၁၉၃၈ ခုနှစ်၊ ဂျော်ဂျီယာပြည်နယ်။ စီးပွားပျက်ကပ်ကြီး ဖြစ်နေချိန်။
ဘဏ်မရှိ၊ စာတိုက်မရှိ၊ ဆရာဝန်လည်း မရှိတဲ့ ရက်ဒ်ဟေးလ် (Red Hill) ဆိုတဲ့ မြို့လေးဟာ မြေပုံအများစုပေါ်မှာလည်း ရှိမနေပါဘူး။ လူမည်းလယ်သမား မိသားစုတွေ၊ သီးစားချန်လယ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေ စုဝေးနေထိုင်ရာ ရက်ဒ်ဟေးလ်မြို့လေးမှာ ကုန်စုံဆိုင်လေး တစ်ဆိုင်တော့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟက်တီ ပီ (Hattie P.) လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်က ဆိုင်ဖွင့်ထားလို့ပါပဲ။
Southern Oral History Program က ကောက်ယူထားတဲ့ နှုတ်ရာဇဝင် မှတ်တမ်းတွေအရ ဟက်တီဟာ ကုန်စုံဆိုင်ကို စတင်ဖွင့်လှစ်ချိန်မှာ အသက် ၄၂ နှစ် ရှိနေပါပြီ။ သူဟာ စားဖိုမှူး၊ အဝတ်လျှော်သည်၊ တောင်သူအဖြစ် နှစ်ပေါင်း ၂၀ တိုင်တိုင် ကြိုးစားပမ်းစား စုဆောင်းခဲ့ရတဲ့ အမေရိကန်ဒေါ်လာ ၅၀ နဲ့ ဆိုင်ကို စတင်ခဲ့တာပါ။ သစ်သားအဆောက်အအုံလေးတစ်ခုကို ဝယ်ယူခဲ့ပြီး ဂျုံမှုန့်၊ သကြား၊ ဆား၊ စင်ပေါ်က စာဘူးခွံဘူးတွေနဲ့ ကော်ဖီ စတာတွေကို ဆိုင်မှာ တင်ရောင်းခဲ့ပါတယ်။ ဟက်တီရဲ့ ဖောက်သည်တွေဟာ အလွန်ဆင်းရဲကြသူတွေဖြစ်လို့ အမြဲတမ်း လက်ငင်းမဝယ်နိုင်ကြပါဘူး။
ဟက်တီကတော့ သူတို့ လိုအပ်တာမှန်သမျှကို ယူခွင့်ပြုခဲ့ပါတယ်။ ပြီးရင် သူတို့ရဲ့ အမည်တွေကို စာရင်းစာအုပ်ထဲမှာ ရေးမှတ်ထားလိုက်ပါတယ်။ သူဟာ အကြွေးပေးဖို့ ဘယ်တော့မှ အတင်းအကျပ် မတောင်းဆိုခဲ့ပါဘူး။ စာရင်းထဲမှာ ရေးမှတ်ထားရုံသက်သက်ပါပဲ။ အဲဒီ စာရင်းစာအုပ်ကြီးဟာ တဖြည်းဖြည်း ကြီးမားလာခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ မိုးခေါင်ရေရှားမှုကြောင့် ဝါဂွမ်းသီးနှံတွေ အကုန်ပျက်စီးခဲ့ရပြီး၊ ရက်ဒ်ဟေးလ်မြို့က မိသားစုအများစုဟာ ၆ လတိုင်တိုင် ဝင်ငွေမရှိဘဲ ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ ဟက်တီကတော့ သူ့ဆိုင်ကို ဆက်ဖွင့်ထားခဲ့ပြီး စားစရာတွေကို အကြွေးနဲ့တင် မဟုတ်ဘဲ အလကားပါ ပေးခဲ့ပါတယ်။ “ကလေးတွေကို ငတ်မွတ်အောင် မထားနိုင်ပါဘူး၊ မိုးမရွာတာ ကလေးတွေရဲ့ အပြစ်မှ မဟုတ်တာ” လို့ သူက ပြောပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ ဟက်တီရဲ့ ဆိုင်လေးပိတ်သိမ်းခဲ့ရပြီး၊ အဲဒီအချိန်မှာ သူ့အသက် ၅၉ နှစ် ရှိနေပါပြီ။ သူစုဆောင်းထားတဲ့ ငွေကြေး သို့မဟုတ် ပင်စင်လစာလည်း မရှိတဲ့အတွက် အက်တလန်တာမြို့မှာရှိတဲ့ သူ့သမီးရဲ့အိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။
၁၉၇၂ ခုနှစ်မှာတော့ ဟက်တီ ကွယ်လွန်သွားပြီး သူ့ သေတ္တာအဟောင်းတစ်လုံးထဲကနေ အမည်ပေါင်း ၂၀၀ ကျော် ရေးမှတ်ထားတဲ့ အဲဒီစာရင်းစာအုပ်ကြီးကို ပြန်တွေ့ခဲ့ပါတယ်။ စာအုပ်ရဲ့ ရှေ့ဖုံးအတွင်းဘက်မှာ ဟက်တီ ရေးထားတာကတော့ “ကျွန်မအပေါ် ဘယ်သူမှ အကြွေးမတင်ပါဘူး။ ကျွန်မကသာ သူတို့ကို အကြွေးတင်ခဲ့တာပါ။ ကျွန်မ သူတို့ကို ကြင်နာမှုတွေ ပေးဆပ်ဖို့ အကြွေးတင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကျွန်မ အဲဒီအကြွေးတွေကို လုံလောက်အောင် ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီလို့ မျှော်လင့်မိပါတယ်”တဲ့။ ဟက်တီဟာ ငွေမချမ်းသာပေမဲ့ အကြင်နာနဲ့ ကိုယ်ချင်းစာတရား ချမ်းသာသူ ဖြစ်ခဲ့ပါတယ်။
Ref: Hattie P, Georgia, 1938. The Great Depression.
NZ (ရိုးရာလေး)

