ကလေးငယ်တစ်ယောက်ရဲ့ဘဝကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ၁၅ ဒေါ်လာ

15.jpg

သူ့ရွာမှာတော့ ခရစ်အမ်ဘူရူက အတော်ဆုံးကျောင်းသားလေးပါ။ ကင်ညာနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ နေထိုင်လို့ သူ့အိမ်မှာ လျှပ်စစ်မီး မရှိပါဘူး။ ဒါပေမဲ့ ညဆို ဖယောင်းတိုင်မီးအိမ်လေးနဲ့ သူ စာလေ့လာတယ်။ ပညာရေးဆိုတာ သူ့ဘဝကို ပြောင်းလဲပေးနိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်လို့ သူ နားလည်ထားတယ်လေ။

တစ်ရက်မှာတော့ သူ့မျှော်လင့်ချက်တွေ သဲထဲရေသွန် ဖြစ်မယ့် အခြေအနေ ကြုံလာရတယ်။ သူ့မိဘတွေက ကျောင်းလခ မတတ်နိုင်တော့လို့ သူ ကျောင်းထွက်ရတော့မယ်။ ဒါဆိုရင်တော့ သူ့ဘဝက ကော်ဖီစိုက်ခင်းထဲမှာပဲ ကုန်ဆုံးသွားရတော့မှာပါ။

မိုင်ပေါင်းထောင်ချီဝေးတဲ့ ဆွီဒင်နိုင်ငံမှ အသက် ၈၀ အရွယ် ကျောင်းဆရာမကြီး ဟီဒါဘက်က ကလေးငယ်တွေအတွက် ပညာရေးထောက်ပံ့ကူညီမှု တောင်းခံစာ တစ်စောင်ကို သတိထားမိသွားတယ်။ အဲဒီစာထဲမှာ စာတော်ပြီး ကျောင်းဆက်မတက်နိုင်တော့တဲ့ ကျောင်းသား/သူလေးတွေရဲ့ နာမည်စာရင်းပါတယ်။ စာသင်နှစ် တစ်နှစ်တိုင်းအတွက် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ပေးရမှာပါ။

အဲဒီစာရင်းထဲကနေ ဟီဒါဘက် ရွေးလိုက်သူက ခရစ်အမ်ဘူရူပါ။ ကျေးဇူးတင်ခံ၊ အသိအမှတ်ပြုခံချင်လို့ ကူညီလိုက်တာ မဟုတ်ပါဘူး။ သူ့အတွက် အပန်းမကြီးတဲ့ ပမာဏဖြစ်သလို ကလေးငယ်တစ်ယောက်ရဲ့ပညာရေးအတွက် ရင်းနှီးမြှုပ်နှံပေးသင့်တယ်ထင်လို့ပါပဲ။ ဒါဟာ လူတစ်ယောက်ရဲ့ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တယ်။

အမ်ဘူရူက ကျောင်းဆက်တက်ခွင့် ရခဲ့တယ်။ ပြီးတော့ သူ့ကို ကူညီပေးခဲ့တဲ့ ဟီဒါဘက်နဲ့ စာအဆက်အသွယ်တွေ လုပ်ဖြစ်တယ်။ စာသင်ရတဲ့အပိုင်း၊ ဆရာ၊ ဆရာမတွေအကြောင်း၊ သူ့ရဲ့အိပ်မက်တွေအကြောင်းကို ဟီဒါဘက်က ဂရုတစိုက် မေးတယ်။ ဟီဒါဘက်ရဲ့နွေးထွေးမှု၊ သူ့အပေါ် ယုံကြည်မှုတွေကို အမ်ဘူရူက စာထဲကနေ ခံစားမိတယ်။

အချိန်တွေ တရွေ့ရွေ့ကုန်လာတာနဲ့အမျှ အမ်ဘူရူလည်း ပညာရေးမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ခဲ့တယ်။ သူဟာ နိုင်ရိုဘီတက္ကသိုလ်မှာ ဥပဒေတန်းကို အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့ပြီး ဟားဗက်တက္ကသိုလ် တက်ရောက်ခွင့် ပညာသင်ဆု ရတယ်။ နောက်ဆုံးမှာတော့ သူက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ရှေ့နေတစ်ယောက် ဖြစ်လာခဲ့ပြီး ဂျီနိုဆိုက်ဖြစ်ရပ်တွေ၊ ကမ္ဘာတစ်လွှားက လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်သူတွေကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ လုပ်ဆောင်ရသူ ဖြစ်လာတယ်။

