ရေခဲမုန့်လာစားသူ ကောင်လေး

ice.jpg

အသက် ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက် ကော်ဖီဆိုင်ထဲဝင်လာပြီး စားပွဲတစ်ခုမှာ ထိုင်လိုက်တော့ စားပွဲထိုးအမျိုးသမီးက ရေတစ်ခွက် လာချပေးတယ်။

“ရေခဲမုန့် ဆန်ဒေး (Sundae) တစ်ခွက် ဘယ်လောက်လဲ ခင်ဗျာ” လို့ ကောင်လေးက မေးလိုက်တယ်။

“၅၀ ဆင့်” လို့ အမျိုးသမီးက ပြန်ဖြေတယ်။

ကောင်လေးက အိတ်ထဲက အကြွေစေ့လေးတွေကို ထုတ်ပြီး သေသေချာချာ ရေကြည့်တယ်။ ပြီးတော့ ပြန်မေးတယ်…

“ဒါဆို ရိုးရိုးရေခဲမုန့် တစ်ပန်းကန်ကော ဘယ်လောက်လဲခင်ဗျာ”

စားသုံးသူ များနေတဲ့အချိန်ဖြစ်လို့ စားပွဲထိုးအမျိုးသမီးက နည်းနည်းစိတ်မရှည်ချင်တော့ဘူး။

“၃၅ ဆင့်” လို့ ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်တယ်။

ကောင်လေးက အကြွေစေ့လေးတွေကို နောက်တကြိမ် ထပ်ရေကြည့်ပြီး… “ဒါဆို ကျွန်တော့်ကို ရိုးရိုးရေခဲမုန့်ပဲ ပေးပါ” လို့ ပြောလိုက်တယ်။

စားပွဲထိုးအမျိုးသမီးက ရေခဲမုန့်လာချပေးတယ်၊ ကျသင့်ငွေစာရွက်ကို စားပွဲပေါ်တင်ပြီး ခပ်တည်တည်ပဲ လှည့်ထွက်သွားခဲ့တယ်။ ကောင်လေးက ရေခဲမုန့်ကို အကုန်စား၊ ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေ ထွက်သွားတယ်။

ခဏနေတော့ စားပွဲထိုးအမျိုးသမီးက စားပွဲကို လာသုတ်တဲ့အချိန်မှာ… မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ရင်ကို စူးခနဲ ဖြစ်သွားစေတယ်။

ဘာလို့လဲဆိုတော့… ပြောင်စင်နေတဲ့ ရေခဲမုန့်ပန်းကန်ရဲ့ ဘေးမှာ ကောင်လေးက ၁၅ ဆင့်ကို သေသေသပ်သပ်လေး တင်ထားပေးခဲ့လို့ပါပဲ။ အဲ့ဒါကတော့ စားပွဲထိုးအမျိုးသမီးအတွက် သူပေးခဲ့တဲ့ “မုန့်ဖိုး (Tip) ပါ” ။

ကောင်လေးဟာ သူ စားချင်တဲ့ ဆန်ဒေးရေခဲမုန့်ကို စားဖို့ ၅၀ ဆင့် ရှိပေမဲ့ သူ့ကို ဝန်ဆောင်မှုပေးတဲ့ စားပွဲထိုးမလေးကို မုန့်ဖိုးပေးဖို့ ဦးစားပေး စဉ်းစားခဲ့တာပါ။

ဒီအဖြစ်အပျက်မှာ တွေးစရာတစ်ခုကတော့

ကျွန်တော်တို့ဟာ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ဖို့ အရမ်းလွယ်ကြတယ်။ တကယ်တော့ ကျွန်တော်တို့ အထင်အသေးဆုံး လူတစ်ယောက်ဟာ ကျွန်တော်တို့အပေါ်မှာ စာနာမှုအရှိဆုံး၊ စေတနာ အထားဆုံးလူလည်း ဖြစ်နေတတ်ပါတယ်။

Ref: The Boy And The Ice Cream

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top