နှလုံးပိုးဝင်ပြီး ကိုမာဖြစ်သွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ဦးဟာ ကောလိပ်ဝင်ခွင့်လက်ခံကြောင်းစာရကြောင်း သူ့အဖေ ပြောပြပြီးတဲ့နောက်မှာ ပြန်နိုးလာခဲ့ပါတယ်။ အဲ့ဒီကောင်မလေးဟာ ဟယ်နန်ပြည်နယ်က အသက် ၁၈ နှစ်အရွယ် ကျန်ချန်နန်ဆိုသူပါ။
ချန်နန်က ဇွန်လမှာ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး ဇူလိုင် ၁၁ ရက်နေ့မှာ အဖျားတတ်ပြီး ရင်ဘတ်အောင့်လို့ ဆေးရုံတက်ခဲ့ရပါတယ်။ ဆရာဝန်တွေက ချန်နန်မှာ ပြင်းထန်တဲ့ နှလုံးပိုးဝင်ခြင်းကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အခုလိုဖြစ်ရတဲ့ အကြောင်းအရင်းအတိအကျကို မသိရပါဘူး။
အခြားဆေးရုံတစ်ခုကို ပြောင်းရွေ့ပြီးတဲ့နောက် ချန်နန်က ကိုမာဖြစ်သွားခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ နှလုံး-အဆုတ်အတုထောက်ပံ့စက်နဲ့ အသက်ဆက်ရှင်နေခဲ့ပါတယ်။ ချန်နန်တို့မိသားစုက ငွေကြေးခက်ခဲကြပါတယ်။ အဖေဖြစ်သူဟာ ၂၀၂၃ခုနှစ်က ကားမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး အကြွေးတင်ခဲ့သလို လမ်းလျှောက်ရခက်လို့ အိမ်မှာပဲ အနားယူနေခဲ့ရတာပါ။ မိခင်ဖြစ်သူက လမ်းဘေးမှာ ဈေးရောင်းပါတယ်။ ချန်နန်ရဲ့ဆေးကုသစရိတ်က ကန်ဒေါ်လာ ၂၈၀၀၀ ရရှိသွားပါပြီ။
ကိုမာဖြစ်ပြီး ၈ ရက်မြောက်မှာ ချန်နန်ရဲ့အဖေက ကောလိပ်ဝင်ခွင့်လက်ခံကြောင်းစာရရှိခဲ့ပြီး ဆေးရုံကို ယူသွားကာ “အဖေတို့အားလုံး အရမ်းပျော်တာပဲ…သမီးလေး တက္ကသိုလ်တက်ရပြီ”လို့ ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ချန်နန်ရဲ့မျက်ခွံတွေ လှုပ်နေတာကို မြင်ခဲ့ရပြီး မိသားစုအတွက် မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။
နောက်နေ့ရောက်တော့ ချန်နန်က ကိုမာကနေ ပြန်နိုးလာခဲ့ပြီး သူ့မိဘတွေနဲ့ Video Call တောင် ခေါ်ခဲ့ကြပါတယ်။ ပြန်နိုးလာခါစမို့ စကားပြောရမှာ ခက်ခဲနေတုန်းပါပဲ။ ချန်နန်ရဲ့နှလုံးလုပ်ဆောင်ချက်က အပြည့်အဝပြန်လည်ကောင်းမွန်လာပြီး သူ့ရဲ့အခြေအနေက တည်ငြိမ်သွားခဲ့ပြီလို့ ဆရာဝန်က ပြောပါတယ်။
ချန်နန်ကို အထူးကြပ်မတ်ဆောင်ကနေ ပုံမှန်ကုသဆောင်ကို ပြောင်းလိုက်ပါပြီ။ စက်တင်ဘာလမှာ ကောလိပ်စတတ်ဖို့ မျှော်လင့်ရပါတယ်။ ချန်နန်က Huanghe Transportation University ကို တက်ခွင့်ရတာဖြစ်ပါတယ်။ သူတို့ ဘယ်လောက်ငွေကြေးခက်ခဲပါစေ။ တက္ကသိုလ်တက်ဖို့က ချန်နန်ရဲ့အိပ်မက်ဖြစ်တာကြောင့် တက္ကသိုလ်ထားပေးမှာပါလို့ ချန်နန်ရဲ့အဖေက ဆိုထားပါတယ်။
Ref: China girl with heart infection wakes up from coma when shown college acceptance letter
WL (ရိုးရာလေး)

