အားကစားပစ္စည်းတွေရဲ့ ကုန်ကျစရိတ် ကြီးမြင့်မှုက လူငယ်တွေ အားကစားလုပ်ဖို့ အဟန့်အတားတစ်ရပ် ဖြစ်နေတာကို တိုက်ဖျက်နိုင်ဖို့ အမေရိကန်နိုင်ငံမှ စင်တာတစ်ခုက အားကစားပစ္စည်းတွေ အခမဲ့ ငှားရမ်းပေးလျက် ရှိပါတယ်။
အမေရိကန်နိုင်ငံမှာ လူငယ်တစ်ဦး အားကစားလုပ်ဖို့ ကုန်ကျစရိတ်ဟာ တစ်နှစ်ကို ဒေါ်လာ ၁၀၁၆ ဝန်းကျင်ရှိပြီး ဒီပမာဏဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ၄၆ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်မြို့မှာရှိတဲ့ ဘရွတ်ဖီးလ်ရပ်ကွက်ဟာ အခြားရပ်ကွက်တွေနဲ့ ယှဉ်ရင် ပန်းခြံတွေ၊ ကလေး ကစားကွင်းတွေနဲ့ အခြားရင်းမြစ်တွေ နည်းပါးလွန်းပြီး ကလေးအရေအတွက် များပြားနေပါတယ်။ အုတ်ကလန်မြို့ ပန်းဥယျာဉ်နဲ့ အပန်းဖြေနေရာများ ဌာနမှာ ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး မာရီဘယ်လိုပက်ဇ်က အဲဒီကွက်လပ်ကို ဖြည့်နိုင်ဖို့ ရန်ပုံငွေ ရှာဖွေခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ Park Play Lending Library ကို ဖွင့်လှစ်ခဲ့တာပါ။
Park Play Lending Library မှာ ဘောလုံး၊ ဘောလီဘော၊ ယောဂဖျာ၊ တင်းနစ် အစရှိတဲ့ အားကစားပစ္စည်းတွေကို အလှည့်ကျစနစ်နဲ့ အခမဲ့ ငှားရမ်းနိုင်ပါတယ်။ ဒါဟာ ကနဦးစီမံကိန်းတစ်ရပ်ဖြစ်ပြီး အောင်မြင်မှု ရခဲ့မယ်ဆိုရင်တော့ အုတ်ကလန်မြို့ထဲက ခရိုင်တစ်ခုစီမှာ အလားတူစင်တာတွေ ဖွင့်လှစ်သွားဖို့ ရှိပါတယ်။
Ref: Oakland kids can now borrow sports gear for free at this special library
NZ (ရိုးရာလေး)

