ရှေးဟောင်းပညာရှင်တွေက မြေအိုးထဲမှ အလွန်ရှားပါးတဲ့ ရွှေဒင်္ဂါးပြားတွေ တွေ့ရှိ

9.8.2024-yyl-1.jpg

မျက်မှောက်ခေတ် တူရကီနိုင်ငံမှာ ပါဝင်တဲ့ ရှေးဟောင်းမြို့ပြနိုင်ငံရဲ့ အပျက်အစီးတွေကြား တူးဖော်ရှာဖွေမှုလုပ်နေတဲ့ ရှေးဟောင်းပညာရှင်တွေဟာ မြေအိုးတစ်လုံးထဲကနေ ရွှေဒင်္ဂါးပြားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အာခေးမီနစ်ပါရှန်းအင်ပါယာခေတ် အိမ်တစ်လုံးဟာ (နှစ်ပေါင်း ၁၈၀ ဝန်းကျင်နောက်ကျတဲ့) ဟယ်လီနစ်စတစ် ကာလ အိမ်တစ်လုံးအောက်မှာ နစ်မြုပ်နေတာပါ။

” ပိုရှေးကျတဲ့ အဆောက်အအုံထောင့်မှာ ရွှေဒင်္ဂါးတွေ မြှုပ်ထားတာပါ” လို့ တူးဖော်ရှာဖွေရေးစီမံကိန်းကို ဦးဆောင်တဲ့ ရှေးဟောင်းပညာရှင် ဒေါက်တာခရစ္စတိုဖာရက်တေးက ဆိုပါတယ်။ ဒါရီယက်(၁)ဘုရင်ရဲ့ အမည်ကို အစွဲပြုပြီး အဲဒီခေတ်က ရွှေဒင်္ဂါးတွေကို ဒါရစ်လို့ အမည်ပေးထားပါတယ်။ ပါရှန်းဘာသာစကားမှာလည်း ရွှေဆိုတာကို ဒါရီလို့ ခေါ်ကြပါတယ်။

ဘီစီ ၅ ရာစုဝန်းကျင်က ဒီမြို့ပြနိုင်ငံမှာ အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေသလို ပါရှန်းတွေ၊ တခြားဂရိမျိုးနွယ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်ပါ။ အဲဒီအချိန်ကာလက အာရှမိုင်းနားဒေသရဲ့ စစ်တပ်တော်တော်များများမှာ ကြေးစားစစ်သားတွေ အဓိက နေရာယူထားပါတယ်။ ကြေးစားစစ်သားတွေက သူတို့ရတဲ့ အခကြေးငွေကို နောက်မှပြန်ဖော်ယူမယ်ဆိုတဲ့ အတွေးနဲ့ မြေအိုးထဲထည့်၊ မြေမြုပ်သိမ်းထားပုံပေါ်ပါတယ်။ ရွှေဒင်္ဂါးပြားတစ်ပြားဟာ တစ်လလုပ်ခ ဖြစ်ဖွယ်ရှိပါတယ်။

အထူး ဒီဇိုင်းဖန်တီးထားတဲ့ ဒင်္ဂါးပြားတွေဟာ အတိတ်ကာလကို သရုပ်ဖော်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပြီး အင်ပါယာတစ်ခု၊ နိုင်ငံတစ်နိုင်ငံရဲ့ အတက်၊ အကျကို ဖော်ညွှန်းပေးနိုင်စွမ်း ရှိပါတယ်။ အင်ပါယာပြည့်ရှင်တွေက သူတို့ကိုယ်သူတို့ ဘယ်လို ထင်ကြသလဲ၊ လူတွေက သူတို့ကို ဘယ်လိုမျိုး ထင်မြင်စေချင်သလဲဆိုတာ ဒင်္ဂါးပြားပေါ် ရိုက်နှိပ်ထားတဲ့ သရုပ်ဖော်ပုံတွေကနေ အဖြေရှာနိုင်ပါတယ်။

အလက်ဇန္ဒားက အာခေးမီနစ်အင်ပါယာကို သိမ်းပိုက်အောင်မြင်ခဲ့ပြီးနောက် ဒါးရစ်ရွှေဒင်္ဂါးတွေကို အကုန်သိမ်း၊ အရည်ကျိုပြီး သူ့မျက်နှာပုံ ရိုက်နှိက်မယ့် ဒင်္ဂါးပြားအသစ်တွေ သွန်းလောင်းကြဖို့ ညွှန်ကြားခဲ့တာကြောင့် ဒါးရစ်ရွှေဒင်္ဂါးပြားတွေဟာ အလွန်ရှားပါးတဲ့ ဒင်္ဂါးပြားတွေ ဖြစ်ပါတယ်။

Ref: Archaeologists Find Literal Pot of Gold, but it’s Not in Ireland
Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top