၁၅ နှစ်ကြာ နိုင်ငံအနှံ့ ဆိုင်ကယ်စီးပြီး သားပျောက်ရှာပုံတော်ဖွင့်ခဲ့တဲ့ အမျိုးသားရဲ့ ပျော်ရွှင်စရာအဆုံးသတ်

22.3.2023-yyl-iamge-19.jpg

၂၀၁၅ ခုနှစ်က ဟောင်ကောင်ထိပ်တန်းမင်းသားကြီး အန်ဒီလောင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lost and Love ဇာတ်ကားဟာလူကုန်ကူးသူတွေရဲ့ဖမ်းဆီးခေါ်ဆောင်တာခံလိုက်ရတဲ့ သားဖြစ်သူကို ၁၅ နှစ်ကြာအောင် တရုတ်နိုင်ငံတစ်ဝှမ်း ဆိုင်ကယ်စီးပြီး ရှာဖွေခဲ့တဲ့ တရုတ်အမျိုးသား ကွေကန်တန်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးခဲ့တာပါ။

၁၉၉၇ ခုနှစ်က ကန်တန်ရဲ့ ၂ နှစ်သားလေး ကွေကျန့်ဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အဲ့ဒီအချိန်တုန်းက ကန်တန်ဟာ အသက် ၂၇ နှစ်ပါ။ နောက်တော့ တရုတ်နိုင်ငံတစ်ဝှမ်း ဆိုင်ကယ်စီးပြီး သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပါတော့တယ်။

ဒါပေမဲ့ ဆိုင်ကယ်နဲ့သားပျောက်ရှာပုံတော်ခရီးက ၁၅နှစ် ကျော်ကြာခဲ့တယ်။ တရုတ်နိုင်ငံတစ်ဝှမ်း ကီလိုမီတာ ၅၀၀၀၀၀ ခရီးနှင်ခဲ့ရပြီး ရှာဖွေတဲ့အတောအတွင်း ဆိုင်ကယ် ၁၀ စီး အပြောင်းအလဲလုပ်ခဲ့ရပေမဲ့ သူ့ရဲ့ရှာဖွေမှုက အချည်းနှီးဖြစ်ခဲ့ရတယ်။

၂၀၁၅ ခုနှစ်မှာ Lost And Love ဇာတ်ကားထွက်ရှိလာတော့ ကန်တန်ရဲ့သားပျောက်တဲ့အမှုအပြင် အခြားကလေးပြန်ပေးဆွဲတဲ့အမှုတွေကိုပါ လူစိတ်ဝင်စားမှုများလာခဲ့ပါတယ်။ ကန်တန်ရဲ့အားထုတ်မှုက အခြားမိသားစု ၇ စုကို သူတို့ရဲ့ပြန်ပေးဆွဲခံလိုက်ရတဲ့ကလေးတွေနဲ့ ပြန်ဆုံစည်းခွင့်ရဖို့ အကူအညီဖြစ်ခဲ့ပေမဲ့ သူ့သားကိုတော့ ရှာမတွေ့ခဲ့ပါဘူး။

ကံကောင်းထောက်မစွာနဲ့ ကန်တန်ရဲ့သားပျောက်ရှာပုံတော်ခရီးမှာ ပျော်ရွှင်စရာအဆုံးသတ်ရှိလာခဲ့ပါတယ်။ ၂၄ နှစ်အကြာ၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ကန်တန်ဟာ သူ့သားနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။ ကန်တန်ဟာ မတ်လ ၁၉ ရက်နေ့က သူ့သားဖြစ်သူရဲ့မင်္ဂလာပွဲကိုလည်း ဆင်နွှဲခဲ့ရပါတယ်။ Lost and Love ဇာတ်ကားထဲက ဗီဒီယိုအပိုင်းတိုလေးတွေကို မင်္ဂလာပွဲက ဖန်သားပြင်ထက်မှာ ဖွင့်ပြထားခဲ့ပါတယ်။

ကန်တန်ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ အန်ဒီလောင်ကလည်း ကန်တန်ရဲ့သားဖြစ်သူမင်္ဂလာပွဲအတွက် ကောင်းချီးပေးခဲ့ပါတယ်။ မင်္ဂလာပွဲကို မတက်ရောက်ခဲ့ပေမဲ့ ကန်တန်ကို ဇာတ်ကားထဲမှာ သူ အသုံးပြုခဲ့တဲ့ ယာဥ်မောင်းလိုင်စင်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ကန်တန်ကို အန်ဒီ စကားပါးခဲ့တာက “ကွေကန်တန် ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေကို ကျွန်တော်တို့သိကြပါတယ်။ ဒီပစ္စည်းက သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိပါတယ်။ ဒီနေ့ ကျွန်တော် ဒီလက်ဆောင် ပေးချင်ပါတယ်။ လာမယ့်နေ့ရက်တွေမှာ သာယာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်”တဲ့။

မင်္ဂလာပွဲကို မိတ်ဆွေသူငယ်ချင်းနဲ့ မိသားစုဝင်အပြင် ကန်တန်လို အဖြစ်မျိုးကြုံတွေ့ခဲ့ရဖူးတဲ့ အခြားမိဘတွေလည်း တက်ရောက်ခဲ့တာပါ။ မင်္ဂလာပွဲအတွင်း ကန်တန်က သားပျော်ရှာပုံတော်ဖွင့်ခဲ့တဲ့အချိန်ကို ပြန်တွေးတောမိရင်း “သားကို ခက်ခက်ခဲခဲရှာဖွေခဲ့ရကျိုးနပ်ခဲ့ပါတယ်။ အခု အရာအားလုံးက ပြီးပြည့်စုံနေပါပြီ” လို့ သူက ဆိုပါတယ်။

Ref: Andy Lau Played Real-Life Man Who Spent 24 Years Looking For His Kidnapped Son, The Man’s Son Just Got Married, And Andy Sent Them A Very Thoughtful Gift

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top