သမုဒ္ဒရာတွေကို စူးစမ်းလေ့လာဖို့ ဆွစ်ဇာလန်အင်ဂျင်နီယာကျောင်းသားတွေ တီထွင်ထားတဲ့ စက်ရုပ်ငါး

12.8.2024-yyl-7.png

ဆွစ်ဇာလန်နိုင်ငံ ETH Zurich တက္ကသိုလ်မှ အင်ဂျင်နီယာကျောင်းသားတွေ တီထွင်ဖန်တီးတဲ့ စက်ရုပ်ငါးကို ပင်လယ်ထဲမှာ စမ်းသပ်ခဲ့ပါတယ်။ သူတို့တွေဟာ စက်ရုပ်ငါး တီထွင်ရေး ပရောဂျက်ကို အချိန် ၂ နှစ်ယူ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧဝလို့ အမည်ပေးထားတဲ့ စက်ရုပ်ငါးကတော့ အခုနောက်ဆုံး ဖန်တီးမှုဖြစ်ပါတယ်။

ဒီစက်ရုပ်ငါးဟာ ပင်လယ်၊ သမုဒ္ဒရာတွေအပေါ် လေ့လာမှုပုံစံကို ပြောင်းလဲစေလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ စက်ရုပ်ငါး ဧဝရဲ့ ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတဲ့ ပန့်ခ်တွေကြောင့် ဆီလီကွန်အမြီးက လှုပ်ရမ်းပြီး ရေထဲမှာ ကူးခတ်နေနိုင်တာပါ။ ဒါဟာ အလိုအလျောက် ရေအောက်သွားယာဉ်ကို ငါးပုံစံအတိုင်း အတောင်၊ အမြီးတွေ တပ်ဆင်ပေးထားတာဖြစ်ပြီး ရေအောက်ကို ဓာတ်ပုံမှတ်တမ်းတင်နိုင်စေဖို့ ကင်မရာ၊ အတားအဆီးတွေကို ရှောင်ရှားနိုင်ဖို့ အယ်လ်ဂိုရစ်သမ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ အသံလှိုင်းသုံးကိရိယာ ဆိုနာလည်း တပ်ဆင်ထားပါတယ်။

” စက်ရုပ်ငါး ကူးခတ်သွားရာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ သတ္တဝါတွေရဲ့ DNA ကို ဖော်ထုတ်ပေးနိုင်မှာပါ”လို့ ETH Zurich တက္ကသိုလ်ရဲ့ ဘွဲ့လွန်သုတေသီ မာတီနာလူသီက ဆိုပါတယ်။ စက်ရုပ်ငါး ဧဝဟာ သမုဒ္ဒရာတွေနဲ့ မှီတင်းခိုလှုံရာ သက်ရှိတွေရဲ့ သဘောသဘာဝကို အသေးစိတ်ကျကျ ဖော်ထုတ်ပေးနိုင်စွမ်း ရှိမယ်လို့ ဒီပရောဂျက်မှာ ပါဝင်တဲ့ ကျောင်းသားတွေက မျှော်လင့်နေပါတယ်။

သူတို့ရဲ့ပတ်ဝန်းကျင်မှာ စက်ရုပ်ငါးတစ်ကောင် ရောက်လာတာကြောင့် ငါးတွေ ထိတ်လန့်ကြောက်ရွံ့ကုန်တာမျိုး မဖြစ်စေဖို့အတွက် သက်ရှိငါးတစ်ကောင်အတိုင်း အနီးစပ်ဆုံးတူအောင် ဒီဇိုင်းဆွဲထားတာဖြစ်ပြီး စက်ရုပ်ငါး ဧဝက သက်ရှိငါးတွေရဲ့ ဂေဟစနစ်ထဲ ပူးပေါင်းဝင်ရောက်နိုင်လိမ့်မယ်လို့လည်း သူတို့က ဆိုပါတယ်။

Ref: Meet ‘Eve’ the DNA-collecting robot fish
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top