်လွန်းတာတွေကြောင့် အရှုံးပေးသွားကြသူတွေရဲ့ သတင်းတွေ ဖတ်နေရတတ်ပါတယ်။ အမှန်တော့ ဘဝကို ဘာမှ အရှုံးပေးဖို့ မလိုပါဘူး။ စာပေပညာတတ်ကြီး မဖြစ်ပေမယ့် တိုင်းပြည်ကို ကာကွယ်တဲ့ စစ်သားကောင်း ဖြစ်လာနိုင်တယ်။ သူရဘွဲ့တွေတောင် ရနိုင်သေးတယ်။ အဆိုတော်ကြီးလည်း ဖြစ်နိုင်တယ်။ စီးပွားရေးသမားကြီးလည်း ဖြစ်နိုင်သလို့၊ သာသနာ့ အာဇာနည် ရဟန်းတပါးလည်း ဖြစ်နိုင်တာပါပဲ။ သူ့ရဲ့ ကြိုတင်ပြဌာန်းချက် (ကံ) ကို ကျွန်တော်တို့ မမြင်ရပါဘူး၊ မသိရပါဘူး။ ဒါကြောင့် မိဘ၊ ဆရာနဲ့ အုပ်ထိန်းသူတွေအနေနဲ့ ဖြစ်စေချင်တဲ့ စေတနာတွေကြောင့်လို့ ထင်ပါတယ် ကျွန်တော်တို့ ဂျာနယ်တွေမှာ စိတ်မကောင်းစရာ သတင်းတွေ ဖတ်မိနေရတာပါ။

လူတွေအားလုံးရဲ့ တစ်ယောက်ချင်းစီမှာပါလာတဲ့ ကြိုတင်ပြဌာန်းချက် (ကံ) ဆိုတာ တစ်ဦးတစ်ယောက်၊ တန်ခိုးရှင်တစ်ယောက်က ကြိုတင်ပြဌာန်း စီမံပေးထားတယ်လို့ ယုံကြည်ကြသူတွေရှိပါတယ်။ ဗုဒ္ဓရဲ့ တရားတော်မှာတော့ ဒီကြိုတင်ပြဌာန်းချက်တွေဟာ ကိုယ်ကိုတိုင်ကပဲ အတိတ်တစ်ချိန်က ရေးခဲ့တာပါ။ အတိတ်က ကိုယ်တိုင်ရေးခဲ့တဲ့ ပြဌာန်းချက်အတိုင်း အခု ဖြစ်တည်လုပ်ဆောင်နေတာ ဖြစ်တယ်။ အခု ပြုမူလုပ်ဆောင်နေတာတွေကပဲ နောင် အနာဂတ်အတွက် ကြိုတင်ပြဌာန်းချက်တွေကို ရေးနေကြတာပါ။ ဒီတော့ ဒီ ကြိုတင်ပြဌာန်းချက်တွေဟာ ကိုယ်ပြုတဲ့ ကံတွေဖြစ်ပြီး ကံရဲ့ အကြောင်းကြောင့် အကျိုးတွေဖြစ်နေရခြင်းလို့ ဆိုပါတယ်။ ဒီ ပြဌာန်းချက်တွေဟာ အတိတ်က ကိုယ်ရေးခဲ့တဲ့အတိုင်း အခု အကျိုးပေးနေပြီမို့ နောင် အနာဂတ် သံသရာခရီးမှာ ကံကောင်းနိုင်ဖို့ အခုချိန်ကစပြီး အနာဂတ်အတွက် ပြဌာန်းချက်ကောင်းတွေ ရေးနိုင်ကြစေကြောင်း တိုက်တွန်းရပါတယ်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top