တရုတ်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးတီးဝိုင်းခေါင်းဆောင် ကျန့်ရှောင်ယင်က အသက် ၉၇ နှစ် ရှိပြီဖြစ်ပေမဲ့ ပရိသတ်တွေအတွက် ထူးချွန်ပြောင်မြောက်တဲ့ ဖျော်ဖြေမှုတွေကို ဆက်လက်ပေးစွမ်းနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက သူဟာ သူနေထိုင်ရာ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်၊ Xiamen မြို့မှာ “Carmen” အော်ပရာ ဇာတ်လမ်းကို တရုတ်ဘာသာစကားနဲ့ တင်ဆက်ရာမှာ တီးဝိုင်းကို ဦးဆောင်လမ်းညွှန်ခဲ့ပါတယ်။ အဲ့ဒီဖျော်ဖြေပွဲအတွက် လက်မှတ်တွေက အလွန်ရှားပါးပြီး ရယူဖို့ ခက်ခဲခဲ့သလို၊ ပရိသတ်တွေကလည်း သူ့ရဲ့သေသပ်လှပပြီး အမူအရာအပြည့်အဝပါဝင်တဲ့ တီးဝိုင်းဦးဆောင်မှုပုံစံကို အမြဲလိုပဲ အံ့ဩချီးကျူးခဲ့ကြပါတယ်။

ကျန့် ရဲ့ဘဝခရီးလမ်းမှာ ထူးခြားအံ့မခန်းပါပဲ။ ၁၉၂၉ ခုနှစ်က ရှန်ဟိုင်းမြို့မှာ မွေးဖွားခဲ့ပြီး အသက် ၆ နှစ်အရွယ်မှာ စန္ဒရား စတင်သင်ယူခဲ့ပါတယ်။ တက္ကသိုလ်တက်ရောက်စဉ်ကာလမှာ သူက နာမည်ကျော် Peking Union Medical College Hospital မှာ ဇီဝဗေဒနဲ့ ဆေးပညာကို ပြောင်းလဲသင်ယူခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၁၉ နှစ်အရွယ်မှာ “ယခင်က မမြင်ဖူးသေးတဲ့ ကမ္ဘာသစ်တစ်ခု” ကို ရှာဖွေဖို့အတွက် လွတ်မြောက်နယ်မြေကို ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မိခင်ဖြစ်သူရဲ့ လိုက်လံရှာဖွေမှုကို ရှောင်တိမ်းဖို့ သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပြီးနောက် နောက်ဆုံးမှာ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ကို ရောက်ရှိခဲ့ကာ အနုပညာသင်တန်းတစ်ခုမှာ ဝင်ရောက်သင်ယူခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ဂီတသံစဉ်နဲ့ စည်းချက်အပေါ် သူ့ရဲ့ထူးချွန်တဲ့အရည်အချင်းကို တွေ့ရှိခဲ့ကြပါတယ်။ အတန်းဖော်တွေက သူ့ကို သီချင်းဆိုနေစဉ် စည်းချက်လိုက်ပေးဖို့ အကြံပြုခဲ့ကြပါတယ်။
ကျန့် က တီးဝိုင်းခေါင်းဆောင်ခြင်းဆိုတာက အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုဖြစ်ကြောင်း မသိရှိခင်က ဂီတအဖွဲ့တစ်ခု ဖွဲ့စည်းကာ yangge အော်ပရာတွေကို ဖျော်ဖြေရာမှာ တီးဝိုင်းကို ဦးဆောင်လမ်းညွှန်ပေးခဲ့ပါတယ်။

၁၉၅၅ ခုနှစ်မှာ ဆိုဗီယက်ယူနီယံက ကျွမ်းကျင်ပညာရှင် Lenny Dumashev က တရုတ်နိုင်ငံရဲ့ ပထမဆုံးသော တီးဝိုင်းဦးဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ကျန့်က ရွေးချယ်ခံခဲ့ရပြီး အဲ့ဒီသင်တန်းရဲ့တစ်ဦးတည်းသော အမျိုးသမီး သင်တန်းသူ ဖြစ်လာခဲ့ပါတယ်။
ဗဟိုဂီတတက္ကသိုလ်က တီးဝိုင်းဦးဆောင်မှုဌာနကို ၁၉၅၆ ခုနှစ်တွင် တည်ထောင်ပြီးနောက် ကျန့်က ပထမဆုံး ဆရာမတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ သူ့ကို ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ကျန့်က ဆိုဗီယက်ပြည်ထောင်စုမော်စကို တူရိယာဇာတ်ရုံ (Soviet State Moscow Musical Theatre) မှာ Giacomo Puccini ရဲ့ “Tosca” အော်ပရာကို တီးဝိုင်းဦးဆောင်ပြီး နိုင်ငံတကာစင်မြင့်မှာ ပထမဆုံး ဖျော်ဖြေခဲ့တဲ့ တရုတ် တီးဝိုင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
၁၉၆၆ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ကြာမြင့်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုတော်လှန်ရေးကာလ (နိုင်ငံရေးနှင့် လူမှုရေး မငြိမ်မသက်မှုများ ပြည့်နှက်နေသည့် ဆယ်စုနှစ်တစ်ခု) အတွင်း ကျန့်က ပြစ်ဒဏ်ပေးခံရတဲ့အနေနဲ့ တရုတ် ပေကျင်းအော်ပရာအဖွဲ့ဆီ စေလွှတ်ခြင်း ခံခဲ့ရပါတယ်။

သူက တီးဝိုင်းခေါင်းဆောင်အသက်မွေးဝမ်းကျောင်းလမ်းကြောင်း အဆုံးသတ်သွားပြီလို့ ထင်မှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပေကျင်းအော်ပရာမှာ အသုံးပြုတဲ့ ဂေါင်းနှင့် ဒရမ်တူရိယာတွေကို တီးခတ်ကွပ်ကဲနည်းကို သင်ယူလေ့လာခြင်းဖြင့် သူ ကြုံတွေ့ရတဲ့ အခက်အခဲကို အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ ကျန့်ရဲ့ အရည်အချင်းကို လူအများက ပြန်လည်အသိအမှတ်ပြုလာကြပါတယ်။ အသက် ၄၉ နှစ်အရွယ်မှာ သူက တရုတ်အမျိုးသား အော်ပရာရုံရဲ့ အဓိက တီးဝိုင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
နှစ်များစွာကြာအောင် ကျန့်က Tosca၊ Carmen နဲ့ La Traviata လို အနောက်တိုင်း ဂန္ထဝင် အော်ပရာတွေကို တရုတ်ဘာသာစကားနဲ့ ဖန်တီးတင်ဆက်နိုင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ ကျန့်က ၁၉၉၇ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ကင်ဆာရောဂါ နှစ်ကြိမ်တိုင် ခံစားခဲ့ပေမဲ့ ရောဂါကုသမှု ခံယူနေစဉ်ကာလအတွင်းမှာလည်း ဖျော်ဖြေတင်ဆက်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
အခုဆို အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမဲ့ ကျန့် ကတစ်နေ့ကို ၁၀ နာရီခန့် အချိန်ပေးပြီး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဘာသာပြန်ခြင်း၊ တေးသွားများကို ပြန်လည်ပြင်ဆင်ခြင်းနဲ့ ကျောင်းသားတွေကို သင်ကြားပေးခြင်းတို့ကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
Ref: At 97, China’s first female conductor still performs in public, wowing audiences
WL (ရိုးရာလေး)

