စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနအောက်ရှိ စင်ကာပူခရီးသွားဘုတ်အဖွဲ့(STB) ရဲ့ဦးဆောင်မှုနဲ့ပြုလုပ်မယ့် Singapore Festival 2020 – Garden Party ပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်တို့မှာ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ချင်းချောင်းနန်းတော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အခုလို အကောင်းဆုံးဥယျာဉ်ပွဲတော် ပါတီကြီးအဖြစ် ကျင်းပပြုလုပ်သွားမယ့် Singapore Festival 2020 ရဲ့ အကြိုမိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်၊ မွန်းလွဲ ၃ နာရီက ပွဲတော်ကျင်းပမယ့် ချင်းချောင်း နန်းတော်မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ စင်ကာပူနဲ့ မြန်မာက စာဖိုမှူးတွေ ဖန်တီးထားတဲ့ အစားအသောက်တွေ၊ ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ၊ အနုပညာရှင်တွေ ဖန်တီးထားတဲ့ Art Walk တွေ၊ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေကို ခင်းကျင်းပြသထားမယ့် Designers’ Market တွေ ပါဝင်မှာ ဖြစ်ပါတယ်။

”ဒီပွဲမှာ ပလပ်စတစ်အသုံးချမှုကို အနည်းဆုံးဖြစ်အောင် ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ် သောက်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ ပျော်စရာအချိန်တစ်ခုကို ဖန်တီးရင်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်တယ်ဆိုတာကို ပြသဖို့ပါ”လို့ STB ရဲ့ ဒါရိုက်တာ Mr. Soo Siew Keong က ပြောပါတယ်။ ပွဲတော်ကိုလာတဲ့ ပရိသတ်တွေအနေနဲ့ ဂီတအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကို နားဆင်တာ၊ ပျော်ပွဲစားသဖွယ် တည်ခင်းပေးထားတဲ့ အစားအသောက်တွေကို သုံးဆောင်တာတွေကို အပန်းဖြေအနားယူရင်း ပြုလုပ်နိုင်မှာ ဖြစ်တဲ့အပြင် အနုပညာလက်ရာ Art Walk အများအပြားကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။

”ဒီနှစ်မှာ Garden Party ပေါ့နော်၊ ပျော်ပွဲစားထွက်တဲ့ မိသားစုတွေအကုန်လုံး ပျော်ပွဲစားထွက်လို့ရအောင် အစီအစဉ်မျိုးနဲ့ ကျင်းပထားမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်၊ ညနေ ၃ နာရီကနေ ည ၁၀ နာရီထိ ကျင်းပမှာ ဖြစ်ပါတယ်”လို့ ပွဲစီစဉ်မှုတွင်ပါဝင်သူ မဖြူစင်က ပြောပါတယ်။

Singapore Festival ဟာ စင်ကာပူရဲ့ ထူးခြားတဲ့ကဏ္ဍအစုံအလင်ကို မြန်မာနိုင်ငံမှာ ခံစားမြည်းစမ်းနိုင်ဖို့ နှစ်စဉ်ကျင်းပတဲ့ပွဲတော်ဖြစ်ပြီးတော့ ဒီပွဲတော်ကို မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် အနုပညာကျောင်းတို့ကလည်း ကူညီပံ့ပိုးပေးထားပါတယ်။ အခုလိုပွဲတော်တွေက မြန်မာခရီးသွားတွေကို စင်ကာပူနိုင်ငံအကြောင်း လေ့လာသိရှိနိုင်စေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ အပန်းဖြေဖို့နဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာရည်ရွယ်ချက်တွေအတွက် မြန်မာလူမျိုး ၁၄၀၀၀၀ ကျော်က စင်ကာပူနိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)