သခင်ဖြစ်သူ Zoom Class တက်တိုင်း လိုက်တက်ခဲ့တဲ့အတွက် သခင်နဲ့အတူ ဘွဲ့ရခဲ့တဲ့ ကြောင်လေး

3-6-2022-yyl11.jpg

မကြာသေးခင်က ဖရန်စီဆာ ဘောဒီယားဆိုတဲ့ ကောင်မလေးဟာ တက္ကဆပ်တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။ ဒီအောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ဖို့အတွက် သူ့ရဲ့ချစ်စရာကြောင်လေး ဆူကီက ဘေးကနေ ရှိနေပေးခဲ့ပါတယ်။ ဆူကီက သူ့သခင် ဖရန်စီဆာနဲ့အတူ Zoom Class တက်ခဲ့တဲ့သူလို့လည်း ပြောလို့ရပါတယ်။

ဖရန်စီဆာက လူမှုကွန်ယက်အသုံးပြုသူတွေ စိတ်ဝင်စားစေမယ့် ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ သူနဲ့ဆူကီတို့ ဆင်တူဘွဲ့ဝတ်စုံဝတ်ဆင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့အတူ “ဟုတ်ပါတယ်…ကျွန်မရဲ့ကြောင်လေးက ကျွန်မတက်တဲ့ Zoom Class တိုင်းကို တက်ခဲ့ပါတယ်။ ဒါကြောင့် တက္ကဆပ်တက္ကသိုလ်ကနေ ကျွန်မတို့နှစ်ယောက်လုံး အတူတူဘွဲ့ရတော့မှာပါ”ဆိုတဲ့ စာသားလည်း ရေးသားထားပါတယ်။

ဘွဲ့ဝတ်စုံဝတ်ပြီး ရိုက်ထားတဲ့ ဖရန်စီဆာနဲ့ ဆူကီတို့ရဲ့ဓာတ်ပုံတွေကို မြင်ခဲ့တဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက ကောင်းတဲ့မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ အသုံးပြုသူတစ်ဉီးက “မင်းတို့နှစ်ယောက်ကို သတင်းမှာတွေ့လိုက်ရလို့ ဒီကိုရောက်လာတာပါ။ ငါကိုယ်တိုင်ကလည်း ဒီအခြေအနေတစ်ခုလုံးကို သဘောကျတဲ့ ကြောင်ချစ်သူတစ်ယောက်ပါပဲ”လို့ ရေးသားခဲ့ပါတယ်။

အခြားတစ်ယောက်ကလည်း “ငါ့ရဲ့News Feed မှာ အခြားအကောင့်တွေက တင်ထားတဲ့ မင်းတို့အကြောင်းတွေကြီးပဲ။ ငါ မူရင်းကို ရှာတွေ့ခဲ့ပြီ။ ဒါက ငါ့တစ်နေ့တာဖြစ်စေခဲ့တယ်။ ဂုဏ်ယူပါတယ်”လို့ ပြောပါတယ်။ နောက်ထပ်တစ်ယောက်က “ဒါဟာ မကြာသေးခင်က ငါ မြင်ဖူးသမျှ အရာတွေထဲမှာ ချစ်စရာအကောင်းဆုံးပါပဲ။ နှစ်ယောက်လုံး ဂုဏ်ယူပါတယ်”လို့ မှတ်ချက်ရေးသားခဲ့ပါတယ်။

ဆူကီအတွက် သီးသန့်အင်စတာဂရမ်အကောင့်လုပ်ပေးဖို့ တောင်းဆိုတဲ့သူတွေလည်းရှိခဲ့ပါတယ်။ “ငါ Follow လုပ်ချင်တာကြောင့် မင်းရဲ့ကြောင်လေးအတွက် အင်စတာဂရမ်မရှိဘူးလား”လို့ ရေးသားခဲ့ပါတယ်။ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ်အတွေ့အကြုံအများစုကို အိမ်မှာပဲ ဆူကီနဲ့အတူကုန်ဆုံးခဲ့ရတယ်လို့ ဖရန်စီဆာက ထုတ်ပြောပြခဲ့ပါတယ်။

“ကျွန်မရဲ့တိုက်ခန်းမှာပဲ အချိန်တော်တော်ကုန်ဆုံးခဲ့ရတယ်။ ကျွန်မရဲ့ဘေးမှာ ကြောင်လေးရှိပေးခဲ့တယ်။ ကျွန်မ Zoom ကနေ စာသင်ယူတဲ့အခါတိုင်း ကျွန်မနဲ့အတူ တက်ပြီး စာသင်တာကို နားထောင်ချင်ခဲ့တယ်။ သူက ကျွန်မရဲ့ဘေးမှာ အမြဲထိုင်နေခဲ့တယ်။ အိမ်မွေးတိရစ္ဆာန်ရှိတဲ့သူတော်တော်များများသိမှာပါ။ လူတိုင်းက အိမ်မှာပဲ ရှိနေရတဲ့အတွက် Zoom Class တက်နေရတယ်။ ဆူကီက ကျွန်မရဲ့အထူးဘွဲ့ရတစ်ယောက်ပါ”လို့ ဖရန်စီဆာက ပြောပါတယ်။

ဖရန်စီဆာက တိရစ္ဆာန်ချစ်သူတွေအတွက် သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူဝတ်ဆင်လို့ရမယ့် ဆင်တူဆွယ်တာအင်္ကျီတွေရောင်းချပေးတဲ့ အဝတ်အစားအမှတ်တံဆိပ်တစ်ခုကိုလည်း ထုတ်လုပ်နေပါတယ်။

Ref: Ladbible “A cat has ‘graduated’ after attending every zoom university class of its owner.”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top