အချိန်တွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားခဲ့သည်ဖြစ်စေ၊ သူ့ကို လူတလုံး သူတလုံးဖြစ်အောင် ကူညီပေးခဲ့တဲ့ အမျိုးသမီးကြီးကို အမ်ဘူရူ မမေ့ခဲ့ပါဘူး။ ၂၀၀၁ ခုနှစ်မှာတော့ အမ်ဘူရူက ငယ်ဘဝမှာ သူ ကြုံခဲ့သလို အဖြစ်မျိုးကြုံပြီး ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေအတွက် ပညာသင်ဆုပေးဖို့ စီစဉ်ခဲ့တယ်။ ဒါကလည်း ဟီဒါဘက်ကို ဂုဏ်ပြုဖို့ ရည်ရွယ်တာပါ။

အမ်ဘူရူက ဆွီဒင်သံအမတ်ကို ဆက်သွယ်ပြီး ဟီဒါဘက်ကို တွေ့ချင်တဲ့အကြောင်း ပြောပြတယ်။ အမ်ဘူရူက ဟီဒါဘက်ကို ချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက်လို့ ထင်ထားတာပါ။ ဒါပေမဲ့ တကယ်တမ်း တွေ့တော့ ဟီဒါဘက်က ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ သာမန်ကျောင်းဆရာ(ငြိမ်း) တစ်ဦးပါပဲ။ အံ့အားသင့်စရာကောင်းတဲ့ နောက်တစ်ချက်က ဟီဒါဘက်ကိုယ်တိုင်လည်း ငယ်စဉ်ဘဝတုန်းက ဒီလိုကြုံခဲ့ဖူးတာပါပဲ။

ဟီဒါဘက်ဟာ ၁၉၂၂ ခုနှစ်က နာဇီတွေ ကြီးစိုးနေတဲ့ ဂျာမနီမှာ ဂျူးမိသားစုကနေ မွေးဖွားလာခဲ့သူပါ။ ဟီဒါဘက် အသက် ၁၆ နှစ်အရွယ်မှာ ဂျူးကလေးတွေကို ကျောင်းတက်ခွင့် ပိတ်ပင်မှု ကြုံခဲ့ရပြီး အဲဒီအချိန်မှာ သူစိမ်းတွေက သူ့ကို ဘေးကင်းလုံခြုံတဲ့ ဆွီဒင်နိုင်ငံ ခေါ်လာပေးခဲ့တာပါ။ သူ့မိဘတွေကတော့ အကျဉ်းစခန်းကို ပို့ခံခဲ့ရပြီး သူ့အဖေကတော့ အဲဒီမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူ့အမေနဲ့လည်း ဘယ်တော့မှ ပြန်ဆုံခွင့်မရခဲ့ပါဘူး။

သူစိမ်းတွေရဲ့ အကူအညီကြောင့် ရှင်သန်ခွင့်ရခဲ့တဲ့ ဟီဒါဘက်ဟာ ကိုယ်ချင်းစာစိတ်ကြောင့် သူ့လို အခြေအနေ ကြုံနေရတဲ့ အမ်ဘူရူကို ကူညီပေးခဲ့တာပါ။ ဒီအကြောင်း သိသွားတော့ အမ်ဘူရူက စိတ်ထဲ တော်တော်ခံစားသွားရတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဟီဒါဘက်ဟာ ဟီဒါဘက်ပညာရေးရန်ပုံငွေ ထူထောင်မှု အခမ်းအနားကို တက်ရောက်ဖို့ ကင်ညာကို ရောက်လာခဲ့တယ်။ အမ်ဘူရူရဲ့ ရွာခံတွေက သူ့ကို မိသားစုဝင်တစ်ယောက်လို နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ်က သူ့ရဲ့ အသက် ၉၀ ပြည့် မွေးနေ့မှာ ဟီဒါဘက်ပညာရေးရန်ပုံငွေကြောင့် ပညာဆက်သင်ခွင့်ရတဲ့ ကလေးငယ် ရာပေါင်းများစွာနဲ့အတူ ဟီဒါဘက် ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ ၂၀၂၁ ခုနှစ်မှာတော့ အသက် ၉၈ နှစ်အရွယ်မှာ ဟီဒါဘက် ကွယ်လွန်သွားခဲ့တာပါ။ ဒါပေမဲ့ အခုချိန်အထိ ကင်ညာကလေးငယ်တွေရဲ့ ရင်ထဲမှာတော့ ဟီဒါဘက်က ရှင်သန်နေဆဲပါပဲ။ ကလေးငယ်တစ်ယောက်ကို ကူညီပေးခဲ့တဲ့ ဟီဒါဘက်ကြောင့် ကလေးငယ်ပေါင်းများစွာရဲ့ ဘဝက အပြောင်းအလဲ ဖြစ်ခဲ့ပါပြီ။

ဒါကြောင့်လည်း အမ်ဘူရူက ” ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်ဖို့ မလိုပါဘူး။ တခါတရံမှာ ကလေးငယ်တစ်ယောက်ကို ကူညီပေးရုံနဲ့ လုံလောက်ပါပြီ”လို့ ပြောခဲ့တာပါ။

Ref: She saved a stranger’s child with $15, Chris Mburu,Hilde Back

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top