စတိုးဆိုင်ပိုင်ရှင်တစ်ဦးဟာ မှောင်တဲ့အချိန်မှ အိမ်ပြန်လာရတဲ့သူတွေအတွက် အကူအညီဖြစ်စေဖို့ ၁၃ နှစ်တာလုံး သူ့ဆိုင်ရဲ့မီးကို တစ်ညလုံးထွန်းပေးနေခဲ့တာပါ။ သူကတော့ အသက် ၆၀ အရွယ် စန်းမေဟွာဆိုတဲ့ အမျိုးသမီးကြီးပါ။ သူဟာ သူ့ဆိုင်လေးကို ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံအလယ်ပိုင်း၊ဟူနန်ပြည်နယ်၊ ချန်ရှမြို့ဟောင်းမှာ ဖွင့်ခဲ့တာပါ။
ဆိုင်စဖွင့်တဲ့ပထမလမှာတော့ ငယ်ရွယ်တဲ့အမျိုးသမီးတချို့က သူ့ကို ဆိုင်ရှေ့မီးက သူတို့ အိမ်ပြန်နောက်ကျတဲ့အချိန် လုံခြုံသလို ခံစားရစေတယ်လို့ ပြောပါတယ်။ အဲ့ဒီကတည်းကစပြီး စန်းဟာ တစ်ညလုံးထွန်းပေးခဲ့တာပါ။ ဆိုင်ပိတ်ချိန်ကိုလည်း လိုအပ်နေတဲ့သူတွေအတွက် မနက် ၂ နာရီထိ အချိန်ညှိပေးခဲ့ပါတယ်။ တချို့သူတွေက စန်းကို “လမ်းမီးတိုင်အန်တီ” (Street Light Auntie) လို့နာမည်ပြောင်ပေးထားပါတယ်။
စန်းက သူ့အိမ်က ကြိုးဖုန်းကိုလည်း ဆိုင်မှာ ရွေ့ပေးထားခဲ့ပါတယ်။ အသက်ကြီးတဲ့သူတွေနဲ့ ကလေးသူငယ်တွေ သူ့မိသားစုတွေဆီ ဖုန်းဆက်လို့ရစေဖို့အတွက်ပါ။ သူ့ရပ်ကွက်ထဲမှာ စမတ်ဖုန်းနဲ့ အကျွမ်းတဝင်မရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဖုန်းကိုင်ခွင့်ပေးမထားတဲ့ ကလေးသူငယ်တွေရှိတယ်လို့ စန်းက ပြောပါတယ်။

ကြိုးဖုန်းအထိုင်ပျက်သွားရင် နှစ်တိုင်းလဲရပေမဲ့ ဖုန်းအခမဲ့ဆက်ခွင့်ပေးတဲ့ဝန်ဆောင်မှုကို ဘယ်တော့မှ ရပ်မပစ်ခဲ့ပါဘူး။ စန်းက “အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီပေးချင်ရုံပါ”တဲ့။ တစ်ခါတလေ ဖုန်းခေါ်လို့မရရင် စန်းက သူ့အိမ်နီးနားချင်းတွေအတွက် မက်ဆေ့ချ်ပို့ပေးပါတယ်။ စန်းက အိမ်နီးနားချင်းတွေအတွက် ဆိုင်သော့အပိုထားပေးထားပါတယ်။
စန်းနဲ့ သူ့ခင်ပွန်းက ဒီရပ်ကွက်မှာ နေတာ ဆယ်စုနှစ် ၂ ခုကျော်ပါပြီ။ သူတို့မှာ အချိန်ပြည့်အလုပ်မရှိပေမဲ့ ဆိုင်က ရတဲ့ ပုံမှန်ဝင်ငွေလေးနဲ့ နေထိုင်ပါတယ်။ သူ့ရဲ့ရပ်ကွက်အသိုင်းအဝိုင်းကနေ အကူအညီများစွာရရှိခဲ့ပြီး ဒါကို ပြန်လည်ပေးဆပ်လိုတယ်လို့ စန်းက ဆိုထားပါတယ်။
Ref: Caring China shop owner keeps store lights on for 13 years to aid women coming home late
WL (ရိုးရာလေး)

