ပိုကောင်းပြီး လုံခြုံစိတ်ချရတဲ့ ကျည်ဆံရထားကို ဒီဇိုင်းထွင်ဖန်တီးတဲ့ (၁၃) နှစ်အရွယ်ကျောင်းသူလေး

yyl-012-1.jpg

ကမ္ဘာပေါ်က ကုမ္ပဏီတော်တော်များများက Elon Muskရဲ့ ကျည်ဆံရထား အယူအဆတွေကို ရယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။ တစ်နာရီကို မိုင် (၆၀၀) ပြေးတဲ့ နိုင်ငံတွေကို ဖြတ်တဲ့၊ တိုက်တွေကိုတောင် ဖြတ်သွားတဲ့ ကျည်ဆံရထားကို တီထွင်ဖန်တီးချင်နေကြပါတယ်။ အသက် (၁၃) နှစ်အရွယ် နယူးယောက်ကျောင်းသူလေး တစ်ဦးဖြစ်တဲ့ ကာရိုလိုင်း ကော့ချ်လေ (Caroline Crouchley) ကလည်း ပိုပြီးအလားလာကောင်းတဲ့၊ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေတဲ့ ကျည်ဆန်ရထားကို ဖန်တီးနေပါတယ်။ 3M Young Scientist Challenge ပြိုင်ပွဲမှာ ဒုတိယနေရာကိုရရှိထားတဲ့ အဲဒီကျောင်းသူလေးရဲ့ စိတ်ကူးက ရထားပြေးလမ်းတွေမှာ လေဖိအားခံနိုင်တဲ့ပြွန်စနစ်ကို ဖန်တီးဖို့ပါပဲ။

ဒီစနစ်က လက်ရှိရထားပြေးလမ်းကို အကျိုးရှိအောင် အသုံးပြုနိုင်မှာပါ။ လေဟာနယ်မှာ ခရီးသည်တွေကို ပို့ဆောင်မောင်းနှင်တဲ့အခါ ပြဿနာတစ်စုံတရာ မရှိအောင်၊ အန္တရာယ်ကင်းအောင် လုပ်ဆောင်နိုင်မယ်လို့ ကာရိုလိုင်းကပြောပါတယ်။ ရထားတွေကို ပိုပေါ့ပါးအောင်၊ ပိုပြီးအချိန်တိုတိုနဲ့ ခရီးရောက်အောင် လုပ်ဆောင်ရင်းနဲ့ ဒီဇယ် (သို့) လျှပ်စစ်မော်တာတွေ အသုံးပြုတဲ့ ရထားတွေမလိုအပ်တော့ပါဘူး။

“လမ်းပန်းဆက်သွယ်ရေးကို ကျွန်မလုပ်ချင်ခဲ့တဲ့ အရာတစ်ခုအနေနဲ့ အတိအကျ ဖော်ထုတ်ပြခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်မတို့တွေက ရထားတွေကို ပိုပြီးကောင်းမွန်အောင် လုပ်နိုင်မယ်ဆိုရင် လမ်းမပေါ်က ကား၊ ဘတ်စ်ကား၊ ကုန်တင်ကားတွေရဲ့ ပမာဏကို ဖယ်ထုတ်ပစ်နိုင်မှာပါ” လို့ ကာရိုလိုင်းကပြောပါတယ်။ ကာရိုလိုင်းက သူ့အဖေနဲ့အစ်ကိုတို့က ရထားနဲ့ နေ့တိုင်းသွားဖြစ်တာကြောင့် ရထားခရီးစဉ်အတွက် အာရုံစိုက်ခဲ့တာပါ။ သူ့ရဲ့သိပ္ပံဆရာမက အလယ်တန်းကျောင်းသူတွေကို ဖိတ်ကြားလေ့ရှိတဲ့ Young Scientist Challenge ကို ဝင်ဖို့ သူ့ကို တွန်းအားပေးခဲ့ပါတယ်။ အဲဒီမှာ နေ့စဉ်ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ပြဿနာတွေအတွက် ဖြေရှင်းချက်ထုတ်ထားဗီဒီယိုကို တင်ပြခဲ့တာပါ။

ကာရိုလိုင်းက စိတ်ဓာတ်ခွန်အားတွေရရှိပြီးနောက် ကျည်ဆန်ရထား၊ သံလိုက်ရထားတွေနဲ့ သူ့ဒီဇိုင်းတွေပေါ်မှာ သုတေသနအများကြီးလုပ်ဆောင်ခဲ့ပါတယ်။ သူက စာရွက်ပေါ်မှာ ဒီဇိုင်းချပြီး Autodesk Inventor ထဲ အဲဒီဒီဇိုင်းကို ထည့်သွင်းတယ်လို့ သိရပါတယ်။

သူ့ရဲ့ဒီဇိုင်းက ကုန်ကျစရိတ်နည်းနိုင်ပြီး လက်ရှိရထားနည်းပညာထက် ပိုပြီးအချိန်တိုအတွင်း ခရီးရောက်နိုင်သလို ပိုပြီးလုံခြုံစိတ်ချရတယ်လို့ ကာရိုလိုင်းက ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒီဇိုင်းက ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ပေါ်မူတည်နေပါတယ်။ အဲဒါကြောင့် ဒါက ရထားကို ပိုပေါ့ပါးပြီး မြန်မြန်ရွေ့လျားနိုင်စေတဲ့အပြင် ဒီဇယ်အင်ဂျင်၊ လျှပ်စစ်မော်တာတွေ မလိုတော့ဘူးလို့လည်း ကာရိုလိုင်းက ပြောပါတယ်။

Ref: CNN “This 13-year-old scientist may have designed a better version of Hyperloop”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

One Reply to “ပိုကောင်းပြီး လုံခြုံစိတ်ချရတဲ့ ကျည်ဆံရထားကို ဒီဇိုင်းထွင်ဖန်တီးတဲ့ (၁၃) နှစ်အရွယ်ကျောင်းသူလေး”

Leave a Reply

scroll to top