ပညာရေးဝန်ကြီးနဲ့ အညံ့ဆုံးကျောင်းသား

6.12.2024-yyl-3.png

ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံမှာပေါ့။ ပညာရေးဝန်ကြီးက ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာမှ စာသင်ကျောင်းကို စစ်ဆေးဖို့ သွားရင်း ရောက်လုရောက်ခင်မှာ ကားပျက်သွားတယ်။ ယာဉ်မောင်းမခေါ်ဘဲ တစ်ယောက်တည်း လာခဲ့တာဖြစ်လို့ ဝန်ကြီးလည်း ကားအောက်ဆင်းပြီး ဘာဖြစ်သွားသလဲဆိုတာ လိုက်ကြည့်ရတာပေါ့။ အဲဒီအချိန်မှာပဲ သူ့ဘေးကို ကောင်လေးတစ်ယောက် ရောက်လာပြီး ဘာကူညီပေးရမလဲလို့ မေးတယ်။

ဝန်ကြီး။ ။ ” မင်းက ကားအကြောင်း နားလည်တာလား”

ကောင်လေး ။ ။ အဖေ့ဝပ်ရှော့မှာ ကျွန်တော် ဝိုင်းကူလေ့ရှိတယ်လေ။ အဲဒီတော့ နည်းနည်းပါးပါး ကြည့်တတ်ပါတယ်။ ကြည့်ပေးပါမယ်

ဝန်ကြီးလည်း သဘောတူလိုက်တယ်။ ပြီးတော့ ကားပြင်ရင်သုံးတဲ့ ပစ္စည်းကိရိယာတွေလည်း ထုတ်ပေးလိုက်တယ်။ ကောင်လေးက ကားကို ကျင်လည်စွာ ပြင်နေတာကို ဝန်ကြီးလည်း ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတယ်။

ကောင်လေးက ”စက်နိုးကြည့်ပါဦး”ဆိုလို့ ဝန်ကြီးက စက်နှိုးလိုက်တော့ ကားက အကောင်းပကတိအတိုင်း စက်နိုးသွားတယ်။

ဝန်ကြီးက ကောင်လေးကို ကျေးဇူးတင်စကား အထပ်ထပ်ပြောရင်း ” ဘာလို့ ကျောင်းမတက်တာလဲ”လို့ မေးလိုက်တယ်။

ကောင်လေး ။ ။ ကျွန်တော် ကျောင်းနေပါတယ်။ ဒါပေမဲ့ ကျွန်တော်က အတန်းထဲမှာ အညံ့ဆုံးကျောင်းသားလေ။ ဒီနေ့ ကျောင်းကို ပညာရေးဝန်ကြီး လာမယ်ဆိုတော့ ဆရာမက ကျွန်တော့်ကို ဒီနေ့ ကျောင်းမလာခိုင်းဘူး။

ကောင်လေးရဲ့စကားကို ကြားတော့ ဝန်ကြီးလည်း တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ ပြီးတော့ ကောင်လေးကို သူ့ကားနဲ့ ကျောင်းကို လိုက်ခဲ့ဖို့ ခေါ်တယ်။

ကျောင်းကို ရောက်တဲ့အခါ ပညာရေးဝန်ကြီးကားထဲကဆင်းလာတဲ့ ကောင်လေးကို မြင်တော့ ကျောင်းအုပ်ချုပ်ရေးမှူးနဲ့ ဆရာ၊ ဆရာမတွေ အံ့အားသင့်ကုန်ကြတယ်။

ပညာရေးဝန်ကြီးက တစ်ကျောင်းလုံးရဲ့ရှေ့မှာပဲ ကောင်လေးကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးခဲ့တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့တာပါပဲ။ တကယ်တော့ ဉာဏ်ပညာနဲ့ အောင်မြင်မှုကို ကျောင်းစာတစ်ခုတည်းနဲ့ သတ်မှတ်နိုင်တာမှ မဟုတ်ပဲလေ။

Ref: The Story of Stupid Child
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top